/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 23, 2013

.

ပညာရေးကဏ္ဍ ခြစားမှုပြဿနာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ နှင့် တွေ့ဆုံခြင်း ။



၂ဝ၁၃-၂ဝ၁၄ ပညာသစ်နှစ်အတွက် အခြေခံပညာ ကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံမှု မကြာမီ စတင်တော့မည်ဖြစ်သည်။ ထို့အတွက် ကြောင့် ပညာရေး ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော လာဘ်ပေး၊ လာဘ်ယူမှုကိစ္စရပ်အား ကျောင်းအပ် လက်ခံမှုမတိုင်မီ ပညာရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူနှင့် တွေ့ဆုံ မေးမြန်းမှု များ အား ဖော်ပြလိုက်ပါသည်။


မေး။- အစိုးရသစ်တက်ခါစမှာ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးÓဏ်ထွန်းဦးက ရန်ကုန်မြို့ က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်း ဝင်ခွင့် လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်သွားမယ်လို့ ကြုံးဝါးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အထိတော့ ဗြောင်မကျတော့ပေမယ့် လာဘ်စားမှုတွေရှိတုန်းပဲလို့ သတင်းတွေ ကြားနေရပါတယ်။ ဒါကို ဒုတိယ ဝန်ကြီးအနေနဲ့ သိရှိထားပါ သလားခင်ဗျာ။

ဖြေ- အခြေခံပညာအဆင့် ကျောင်း အပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီး မူလတန်း အဆင့်က အခမဲ့ဆိုပြီး အတိ အလင်း ထုတ်ပြန်ထားပြီးပြီပဲ။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်က တော့ အခမဲ့မဟုတ်ဘူးပေါ့။ မူလတန်းအဆင့် နဲ့ပတ်သက်ပြီး ပိုက်ဆံတစ်မတ်တောင် မကောက်ရဘူး။ ဒါကိုလည်း အဆင့် ဆင့်အသိပေး ထား ပြီးပြီပဲ။ တိုင်တန်း လို့ သိရှိလို့ရှိရင် ညွှန်ကြားချက် မလိုက် နာမှုနဲ့ အပြစ်ပေး အရေးယူမှုတွေ ရှိမယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီအထိ ရန်ကုန်က ကျောင်းတွေကိစ္စက တက် မလာဘူး။တက်လာခဲ့ရင်လည်း အရေး ယူသွားမှာပါ။ အခုရှိနေတယ် ဆိုတာ ကိုလည်း မီဒီယာက ဖော်ပြရမှာပဲ။ ဖော်ပြလို့ အရေး မယူတာမျိုး မရှိပါ ဘူး။ ဒါပေမဲ့ မှန်ကန်ရမယ်။ ခိုင်လုံရမယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် မူလတန်း ပညာရေးကို အခမဲ့ မသင် မနေရ စနစ် ပြဋ္ဌာန်းထားတာပဲ။ မဟုတ်ဘူးလား။

မေး- ဒီနှစ်မှာလည်း လာဘ်စားမှုတွေ ထပ်ဖြစ်မယ့်အရိပ်အရောင်တွေ တွေ့ နေရတယ်။ ဒါက ထိရောက်တဲ့ အရေး ယူမှု မရှိလို့လား။ စီမံခန့်ခွဲမှု အားနည်း လို့လား။

ဖြေ- ထိရောက်တဲ့အရေးယူမှုဟာ ဒါက ရှိတာပေါ့။ မရှိဘဲနေပါ့မလား။ ဒီအပိုင်း ကို ကျွန်တော်ပြောပြမယ်။ သူ့ရပ်ကွက်၊ သူ့ဧရိယာမှာရှိတဲ့ သူက သူ့ကျောင်းမှာ အပ်တယ်။ ဒီလိုမှမဟုတ်ဘဲ တောင်ဒဂုံ မှာနေတဲ့သူက ဒဂုံ(၁)ကို အပ်ချင်တာမျိုး ဒါတွေဆိုရင် ရှုပ်ထွေးလာမယ်။ ကိုယ့် ရပ်ကွက် ကိုယ့်ဧရိယာမဟုတ်ဘဲ ဟိုမှာ ထား ချင်တယ်။ ဒီမှာထားချင်တယ်ဆိုရင် ဒီလိုတွေကဘယ်ဖြစ်မလဲ။ ဒါကိုလည်း စီမံခန့်ခွဲရမှာပဲ။ ကျွန်တော် ပြောပြီးပြီပဲ။ လာဘ်စားမှုတွေရှိတယ်ဆိုရင် တင်ပြ ဖော်ပြကြပါ အရေးမယူရင်ပြော ကဲ ..ဟုတ်ပြီလား။

မေး- အနှစ် ၂ဝ ကျော် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အသားကျနေတဲ့ နိုင်ငံမှာ ပညာရေးကဏ္ဍကလည်း ဒီနှစ် နှစ်အတွင်း တိုက်ဖျက်ဖို့ မလွယ်ဘူးလို့ ယူဆထားပါသလား။

ဖြေ- စနစ်ရဲ့သားကောင်။ ဒါတွေက ရှိမှာပဲ။ သို့သော်လည်းပဲ ပညာရေးမှာက သူဌေး မရှိဘူး။ အင်မတန် နည်းတယ်။ ဘယ်ဆရာ၊ ဘယ်ဆရာမမှ လာဘ် စားလို့ ကားမစီးနိုင်ဘူး။ ၁ဝဝဝ မှာ တစ်ယောက်။ ၁ဝဝ မှာ ၁ ယောက် ရှိ ကောင်းရှိမယ်။ ဒါကလည်း သူ့ကိုယ်ပိုင် နဲ့ ဝယ်ထားတဲ့ကားပဲ ဖြစ်မယ်။ လာဘ်မစားနိုင်ဘူးလို့ တော့ မပြောဘူးနော်။ ရှိရင်ရှိမယ်။ သမ္မတကြီးကိုယ်တိုင် လာဘ်ပေး လာဘ်ယူမှုတွေကို တိုက် ဖျက်မယ်လို့ ပြောထားပြီးသားပါ။ ဒါကို လည်း ပညာရေးဝန်ကြီးဌာနက လိုက် လုပ်ရမှာပဲ။ မလွယ်လည်း လုပ်မှာပဲ။

မေး- စီးပွားဖြစ် လာဘ်စားမှုတွေကို တိုက်ဖျက်သင့်ပြီလို့ မထင်ဘူးလား။

ဖြေ- စီးပွားဖြစ် ဒါတော့မရှိဘူး။ နည်း တယ်။ ပညာရေးမှာက ဒီလိုတွေ သိပ် မရှိကြဘူး။ သို့သော်လည်း လာဘ် ပေး လာဘ်ယူတွေရှိခဲ့ရင် အရေးယူရမှာပဲ။ တိုက်ဖျက်သင့်ပြီ မဟုတ်ဘူး။ တိုက်ဖျက် မှုကို ပြု နေတာ။

မေး- စီးပွားဖြစ်လာဘ်စားလို့ ပညာရေး နယ်ပယ်က ဘယ်နှဦးလောက် အရေး ယူထားပြီးပြီလဲ။ ဒါကိုရော ဒုတိယ ဝန်ကြီး ဖြေကြားပေးစေလိုပါတယ်။

ဖြေ – အရေးယူမှုတွေ ရှိတာပေါ့ဗျာ။ အတိအလင်းကို ရှိတာပေါ့။ မယူမနေ ရ ပင်စင်ပေးလိုက်တာတွေ၊ နေရာ ရွှေ့ပြောင်းလိုက်တာတွေ၊ ပြင်းထန်စွာ သတိပေးလိုက်တာတွေ အများကြီး ပါပဲ။ ညွှန်ကြားရေးမှူး ချုပ် အဆင့် ရှိသူတွေတောင် ဘယ်နှယောက်ရှိပြီလဲ။ ဒါက မြင်သာတဲ့ အရေးယူမှုပဲ။ အညှာ ကနေ ကိုင်နေ တာပဲ ကျန်တာတော့ ပြောမနေပါနဲ့တော့။ ပါတာပေါ့ဗျာ။ သို့သော်လည်းပဲ အချို့သော ဖြစ်ရပ်တွေမှာသက် ညှာရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကိုငြင်သာစွာနဲ့ ဖြေရှင်း ရတာတွေရှိပါတယ်။ ဆရာ၊ ဆရာမ တွေ ဆိုတာက အနစ်နာခံပြီး နှစ်ရှည် လုပ်လာကြတာတွေ၊ ဒါတွေကိုကြည့် ရသေးတယ်။ ပညာရေးဆိုတာ နဂို က တည်းကိုက သိမ်မွေ့ပါတယ်။ သိမ်မွေ့ တဲ့အထဲမှာ လုပ်ကိုင်နေကြတဲ့သူတွေကို ကိုင်တွယ်ရတာက လည်း နူးညံ့ဖို့လို ပါတယ်။

မေး- ဆရာ၊ ဆရာမတွေရဲ့ ကျူရှင် စနစ်ဟာ ပျက်နေတဲ့ပညာရေးကို ပြိုကျ သွားစေတယ်လို့ဆိုကြပါတယ်။ ဒီနေ့ ပညာရေးကဏ္ဍအပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျူရှင်စနစ် အပေါ် ဘာများ ပြောလိုပါ သလဲ။

ဖြေ – ကျူရှင်စနစ် ဒါက မြန်မာမှာ လည်းရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ ဒါကို မရှိသင့်တော့ဘူးလို့ ယတိ ပြတ် ပြောလိုက်လို့တော့ မရဘူး။ ကျောင်းမှာ လည်း သင်တယ်။ ဒါကို ပိုပြီးကျေညက် အောင် အပြင်မှာ လည်း ထပ်သင်မယ်။ ဒါကို မသင်ရဘူးရပ်လို့ ပြောလို့မရဘူး။ သူ့အတန်းကို သင်။ သူသင်တဲ့ ကျူရှင် ကို တက်။ မေးခွန်းပေး ဒါဆိုရင် ဒါက မရှိသင့်ဘူး။ ပညာရေးဝန်ကြီးဌာနက လည်း ဒါကိုလက်မခံဘူး။ ဒါကြောင့် မေးခွန်းထုတ်တဲ့ကိစ္စကိုလည်း ညှိနှိုင်း ရမှာပဲ။ အားလုံးကို ကျူရှင် မသင်ရ ဘူးလို့ ဝါးလုံးရှည်ကြီးနဲ့ တစ်ခါ တည်း ရမ်းလိုက်လို့မရဘူး။ ကျူရှင်ကခေတ် အဆက်ဆက်ရှိခဲ့တာပဲ။ ဒါကလည်း တရားမျှတတဲ့ကျူရှင်တွေ ရှိခဲ့လို့ပဲ။

မေး- အစိုးရဆရာဝန်တွေ အပြင်ဆေး ခန်းပြတာကျတော့ အရေးမယူဘူး။ ဆရာ၊ ဆရာမတွေ ကျူရှင်ပြ တာ ကျ တော့ အရေးယူတယ်ဆိုတာ မဖြစ်သင့် ဘူးလို့ တချို့က ပြောကြတယ်။ ဒုတိယ ဝန်ကြီးကရော ဒီလိုပြောဆိုမှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ- ကျူရှင်ကိစ္စကို တစ်ထိုင်တည်းနဲ့ ပြောလို့မရဘူးထင်တယ်။ တစ်ညလုံး ပြောလည်းမပြီးဘူး။နောက်တစ် နေ့ ပြောလည်း မပြီးဘူး။ တက်တဲ့သူ ရှိလို့ သင်တဲ့သူ ရှိတယ်။ သင်တဲ့သူရှိလို့ တက်တဲ့သူ ရှိတယ်။ ဒါ့အပြင် ထားတဲ့ သူရှိလို့လည်း ကျူရှင်ရှိတယ်။ ဒါကို ဘယ်လို လုပ်ကြမလဲ။ ပညာရှင်တွေက ဖြေရှင်းကြရမယ့် ကိစ္စ တောင် ဖြစ်နေ တယ်။ ထိခိုက်မှု ဘာမှမရှိတဲ့ ကျူရှင်ကို အပြစ်ပြောလို့တော့ မရဘူး။

မေး- အခုဆို အချို့ဆရာ၊ ဆရာမ တွေက ကျူရှင်ပြနေကြပါပြီ။ အချို့ တွေက ကျောင်းမှာ စာသိပ်မသင် ဘူး။ ကျူရှင်ကျမှ သေချာသင်တယ်တဲ့။ ကျူရှင်မတက်တဲ့ ကလေးဆို အတန်း ထဲမှာ အနှိမ်ခံရတော့ မဖြစ် မနေ ကျူရှင်တက်ရတယ်တဲ့။ မသင်မနေရ ကျူရှင်စနစ်ပေါ့။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်သွားမလဲ။

ဖြေ – ဒီ ကျူရှင်မျိုးဆိုရင်တော့ မရှိသင့် ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီခေတ် က ဒီမိုကရေစီခေတ်။ ဒါကြောင့် ပြောင်းလဲမှု၊ ဖြည့်စွက်မှု၊ ပြင်ဆင်မှု တွေကို ပညာရေးဝန်ကြီးဌာနက ပညာ ရေးကဏ္ဍမှာ ဆောင် ရွက်နေတယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်းက ဆုံးဖြတ် တာမျိုး၊ အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်ဘဲ ပညာ ရှင် များက ဒီကိစ္စကို ကိုင်တွယ်မယ်။ အဖြေထွက်လာပြီး သဘောတူပြီးရင် ဒီပြဿနာကို ဖြေရှင်း သွားမှာ ပါ။

မေး- လစာမလောက်လို့ ကျူရှင်ပြ ကြတာတဲ့။ အခုပေးထားတဲ့ လစာက ကျူရှင်ပြစရာ မလိုအောင် လုံ လောက် နေပြီလား။

ဖြေ- ကျူရှင်ပြဿနာ ဒါကို တစ်ထိုင် တည်း ပြောလို့မရဘူးလို့ ပြောထားပြီး ပါပြီ။ ဒီထဲမှာမှ လုံလောက်ပြည့် စုံသော လစာရရှိမှုကလည်း အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး။ စပါးတင်း ၁ဝဝ၊ ရွှေတစ် ကျပ်သား၊ ဆရာ၊ ဆရာမလစာ တစ်တန်းထဲ ဆိုရင် တော့ ကျူရှင်က ရှိပါတော့မလား။ မရှိ တော့ဘူးနဲ့ တူ တယ်နော်။ ဆရာ၊ ဆရာမတွေအတွက်ပဲ ပါတာမဟုတ် ဘူး။ တောင်သူလယ်သမားတွေ အတွက်လည်း ပါ တာပေါ့။ ဘယ်သူမှ အလုပ်ရှုပ်ခံကြတော့မှာ မဟုတ်ဘူး။ ဒါတောင် ပျောက်ကွယ်သွားမယ်လို့ အာမ မခံနိုင် ဘူး။ ဒီလိုတွေတော့ ရှိတာပေါ့။

မေး – ပညာရေးကဏ္ဍထဲက ခြစား မှုတွေ ဘယ်အချိန်လောက်မှ အမြစ် ပြတ်မယ်ထင်ပါသလဲ။

ဖြေ- ဒါက ပေးသူရော၊ ရယူသူနဲ့ပါ သက်ဆိုင်ပါတယ်။ အမြစ်ပြတ်မှုဆို တာက အားလုံးနဲ့ဆိုင်ပါတယ်။ ထိ ရောက်တဲ့အရေးယူမှုတို့၊ လိုက်နာ ကျင့်သုံးမှုတို့ရှိရင် အမြစ်ပြတ်ပါတယ်။ ။

မင်းသုအောင်တွေ့ဆုံမေးမြန်းသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။