/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 6, 2013

.

အစိုးရဌာနများ၏ တင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် ထုတ်ပြန်

အစိုးရဌာန အဖွဲ့ အစည်းများ၏ တင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် တင်ဒါ ခေါ်ယူ ရာတွင် ပါဝင်ရမည့် စည်းကမ်း ချက်များကို နိုင်ငံတော် သမ္မတရုံးမှ ဧပြီလအတွင်း က ညွှန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။


အစိုးရဌာန အဖွဲ့ အစည်းများမှ သက်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် ခွင့် ပြုရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရန်နှင့် ဆန်းစစ်ခံနိုင်ရန် လိုအပ် ကြောင်း အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် သည် စီးပွားရေး လုပ်ငန်း များတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ် ယောက် ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးက စားမှုပြု ခြင်းဖြင့် အများ ပြည်သူ တို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာခြင်းမှ တားဆီးကာကွယ်မည်ဖြစ်ကြောင်း ဖွဲ့စည်း ပုံ အခြေ ခံ ဥပဒေတွင် ဖော်ပြထားသည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အစိုးရ အဖွဲ့အစည်းများ ဌာနဆိုင်ရာများက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုရန် တင်ဒါခေါ်ယူရာတွင် ပါရှိရမည့် တင်ဒါစည်းကမ်းချက် ၃၂ ချက်ကို နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု ၀န်ကြီးဌာန အားလုံးကို ညွှန်ကြားချက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် ထုတ်ပြန်ထားသည့် တင်ဒါခေါ်ယူရာတွင် ပါဝင်ရမည့် စည်းကမ်းချက် အချို့မှာ တင်ဒါအတွက် တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေး လုပ်ငန်း ကော် မတီ၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ၊ အရည်အသွေး စစ်ဆေးရေး ကော်မတီ၊ အစရှိသည့် လိုအပ်သော ကော်မ တီများ ဖွဲ့ပြီး စည်းမျဉ်းစည်းကမ်း အသေးစိတ် သတ်မှတ်၍ လိုက်နာဆောင်ရွက်ရန်၊ ဆောင်ရွက် မည့် လုပ်ငန်းအမျိုးအစားများကို ရှင်းလင်းစွာ ဖော်ပြပြီး နိုင်ငံပိုင် သတင်းစာများတွင် ရက်သတ္တပတ် တစ်ပတ် ခန့် သိသာထင်ရှားစွာ ကြော်ငြာ၍ သတ်မှတ်ရက်ထက် အနည်းဆုံး တစ်လကြိုတင်ပြီး အိတ်ဖွင့် တင်ဒါ ခေါ်ယူရန်၊ သတ်မှတ်သည့်နေ့ရက်တွင် ကော်မတီ အားလုံးနှင့် တင်ဒါတင်သွင်းသူများ ရှေ့မှောက် တွင် မျက်နှာစုံညီ တင်ဒါဖွင့်လှစ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။

တည်ဆောက်မှုဆိုင်ရာ တင်ဒါခေါ်ယူမှုများနှင့် ပတ်သက်ပြီး လုပ်ငန်းအကောင်အထည် ဖော်ဆောင် ရွက်ရာ တွင် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ပဏာမလေ့လာ ဆန်းစစ်မှုများ အခမဲ့ ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်း ပါက လက် ခံ ဆောင် ရွက်နိုင်သော်လည်း ယင်းသို့ ဆောင်ရွက်ပေးသည့်အတွက် ယင်းကုမ္ပဏီ လုပ်ငန်း ရှင် ကိုသာ လုပ် ငန်းအပ်နှံခြင်း ခွင့်ပြုမည် မဟုတ်ဘဲ ဈေးပြိုင်တင်ဒါကို အများနည်းတူ ၀င်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း နှင့် ၀န်ကြီးဌာန၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများကြောင့် ဦးစားပေး ဆောင်ရွက်ခြင်း မျိုး မဖြစ်စေဘဲ အများနည်းတူ ယှဉ်ပြိုင်အရွေးခံမှုမျိုး ဖြစ်ရမည်ဖြစ်ကြောင်း စည်းကမ်း ချက် ထုတ်ပြန်ထားသည်။

တင်ဒါ အောင်မြင် ကုမ္ပဏီသည် တစ်ဆင့်ခံ ကန်ထရိုက် ထပ်မံလွှဲပြောင်းခြင်း မပြုရန်၊ ရေနံလုပ်ကွက်များ၊ သတ္တုတူး ဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် အစီအမံများကို ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

(ဓာတ်ပုံ - အကျိုးတူ ဖက်စပ်လုပ်ရန် စီစဉ်နေသည့် သန်လျင်ရေနံချက် စက်ရုံကို တွေ့ရစဉ်)

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။