/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, December 28, 2012

.

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်မှရပ်စဲရန် မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းကျော် ပထမဆုံး လက်မှတ်ထိုးကန့်ကွက်မည်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းကျော်က ပထမဆုံးလက်မှတ်ရေးထိုး ကန့်ကွက်သည့်ဖြစ်ရပ်အနေဖြင့် ကြည့်မြင်တိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်အား တာဝန်မှ ရပ်စဲရန် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းကျော် လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ပေးပို့သွားမည်ဟု ဦးဆောင်လှုပ်ရှား ဆောင်ရွက်သူ ကိုထွန်းထွန်းကျော်က ပြောသည်။

၎င်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် ဘောဂရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပျက်ပြားအောင် လုပ်ခဲ့သည့်အပေါ် မကျေနပ်ကန့်ကွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း၊ ဘောဂရပ်ကွက်မှ ဆယ်အိမ်စုများ တင်မြှောက်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် ၅ ဦးမှာ အသက်ကြီးပြီး တစ်ပါတီ တည်းဖြစ်နေကာ ဦးသန်းစိန်၏ ကန့်ကွက်မှုကို ကျေနပ်မှုမရှိ၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း၊ ၎င်း၏ ကန့်ကွက်မှုသည် ပြည်ထဲရေးက ထုတ်ပြန်သော ဥပဒေများတွင် ပါဝင်မှုမရှိကြောင်း၊ အဆိုပါအချက် ၂ ချက်ဖြင့် ကန့်ကွက်ခြင်းသည် ဥပဒေကို နားမလည်သော ကိုယ်စားလှယ် တစ်ယောက်အဖြစ် ပေါ်လွင်နေကြောင်း ၎င်းကပြောသည်။

လွှတ်တော်သက်တမ်း ၂ နှစ်ခွဲအတွင်း ပြည်သူများအပေါ် အာဏာသုံးခြင်း၊ ငွေကြေးတောင်း ခံခြင်းမရှိခဲ့ကြောင်း၊ ၎င်းဆန္ဒပြမှုသည် ဘောဂရပ်ကွက်ရှိ လူတစ်စုက ဦးဆောင်၍ ပုဂ္ဂိုလ်ရေး၊ ပါတီစွဲ၊ ၀ါဒစွဲများကို အခြေပြုသော ဆန္ဒပြပွဲတစ်ခုသာဖြစ်ကြောင်း၊ ဆန္ဒပြခြင်းသည် ပြည်သူ့အတွက်၊ ရပ်ကွက်အတွက်၊ မြို့နယ်အတွက် အကျိုးရှိစေရန်နှင့် အခွင့်အရေးရရှိပါက တောင်းဆိုခြင်းသာဖြစ် သင့်ကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်ကပြောသည်။

““လွှတ်တော်အနေဖြင့် ကြည့်မြင်တိုင်မြို့နယ်အတွင်း မဟုတ်တာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ဘာနာမည်ပျက်မှလည်း မရှိခဲ့ဘူး။ ရိုးရိုးသားသားဖြင့် ပညာသင်ကြားတဲ့ ကျောင်းဆရာ(ကျူရှင်)တစ်ဦး သာဖြစ်တယ်။ ပြည်သူအတွက်ဆိုရင်ပြုတ်ရင်ပြုတ်သွားပါစေ၊ တရားမျှတစွာနှင့် မှန်ကန်သောဘက်ကနေ ရပ်တည်ရင်ဆိုင်သွားမည်”” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲသည် ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်တွင် လူအင်အား ၁၀၀ ကျော်နှင့် စလင်းအားကစားကွင်းမှ ဗားကရာလမ်းအတိုင်း အထက(၁) ကျောင်းရှေ့ထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ၎င်းဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုပေးခဲ့သည်။

၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ကြည့်မြင်တိုင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစညပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ တစ်သီးပုဂ္ဂလပါတီ၊ ၈၈ ကျောင်းသားများ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ပြည်ခိုင်ဖြိုးပါတီများ ၀င်ရောက်အရွေးခံခဲ့ရာ ယခုဆန္ဒထုတ်ဖော်ခြင်းခံရသော ကြည့်မြင်တိုင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီမှဖြစ်ပြီး မဲအပြတ်အသတ် အနိုင်ရ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်သည်။

၂၀၀၈ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခန်း (၈)၊ (နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ) အခန်းတွင်ပါရှိသော ပုဒ်မ ၃၆၉ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များ သည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည် ရုပ်သိမ်းခွင့်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခန်း ၉ ပါ ပုဒ်မ ၃၆၉ တွင်လည်း သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ အနည်းဆုံး တစ်ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်တန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း၊ သဘောရလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းတို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ဦးသန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးအောင်သိန်းလင်း၏ ယုံကြည်ကိုးစားမှုကို ရရှိသောသက်ရင့် ပါတီဝင်တစ်ဦးဖြစ်ပြီး ၎င်းသည်လည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ဦးအောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး တရုတ်မီဒီယာ (Southern Weekent) ဖြင့် အင်တာဗျူးတွေ့ဆုံဖြေဆိုရာ ၎င်းအနေဖြင့် မြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ဆောင် သင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများ ထောက်ခံအားပေးမှုသည် (Crazy)ဖြစ်သောကြောင့် မဲပေးများခဲ့ခြင်း ဖြစ်ကြောင်းစသည်ဖြင့်ဖြေဆိုမှုများအပေါ် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးအောင်သိန်းလင်းယှဉ်ပြိုင်ခဲ့သော တောင်ဥက္ကလာမဲ ဆန္ဒရှင်များက စုပေါင်းကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့တိုင်ကြားရန် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲတွင် ပါဝင်နှောင့်ယှက်မှုဖြင့် ကန့်ကွက်ရှုတ်ချခံရသော ဦးသန်းစိန်သည် တပ်မတော် အစိုးရလက်ထက်က ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်၊ အမျိုးသားညီလာခံကိုယ်စားလှယ်၊ ယခုအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး သင်္ချာ၊ ရူပဘာသာရပ်ပြကျူရှင်ဆရာဖြစ်ကြောင်း သိရှိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။