/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 14, 2013

.

ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို ဦးဝီရသူ တင်သွင်း

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့် ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို နိုင်ငံတော်သြဝါဒ ဓမ္မစရိယ ဆရာတော်ကြီးများ ဦးဆောင်ပါဝင်နေသော သံဃာအစည်းအဝေးတခုတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တင်သွင်း ခဲ့သည်။


ယနေ့ မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်သြဝါဒဓမ္မစရိယ ဆရာတော် ဘန္ဒန္တတိလောကာဘိဝံသ (ဗန်းမော်ဆရာတော်) ကြီးမှူးပြီး သံဃာ အပါး၂၀၀ တက်ရောက်နေသည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပြင်ပမီဒီယာများနှင့် အချို့ သောမီဒီယာများတွင် အကြမ်းဖက်သူများ သဘောမျိုးဖော်ပြနေခြင်းအပေါ် တုန့် ပြန်ဖြေရှင်းရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရှုသာ ဘာသာတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုရန် ရည်ရွယ်ကျင်းပရာ အစည်းအဝေးတွင် ဦးဝီရသူက “အမျိုးစောင့်ဥပဒေ”ဟု ခေါ်ဆိုသော အဆိုပါ စာတမ်းတစောင်ကို ထုတ်ပြန်တင်ပြသွားခဲ့သည်။

မည်သည့်ဘာသာဝင်မဆို ဘာသာခြား၊ လူမျိုးခြားဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့ မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့်သာ လက်မှတ်ရေးထိုး လက်ထပ်ရမည်ဟု ယင်းဥပဒေ မူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ဥပဒေကို ပြည်တွင်းမှ ဥပဒေပညာရှင်များဖြင့် ပူးပေါင်းကာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ကို အတုယူရေးဆွဲထားသည်ဟု ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုသည်။

“ဥပဒေကို အသက်ဝင်အောင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို စာပို့မယ်။ ဒီလမကုန်ခင် တနိုင်ငံလုံးမှာ သဘောထား စစ်တမ်းကောက်မယ်။ လွှတ်တော်မှာ တရားဝင် တင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးထားပြီးပြီ” ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ယူထားသည့် ဆရာတော်ဓမ္မပီယက မိန့်သည်။

အထက်ပါ ဥပဒေအကြောင်းအချက်များကို မလိုက်နာဘဲ လက်ထပ်ပေါင်းသင်းသူကို ထောင်ဒဏ်၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုး သမီးအား ပေးရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မများနှင့် သီးခြား အရေးယူ အပြစ်ပေးရမည်ဖြစ်ကြောင်း မူကြမ်း တွင် ထည့်သွင်းရေးဆွဲထားသည်။

သို့သော် ဥပဒေသည် ဗုဒ္ဓဘာာသာဝင်အမျိုးသမီးများသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် ထည့်သွင်း ရေးဆွဲ မထားဘဲ ၎င်းတို့အနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးကို မဆို လက်ထပ်ခွင့်ရှိမည်ဟု ဆိုသည်။

“ဗုဒ္ဓဘာသာ အမျိုးသားတွေက ဘာသာခြား အမျိုးသမီးနဲ့ လက်ထပ်ခွင့်ရှိမယ်။ သူတို့တွေမှာက ဘာသာ ရေးနဲ့ ပတ်သက်ပြီး ပြဿနာ သိပ်မဖြစ်ကြတော့ သူတို့အတွက် ဥပဒေမပါဘူး။ ကာကွယ်စရာမလိုဘူး”ဟု ဦးဝီရသူက မိန့်သည်။

ယခု သံဃာ စုဝေးပွဲကို မနက်ဖြန် ဇွန်လ ၁၄ ရက်တွင်လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။

From:ဧရာဝတီ

3 comments:

  1. သို့
    ဦးဝီရသူ
    ကျွန်တော် မသိတာရှိ၍ မေးခွင့်ပြုပါ။
    ကျွန်တော်သည် ကရင်လူမျိုး ခရစ်ယာန်
    ဘာသာဝင်ဖြစ်ပါသည်။ ကျွန်တော်၏
    ချစ်သူ မိန်းကလေးမှာ ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်
    ကလေးဖြစ်ပါသည်။ လာမည့်နှစ်အတွင်း လက်ထပ်
    ထိမ်းမြား မင်္ဂလာဆောင်ကြရန် ကျွန်တော်နှစ်ဦးနှင့်
    နှစ်ဘက်မိဘများ သဘောတူညီ အစီအစဉ်
    ရေးဆွဲ ထားကြပြီး ဖြစ်ပါသည်။ ကျွန်တော်တို့
    ချစ်သူ နှစ်ဦးမှာ အရမ်းပျော်ရွှင် စိတ်လှုပ်ရှားစွာ
    ဖြင့် ထိုအချိန်ကို ကြိုလင့်နေကြပါသည်။
    သို့သော် မမျှော်လင့်ဘဲ ဦးဝီရသူ၏ ဘာသာခြား
    အမျိုးသားများနှင့်ဆိုင်သည့် အမျိုးစောင့် ဥပဒေ
    မူကြမ်းကို တင်သွင်းလာခြင်းကြောင့် ထိုဥပဒေ
    မူကြမ်းအား အတည်ပြုလိုက်လျှင် ကျွန်တော့်မှာ
ု ချစ်သူရော နှစ်ဘက်သောမိဘများ သဘောတူညီ
    ၍ လက်ထပ်ပါလျှင်လည်း ထောင်ဒဏ် ၁၀ နှစ်
    ကျခံရမည်ဖြစ်ပြီး အိမ်ထောင်ပျက်ကိန်းပင်ရှိနေ
    ပါသည်။ သားသမီး ရှိပါက မိသားစု တကွဲတပြား
    ဖြစ်ရတော့မည်။ ကျွန်တော့ ချစ်သူမှာလည်း
    လင်ယောကျာင်္း မဖေါက်ပြန်ဘဲနှင့် အိမ်ထောင်ပျက်
    တခုလပ်ဖြစ်ရဦးမည်။ လူတွေအလယ်မှာ မျက်နှာ
    ငယ်ရဦးမည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်
    သည် ခရစ်ယာန် ဖြစ်သောကြောင့်ပါ။
    သူ့ကို ကျွန်တော်အရမ်းချစ်၍ လက်ထပ်ယူမည်
    ဖြစ်သော်လည်း ယုံကြည်သော ခရစ်ယာန်ဘဝ
    ကိုတော့ သေသည့်အထိ ဖက်တွယ်သွားမှာပါ။
    ကျွန်တော့ချစ်သူကလည်း ဘာသာပြောင်းရန်
    မတိုက်တွန်းပါ။ အဘယ်ကြောင့်ဆိုသော် သူမ၏
    မွေးသမိခင်သည် ကရင်လူမျိုး ခရစ်ယာန် ဖြစ်သော
    ကြောင့်ပါ။
    ကျွန်တော်ကလည်း သူမအား ဘာသာပြောင်းရန်
    တိုက်တွန်းမည် မဟုတ်ပါ။
    ကျွန်တော် မိဘနှစ်ပါးကတော့ ကရင်
    ခရစ်ယာန်များ ဖြစ်ကြသည်။
    ကျွန်တော့် အသင်းတော်မှလည်း ဤမင်္ဂလာပွဲအား
    ဦးဆောင်ဦးရွက်ပြုရန် သဘောတူထားပြီး ဖြစ်သလို
    သူမ၏ ဖခင်မှလည်း ဘုန်းကြီးကျောငိးတွင် မင်္ဂလာ
    ဆွမ်းကျွေးရန် စီစဉ်ပြီးဖြစ်သည်။
    လူမျိုး စကား ဓလေ့ စရိုက်တူပြီး အဘက်ဘက်မှ
    သဘောတူ ချောမွေ့ ဖြောင့်တန်းသော လမ်း
    ဖြစ်နေပါလျှက် ဦးဝီရသူ တင်သွင်းသော မူကြမ်း
    အတညိဖြစ်လာပါလျှင် ကျွန်တော်တို့ ဒုက္ခ
    ရောက်ကြတော့မည်။ ကျွန်တော်တို့ အရေးလည်း
    စဉ်းစားပေးကြပါဦး။

    ReplyDelete
  2. တခုသတိထားကြပါ
    စင်္ကာပူတွင် တိုင်းရင်းသားဟူ၍
    chinese, india, malay,and others
    တို့ရှိကြသည်။ ထိုအတူ မလေးရှားတွင်
    malay, chinese, india, sabah, sarawak,
    and others အစရှိသဖြင့် တိုင်းရင်းသားလူမျိုး
    ၁၀ မျိုး ခန့်သာရှိသည်။
    မြန်မာပြည်တွင် လူမျိုး ဘာသာ စကား ဓလေ့
    စရိုက် အပြုအမူ အမူအကျင့် ရိုးရာ လုံးဝ
    ကွဲပြား ခြားနားနေသော တိုင်းရင်းသားမျိုးပေါင်း
    ၁၃၅ မျိုး ရှိနေသည်။
    မိမိတို့၏ ပြုမူ မှုများတွင် အသိနှင့် သတိ ရှိကြပါ။

    ReplyDelete
    Replies
    1. ဆရာတော်တင်သွင်း တာထောက်ခံတယ်
      လူမျိုးဘာသာ သာသနာ ဟာအရေးကြီးပါ
      တင်္ယ

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။