ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ပင် ကန့်သတ်ချက် အားလုံးအား ရုပ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက် ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။
ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော ပြုပြင်ရေးဆိုင်ရာ ကြိုးပမ်း အားထုတ် မှုများကို စိတ်အားထက်သန်စွာ ထောက်ခံ အားပေးလျက်ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်ကတ်မှု အများစုကို တစ်နှစ်ဆိုင်းငံ့ထားခဲ့ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီ ရေး ပြုပြင်ပြောင်းလဲ မှုများကို ပြင်းပြစွာလိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ်ကာလအတွင်း ဆောင်ရွက်ခဲ့သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွစွာထောက်ခံလျက်ရှိသည့် ပြည်သူများ ကို များစွာအကျိုးရှိစေမည်ဟု ယုံကြည် ပါသည်။
ဥရောပသမဂ္ဂဘက်မှ စီးပွားရေး ပိတ်ပင်ကန့်သတ်မှုများ အားလုံးကို ရုပ်သိမ်းလိုက်ခြင်းသည် မြန်မာ- အီးယူ ဆက်ဆံရေးကို အားပေးရာရောက်သည့်အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်
Credit : Here
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။