/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 30, 2013

.

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပညာရေးကဏ္ဍ မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ သုံးစွဲမည်

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပညာရေးကဏ္ဍ မြှင့်တင်ရန်အတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ သုံး စွဲရန် လျာထားကြောင်း သြဂုတ် ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။


ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ အား အခမဲ့ မသင်မနေရ မူလတန်း ပညာရေးနှင့် ကျောင်းအပ်နှံနှုန်း၊ ကျောင်းနေမြဲနှုန်း ထိန်းသိမ်းမြှင့်တင်နိုင်ရန် အကျိုးဖြစ်ထွန်းစေမည့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်ဆုများ ပေးအပ်ခြင်း၊ စီမံခန့်ခွဲ့မှု အရည်အသွေး မြင့်မားစေရန်၊ မြန်မာဘာသာစကား တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍများ အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကမ်းလှမ်း လာခြင်းကို ညှိနှိုင်းပြီး တိုင်းဒေ သကြီးနှင့် ပြည်နယ်အားလုံးတွင် သုံးစွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးက ပြောကြား သည်။

ပညာရေး ၀န်ကြီးဌာန အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းကို တိုင်း ဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ကျေးလက်နှင့် ဝေးလံဒေသများရှိ ကျောင်းများ၊ ကျောင်းသူ ကျောင်း သားများ၏ ၂ ဒသမ ၅၀ ရာခိုင်နှုန်း အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ သဘောထား မှတ်ချက်ဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်များတွင်လည်း အမေရိကန်ဒေါ်လာ ၂၅ သန်းစီကို ကျေးလက်နှင့် ဝေးလံဒေသများ၏ ကျောင်းသူ ကျောင်းသားများ၏ ခုနစ် ရာခိုင်နှုန်းအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ကမ္ဘာ့ဘဏ်မှ ရရှိမည့် ချေးငွေများအား ပြန်လည်ပေးဆပ်ရန်မှာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၃၀ ဖြစ်ပြီး နှစ်၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ကာ ချေးငွေအတွက် အတိုးနှင့် ကတိခံကြေး ပေးချေရန် မလို ဘဲ ၀န်ဆောင်ခအဖြစ် တစ်နှစ်လျှင် ချေးငွေပမာဏ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကိုသာ ပေးချေရမည် ဖြစ် ကြောင်း ဒုတိယ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

ပညာရေး ကဏ္ဍအတွက် ချေးငွေရယူခြင်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ပညာရေး ကဏ္ဍ နိမ့်ကျနေသည့် အတွက် မူဝါဒနှင့် စနစ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ အခမဲ့ပညာရေး စနစ်တွေ အတွက် သုံးစွဲရန် လျာထားသည်မှာ ကောင်းမွန်ကြောင်း၊ ချေးငွေယူပြီး ဆောင်ရွက်ရန် သင့်၊ မ သင့် စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း၊ သုံးစွဲမည့် အစီအစဉ်များကို သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။