/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 2, 2013

.

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက် နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။


“လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာ မိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြ တဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ ဦးလွန်ဇကပ် (ခ) ပန်ကျား (၄၆) နှစ်၏ နေအိမ်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အိန္ဒိယနိုင်ငံသားဖြစ်သော လမ်လ်ခန့်ခွာ (၂၅-နှစ်၊ ခင်ရန်ရွာ၊ ဆာနားပတီးမြို့နယ်၊ အိန္ဒိယနိုင်ငံ)၊ ပေါင်လင်းထန် (၂၄-နှစ်၊ မိုရေးမြို့၊ အိန္ဒိယနိုင်ငံ) နှင့် ရန်ရန်း (၃၁-နှစ်၊ ဖိုလ်ငိုတ်ရွာ၊ ချန်ဒယ်လ်ခရိုင်၊ အိန္ဒိယနိုင်ငံ) တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မဖြင့် ခမ်းပတ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊

၎င်းတို့သည် အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (Kuki National Army-KNA) မှ ခွဲထွက် လာသူများ ဖြစ်ပြီးပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် AK-47 သေနတ်တစ်လက်တို့ကို တမူးမြို့ မြို့မ (၁၄) ရပ်ကွက် ချောက်နက်ကြီးရွာတောစပ်ရှိ လူမနေသော တဲတစ်လုံးတွင် ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အမေရိကန် ပြည်ထောင်စုလုပ် RUGER (၉ ဒသမ မမ ပစ္စတိုတစ်လက်) နံပါတ်မထင်ရှား၊ ကျည်ကတ်တစ်ခု၊ AK-47 သေနတ်တစ်လက် (နံပါတ်-၂၈၆၃၉)၊ ကျည်အိတ်တစ်ခု၊ (၇.၆၂ထ၃၉) ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအမှုအတွက် တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၇၅/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံး စာရေးမတစ်ဦး၏ နေအိမ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသည့် သံသေတ္တာ ၁၀ လုံး တွေ့ရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း တမူးမှ ကလေးသို့ ဆိုင်ကယ်အတွင်း ပစ္စတိုလက်နက် သယ်ဆောင် မောင်းနှင်လာသူတစ်ဦးကို ခမ်းပတ်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်း များအရ သိရသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_7924.html#.UiQcVX8R8YI

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။