/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 9, 2013

.

လျှပ်စစ်မီတာခ ဈေးကြီးသဖြင့် ကျောက်ဖြူရွာ ၂၃ ရွာစုပေါင်း တောင်းဆိုမည်

မြန်မာနှင့်တရုတ် သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းမှ နေ့စဉ် ဓာတ်ငွေ့ကုဗပေသန်း ၂၀ ကို ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးရန် အစိုးရကခွဲတမ်းပေးထားသော်လည်း လျှပ်စစ် ဖြန့်ဖြူးရာတွင် ကျသင့်မည့် မီတာခမှာ ဈေးကြီးနေသဖြင့် ဒေသခံများက အစိုးရကို စုပေါင်း တောင်းဆို မည်ဟု ၎င်းတို့က ပြောသည်။


လျှပ်စစ်သုံးစွဲခမှာ အိမ်သုံးမီတာ၏ တစ်ယူနစ်လျင်ကျပ် ၃၅ နှင့် စီးပွားရေးလုပ်ငန်းသုံးမီတာ တစ်ယူနစ် လျှင် ကျပ် ၇၅ နှုန်း ကောက်ခံမည်ဖြစ်သဖြင့် ထိုဈေးနှုန်းကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုမည်ဟု ရွာ ၂၃ ရွာမှ ဒေသခံတစ်ထောင်ကျော်က စက်တင်ဘာ ၈ ရက်တွင် စည်းဝေးညှိနှိုင်းကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“လေးပေမီးချောင်း နှစ်ချောင်းထက်ပိုသုံးရင် ကွမ်းယာဆိုင်ပဲဖြစ်ဖြစ်၊ မုန့်တီဆိုင်ပဲဖြစ်ဖြစ် လုပ်ငန်းသုံး မီတာဈေးပေး ရမယ်လို့ ကြေညာထားတယ်။ ဒါကြောင့် ပါဝါမီတာသုံးစွဲတဲ့သူကိုပဲ ပါဝါမီတာဈေးကောက်ဖို့ အစိုးရကို တင်ပြပါမယ်” ဟုလည်း ကျောက်ဖြူလူမှုကွန်ရက်မှ ဦးထွန်းထွန်းနိုင်က မဇ္ဈိမကိုပြောသည်။

ဒေသခံများသည် ပြည်နယ်အစိုးရ၊ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့၊ ပြည်ထောင်စုအဆင့် လျှပ်စစ်ဝန်ကြီး ဌာန တို့ထံ စက်တင်ဘာ ၉ ရက်တွင် တောင်းဆိုစာများပေးပို့မည်ဟု ၎င်းတို့ကဆိုသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်မီတာအလုံးပေါင်း ၃၈၀၀ တပ်ဆင်ထားပြီး ထပ်မံလျှောက် ထား သူ ၂၅၀၀ ခန့်ရှိကြောင်း၊ အသစ်လျှောက်ထားသူများကို စက်တင်ဘာ ၁၅ ရက်မတိုင်မီ အပြီး တပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ မီတာတစ်လုံးလျှင် ကျပ် ၈၅၀၀၀ ကျော် ကျသင့်ကြောင်း အစိုးရ၏ သတင်းစာများတွင် ဖော်ပြထားသည်။

ကျောက်ဖြူမှ ကူမင်းသို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင် ၂၈ ရက်တွင် ဓာတ်ငွေ့များ တရားဝင် စတင်ပို့လွှတ်ခဲ့ရာ မြန်မာနိုင်ငံသည် ထိုပိုက်လိုင်းမှ ပို့လွှတ်သည့် ဓာတ်ငွေ့များအနက် နေ့စဉ် ကုဗပေသန်း ၁၀၀ ရရှိသည်။ ထိုဓာတ်ငွေ့များထဲမှ ကုဗပေသန်း ၂၀ ကို ကျောက်ဖြူ မြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် အစိုးရက ခွဲတမ်းပေးခဲ့သည်။

ထိုဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းသွားသည့် လမ်းတလျှောက်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သောရွာ ၂၃ ရွာမှ ဒေသခံများသည် လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ ဖြိုးရေးကို အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီးမှ ထိုရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သော်လည်း အခက်အခဲတချို့ ကျန်နေသေးခြင်းဖြစ်သည်။ လျှပ်စစ်မီးရရှိရေး ဒေသခံတို့ တောင်းဆိုစဉ်က ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို အာဏာပိုင်ကတရားစွဲထားသည်။

ကျောက်ဖြူမြို့တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင်များ တည်ဆောက်မည်ဖြစ်ပြီး ယင်းသို့ ဆောက် လုပ်ရန် နှစ်နှစ်ခန့်အချိန်ကြာမြင့်မည်ဖြစ်သည်။ အဆိုပါလျှပ်စစ်တာဘိုင်ပြီးစီးပါက အထူးစီးပွားရေးဇုံများ၊ ရေနက်ဆိပ်ကမ်းများ အတွက်ပင် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ကြေညာ ထားသည်။

Article source: http://www.mizzimaburmese.com/news/inside-burma/13895-2013-09-09-03-27-39.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။