/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 10, 2013

.

ပညာရေးဝန်ကြီးဌာနမှ တစ်လအတွင်း ပြန်လည်ရှင်းလင်းချက် မပေးပါက ဒေါ်စိုးစိုးခိုင်က သမ္မတထံ စာတင်မည်

ရှစ်လေးလုံး ငွေရတု အခမ်းအနားအကြို သတင်းစာရှင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်ဖြုတ်ခံရခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ကန့်ကွက် ကြောင်း သတင်းထုတ်ပြန်သည့်နေ့မှ တစ်လအတွင်း ပညာရေးဝန်ကြီးဌာနမှ အကြောင်းတစ်စုံတရာ ပြန်ကြားခြင်းမရှိပါက သမ္မတထံစာတင်သွားမည်ဟု ဒေါ်စိုးစိုးခိုင်က မဇ္ဈိမကိုပြောသည်။


ကန့်ကွက်စာကို သြဂုတ်လ ၃၁ရက်က ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)တို့မှ ဆရာ/ ဆရာမများ အသင်းများက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သြဂုတ် ၃၀ ရက်နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါဆရာမကို အလုပ်ထုတ်ပယ်ခြင်းနှင့် ပတ် သက်ပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်း များ ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

"ခုချိန်ထိတော့ ပညာရေးဝန်ကြီးဌာနက အလုပ်အတွက် ဘာမှအကြောင်းပြန်လာတာ၊ ဆက်သွယ်တာ မရှိသေးဘူး၊ အလုပ်ပြန်ရဖို့ထက် ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်မှာပါတဲ့ ခွင့်မဲ့ပျက်ကွက်တယ်ဆိုတဲ့ အချက်တွေက ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ပြန်လည်ဖြေရှင်းပေးစေလိုပါတယ်"ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

ထို့အပြင် သြဂုတ်လ ၂၅ရက်က ပျဉ်းမနားမြို့ ထောက်လှမ်းရေးက ဒေါ်စိုးစိုးခိုင်အား အသနားခံစားတင်ရန် အကြောင်းကြားခဲ့သော်လည်း တင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

"ကျွန်မဘက်က မမှားခဲ့လို့ အသနားခံစာကို မတင်ခဲ့ဘူး" ဟု ပြောသည်။

ဒဂုံတက္ကသိုလ်ဆရာ/ဆရာမများအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအာကာမိုးသူက "ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဲ့လုပ်ရပ်တွေကဒီမိုကရေစီလမ်းကြောင်းကို သွေဖယ်နေပါတယ်။ ဒေါ်စိုးစိုးခိုင် အလုပ်ရပ်ဆိုင်းခံရတဲ့ အဖြစ်က ပညာရေးလောကအတွက် တင်မကဘူး အစိုးရ၀န်ထမ်းအားလုံးကို ခြိမ်းခြောက်လိုက်တာပါပဲ"ဟု ဝေဖန်လိုက်သည်။

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ အလုပ်သမား ဥပေဒများနှင့်အညီ ဆောင်ရွက် ပေးရန် တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ILO(နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း)သို့ သြဂုတ်လ ပထမပတ်အတွင်း က ပေးပို့ထားပြီးဖြစ်သည်။

နေပြည်တော် ကောင်စီနယ်မြေ ၊ ဇဗ္မူသီရိ မြို့နယ် အ.ထ.က (၅) တွင် အလယ်တန်းပြ ရာထူးဖြင့် တာဝန် ထမ်းဆောင်နေသော ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၀ရက် မှ ၁၄ရက် အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ခွင့်ပြု ချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် သြဂုတ်လအတွင်းတွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

Credit : http://www.yeyintnge.com/2013/09/blog-post_7838.html#.Ui6J638R8YI

1 comment:

  1. နိုင်ငံရေးလုပ်ချင်ရင်အစိုးရဝန်ထမ်းက ထွက်ရမှာဘဲလေ ကိုယ့်ရဲ့လုပ်ရပ်ကဘာလဲဆိုတာဆန်းစစ်ဦးပေါ့

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။