/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 29, 2013

.

ညွန့်ပေါင်း၊ ညွန့်ပေါင်းသီအိုရီ၊ ညွန့်ပေါင်းအစိုးရ

Coalition
ညွန့်ပေါင်း

ဘုံရန်သူကို ရင်ဆိုင်ရန် အပြိုင်နိုင်ငံရေးအဖွဲ့များ အုပ်စုဖွဲ့ခြင်းကို ညွန့်ပေါင်းဖွဲ့သည်ဟု ခေါ်ဆိုသည်။ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ပြီးလျှင် သဘောမတူသည်များကို သီးသန့်ဖယ်ထားပြီး သဘောတူသည်များကို ပူးပေါင်း လုပ်ကိုင်ကြသည်။ အထူးသဖြင့် ရည်မှန်းချက်ပန်းတိုင်တူလျှင် ညွန့်ပေါင်းဖွဲ့၍ ရသည်။ သို့သော် ယနေ့ ခေတ် ပါလီမန်များ၌ နိုင်ငံရေးပါတီ တစ်ပါတီတည်းက အများစုမဲမရရှိလျှင် အခြားပါတီများနှင့် ညှိနှိုင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့လေ့ရှိသည်။ နှစ်ပါတီ သို့မဟုတ် နှစ်ပါတီထက်ပိုသော ပါတီများဖြင့် ညွန့်ပေါင်းအစိုးရ (Coalition government) ဖွဲ့စည်းခြင်းဖြစ်သည်။ ညွန့်ပေါင်းအစိုးရတွင် ၀န်ကြီးရာထူးများကို ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီများက ခွဲတမ်းအချိုးအစားအလိုက် ဝေခြမ်းယူကြသည်။


ညွန့်ပေါင်းအစိုးရများအနက် အချို့သည် ကာလသက်တမ်း ရှည်သည်။ နောက်ထပ် ရွေးကောက်ပွဲတစ်ခု ကျင်းပချိန်တွင် ပါတီတစ်ပါတီတည်းက အများစု မဲရပြီး နိုင်သွားလျှင်ကား ညွန့်ပေါင်းဖွဲ့စရာ မလိုတော့ဘဲ ပျက်ပြယ် သွားသည်။

ဗြိတိန်နိုင်ငံတွင် လစ်ဘရယ် ဒီမိုကရက်များသည် ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီကဲ့သို့ အားကောင်း သော ပါတီကြီးမဟုတ်၍ လစ်ဘရယ်ဒီမိုကရက်များအနေဖြင့် အစိုးရထဲ ပါဝင်နိုင်ဖို့မှာ ကွန်ဆာဗေးတစ် ပါတီနှင့် လေဘာပါတီတို့ လွတ်လွတ်ကျွတ်ကျွတ် အများစု မဲမရကြသည့် အချိန်၌သာ ဖြစ်နိုင်သည်။ ပါတီကြီးတစ်ခုသည် အများစုမဲရရှိရန် အမတ်နေရာ ၁၀ နေရာခန့် လိုနေသည်ဆိုပါက အမတ်နေရာ ၁၅ နေရာခန့် လက်ကိုင်ရှိထားသော ပါတီငယ်မှ ခေါင်းဆောင်ကို ၀န်ကြီးရာထူးပေး၍ ညွန့်ပေါင်းဖွဲ့ လေ့ရှိ သည်။

သြစတြေးလျမှ နေရှင်နယ်ပါတီ၊ ဂျာမနီမှ ဖရီးဒီမိုကရက်တစ်ပါတီတို့သည် တစ်ပါတီချင်းအနေဖြင့် ပြည်လုံးကျွတ်ရွေးကောက်ပွဲ အနိုင်ရရှိရန် ခဲယဉ်းသည်။ သို့သော် လွှတ်တော်တွင် အမတ်ဦးရေ ထက်ဝက် ကျော် အင်အားမရရှိခဲ့သော ပါတီကြီးများက ယင်းပါတီများ၏ အင်အားကိုရယူကာ ညွန့်ပေါင်းအစိုးရ ဖွဲ့သောအခါ ယင်းပါတီများသည် အစိုးရအဖွဲ့တွင် ပါဝင်လာကြသည်။။

အနောက်ဂျာမနီနိုင်ငံသည် ၁၉၆၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ဆိုရှယ်ဒီမိုကရက် (ပါတီကြီး) နှင့် ဖရီးဒီမိုကရက် (ပါတီငယ်) ညွန့်ပေါင်းအစိုးရအောက်တွင် ရှိခဲ့သည်။ ယင်း ညွန့်ပေါင်းသည် တော်ရုံနှင့် ပျက်ပြားဖွယ်မရှိဘဲ ကြာရှည်ခံမည်ဟု အများက ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် ဖရီးဒီမိုကရက်များက စတင်၍ ညွန့်ပေါင်းထဲမှ ထွက်သွားသည်။ ထို့နောက် ခရစ်ယာန်ဒီမိုကရက် (ပါတီကြီး) နှင့် ဖရီးဒီမိုကရက်တို့ ပူးပေါင်းပြီး ညွန့်ပေါင်းဖွဲ့ခဲ့ရာ လက်ရှိ (၂၀၀၆) အနေအထားတွင် ဂျာမနီနိုင်ငံကို ယင်းညွန့်ပေါင်းက အုပ်ချုပ်လျက်ရှိသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဘုံရန်သူ နာဇီဂျာမန်ကို တိုက်ခိုက်ရန် ဗြိတိန်၊ ဆိုဗီယက်၊ အမေရိကန်တို့ ညွန့်ပေါင်း ဖွဲ့ခဲ့ကြသည်မှာလည်း ထင်ရှားသော Coalition နမူနာတစ်ခု ဖြစ်သည်။ ထို့အတူ ဒုတိယကမ္ဘာစစ်ပြီးခေတ် NATO နှင့် Warsaw Pact စာချုပ်အဖွဲ့များသည်လည်း ညွန့်ပေါင်းပုံစံများပင် ဖြစ်သည်။

စစ်ပြီးခေတ် အင်အားချိန်ခွင်လျှာ (Balance of Power) နိုင်ငံတကာဆက်ဆံရေးတွင် အစပထမ၌ နေတိုးနှင့် ၀ါဆောကဲ့သို့သော ညွန့်ပေါင်းမဟာမိတ်အဖွဲ့များသည် အိုင်ဒီယော်လော်ဂျီ (နိုင်ငံရေး သဘောတရားများ) ပေါ်တွင် အခြေခံ၍ ဖွဲ့စည်းခဲ့သည်။ ၀ါဆောအုပ်စုသည် ဆိုရှယ်လစ်အုပ်စု ဖြစ်သည်။ နေတိုးသည် လစ်ဘရယ်ဒီမိုကရေစီ အုပ်စုဖြစ်သည်။ သို့ရာတွင် နောက်ပိုင်း၌ (ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယားအကွဲ၊ တရုတ် ဆိုဗီယက်အကွဲတို့ အပြီး၌) အိုင်ဒီယော်လော်ဂျီ အတားအဆီးများကို ရှေ့တန်းမတင်ဘဲ အမျိုးသားရေး အကျိုးစီးပွားကို ဦးစားပေးသော နိုင်ငံတကာ ဆက်ဆံရေးပုံစံများ ဖြစ်ပေါ်လာသည်။ အမေရိကန်သည် တရုတ် (တိုင်ပေ) ကို ဘေးဖယ်ထားခဲ့ပြီး တရုတ်ပြည်မကြီးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်လာသည်။ ထိုအခါ အယူဝါဒရေးရာ ညွန့်ပေါင်းပုံစံ ပျက်သွားပြီး အကျိုးစီးပွားကို ရှေ့တန်းတင်သော ညွန့်ပေါင်းပုံစံများ တစ်ခေတ်ဆန်းလာခဲ့သည်။

[မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်၊ သင်းစာပေ၊ ပထမအကြိမ်၊ ဇွန်၊ ၂၀၁၁၊ စာ ၇၆-၇၈]

Coalition Theory
ညွန့်ပေါင်း သီအိုရီ

ဂိမ်းသီအိုရီကို အသုံးချ၍ ညွန့်ပေါင်းဖွဲ့စည်းရာ၌ တွက်ချက်ကျင့်သုံးမှု ဖြစ်သည်။ ညွန့်ပေါင်းသီအိုရီကို အသုံးချသော အခြေခံနယ်ပယ်နှစ်ခု ရှိသည်။ ပါလီမန်တွင် လူနည်းစုပါတီများ ညွန့်ပေါင်းဖွဲ့စည်းပြီး အစိုးရ တာဝန်ယူခြင်းနှင့် နိုင်ငံများအကြား စစ်ရေးနှင့် သံတမန်ရေး မဟာမိတ်ဖွဲ့ပြီး ညွန့်ပေါင်းအုပ်စု ထူထောင်ခြင်းဖြစ်သည်။ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အဖွဲ့များ ပေါင်းစည်းပြီး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ညွန့်ပေါင်းသီအိုရီကို အသုံးပြုလေ့ရှိသည်။

ပါလီမန်တစ်ခုတွင် အစိုးရဖွဲ့နိုင်ရန် အမတ်နေရာ ၇၀ လိုအပ်သည် ဆိုပါစို့။ နိုင်ငံရေးပါတီ A,B,C,D ဟူ၍ လေးပါတီရှိသည်။ နိုင်ငံရေးသဘောတရားအရ လက်ဝဲ၊ လက်ယာ ရောင်စုံပါဝင်ကြသည်။ လေးပါတီက အသီးသီး ရရှိထားသော အမတ်ဦးရေ စာရင်းမှာ A ၅၀၊ B ၄၀၊ C ၁၀ နေရာ အသီးသီးဖြစ်၏။

သို့ဆိုလျှင် ၂ ပါတီ ညွန့်ပေါင်းဖွဲ့လိုက်ပါက A ၅၀ နှင့် B ၄၀ ပေါင်းပြီးဖွဲ့လိုက်လျှင် အမတ် ၉၀ အင်အားရပြီး အစိုးရဖွဲ့နိုင်သည်။ (ခြွင်းချက်မှာ နိုင်ငံရေးအယူဝါဒအရ ဆန့်ကျင်မှု ရှိ မရှိ။)

၃ ပါတီ ညွန့်ပေါင်းအဖြစ် B ၄၀ + C ၂၀ + D ၁၀ ဖွဲ့လျှင်လည်း အမတ် ၇၀ အင်အားရပြီး အစိုးရ ဖွဲ့နိုင်မည်။

A နှင့် C ပေါင်းလျှင် ရမည်ဖြစ်သော်လည်း နိုင်ငံရေးအရ လက်ဝဲနှင့် လက်ယာဖြစ်နေလျှင် ညွန့်ပေါင်း မဖွဲ့နိုင်ပြန်ချေ။

သို့မဟုတ်ဘဲ လေးပါတီ ညွန့်ပေါင်းဖွဲ့လျှင် အမတ်အင်အား ၁၂၀ ရှိမည်ဖြစ်သော်လည်း ညွန့်ပေါင်းထုံးစံ တွင် ထိုသို့ ဖွဲ့စည်းလေ့မရှိ။ ခွဲတမ်းပေးရသည်မှာ များသွားပြီး ရာထူး အဝေမတည့်၍ မကျေနပ်မှုများ ဖြစ်လာတတ်သည်။ ယင်းပုံစံတွင် ပါတီတစ်ခုခုက နုတ်ထွက်သွားခြင်းကြောင့်လည်း ညွန့်ပေါင်း၏ သဘောသဘာဝမှာ မဖွဲ့လျှင်မဖြစ်၍ ဖွဲ့ရခြင်းဖြစ်သည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျားကန်ထားသည့် အနေအထားမျိုး ဖြစ်နေရသည်။

[မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်၊ သင်းစာပေ၊ ပထမအကြိမ်၊ ဇွန်၊ ၂၀၁၁၊ စာ ၇၈-၇၉]

ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံပါတီများ

ပါလီမန်စနစ်တွင် ပါတီစုံစနစ်ကို ကျင့်သုံးသောကြောင့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများစွာ ၀င်ရောက် ယှဉ်ပြိုင်ရသည်။ ထိုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာကို ရရှိ အနိုင်ယူ သည့် နိုင်ငံရေးပါတီများက အစိုးရကို ဖွဲ့စည်း၍ အုပ်ချုပ်ရေးအာဏာများကို ကိုင်တွယ်ကျင့်သုံး ရသည်။ သို့ရာ၌ ပါလီမန်စနစ်တွင် ဖြစ်လေ့ဖြစ်ထရှိသော အချက်တစ်ခုမှာ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ခုတည်းက အပြတ်အသတ် အနိုင်မရဘဲ အစိုးရ ဖွဲ့နိုင်လောက်သည့် လွှတ်တော် ကိုယ်စားလှယ်အင်အား မရရှိခြင်းပင် ဖြစ်သည်။ ထိုအခါမျိုးတွင် ပါတီတစ်ခုတည်းအနေဖြင့် အစိုးရ ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ မိမိတို့နှင့် ပေါ်လစီချင်းတူညီသည့် အခြားပါတီများနှင့် ပူးပေါင်း၍ အစိုးရကို ဖွဲ့စည်းကြသည်။ ထိုသို့ ပါတီတစ်ခုတည်းဖြင့် မဟုတ်ဘဲ နီးစပ်ရာပါတီများ ပူးပေါင်း၍ ဖွဲ့စည်းသော အစိုးရကို "ညွန့်ပေါင်းအစိုးရ" ဟု ခေါ်သည်။

ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ တချို့တွင်သာ အနိုင်ရရှိပြီး အစိုးရလည်း မဖွဲ့နိုင်၊ ညွန့်ပေါင်းအစိုးရတွင်လည်း ပါဝင်ခြင်းမရှိသော နိုင်ငံရေးပါတီများသည် လွှတ်တော်ထဲတွင် အတိုက်အခံ ပါတီများအဖြစ် ရပ်တည်ရသည်။ ဒီမိုကရေစီစနစ်တွင် ညွန့်ပေါင်းအစိုးရများ ဖွဲ့စည်းခြင်းနှင့် အတိုက်အခံ ပါတီများ ရှိနေခြင်းသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ ညွန့်ပေါင်း အစိုးရနှင့် အတိုက်အခံပါတီများ ရှိခြင်းအားဖြင့် -

အနိုင်ရနိုင်ငံရေးပါတီက သူတို့၏ ပေါ်လစီနှင့် လမ်းစဉ်များကို တစ်ဖက်သတ် ချမှတ်အကောင်အထည် ဖော်ခြင်း မရှိဘဲ ညွန်ပေါင်းအစိုးရတွင် ပါဝင်သော အခြားနိုင်ငံရေးပါတီများ၏ ပေါ်လစီနှင့် လမ်းစဉ်များ ကိုပါ ထည့်သွင်း အကောင်အထည်ဖော်ရသောကြောင့် အစိုးရအတွင်း ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေးအယူလုပ်ခြင်း ဖြစ်ပေါ်နိုင်သည်။

ထိုသို့ ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေးအယူလုပ်ခြင်းများ ဖြစ်ပေါ်သောကြောင့် အစွန်းရောက်ဝါဒနှင့် တယူသန် အစိုးရများကို ရှောင်ရှားနိုင်သည်။

အတိုက်အခံနိုင်ငံရေးပါတီများ ရှိခြင်းအားဖြင့် အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်များ၊ ပေါ်လစီများကို လွှတ်တော်အတွင်း ပွင့်လင်းစွာ ဝေဖန်သုံးသပ်ခြင်းများ၊ ဆွေးနွေးငြင်းခုံခြင်းနှင့် ဟန့်တားခြင်းများ ပြုလုပ် နိုင် သည်။

ထိုသို့ လွှတ်တော်အတွင်း ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်းများကို အတိုက်အခံ နိုင်ငံရေးပါတီများက ပြုလုပ် သောကြောင့် အနိုင်ရ နိုင်ငံရေးပါတီ၏ ပေါ်လစီနှင့် လုပ်ငန်းစဉ်များ ပြည်သူလူထုအတွက် အကျိုးမရှိဟု ယူဆပါက ဆန့်ကျင်၊ ကန့်ကွက်၊ ပယ်ဖျက် သွားနိုင်သည်။

လွှတ်တော်အတွင်း အစိုးရနှင့် အတိုက်အခံပါတီများ၊ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ဝေဖန်ဆွေးနွေး ငြင်းခုန် ခြင်းကြောင့် မည်သူမှန်သည်၊ မည်သူမှားသည်၊ မည်သည့်ပေါ်လစီက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပို၍ အကျိုးရှိနိုင်သည်ဟူသော အချက်များကို ပြည်သူလူထု တစ်ရပ်လုံး နားလည်သဘောပေါက်နိုင်သည်။

အစိုးရပေါ်လစီများ၊ လုပ်ဆောင်ချက်များနှင့် စီမံကိန်းများကို လက်တွေ့အကောင်အထည် မဖော်ခင် လွှတ်တော်အတွင်း အတိုက်အခံပါတီများက မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးဝေဖန်ခြင်းများ ပြုလုပ်ရသော ကြောင့် အစိုးရတစ်ရပ်အနေဖြင့် ထိုလုပ်ဆောင်ချက်များအပေါ် ပွင့်လင်းမှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုများ ပိုရှိ၍ ပိုမိုများပြား ထွန်းကားလာနိုင်သည်။

[ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေစီ ကျင့်စဉ်တရားများ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ် ပညာပေးစာစဉ် အမှတ်-၁၊ Burma Centre for Ethnic Studies၊ ပထမအကြိမ်၊ သြဂုတ် ၂၀၁၂၊ ချင်းမိုင်၊ဒုတိယအကြိမ်၊ အောက်တိုဘာ၊ ၂၀၁၂၊ အိုင်ဇောလ်၊ မီဇိုရမ်၊ တတိယအကြိမ်၊ အောက်တိုဘာ၊ ၂၀၁၂၊ ချင်းမိုင်၊ စာ ၅၀-၅၂]

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။