/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 2, 2012

.

ဗမာပြည်ဟာ ဇိနကိုလိုနီနယ်ဖြစ်နေပြီလား

ခုထိ ပြတ်သားစွာ အဖြေမသိရသေးတဲ့ လက်ပံတန်းတောင်လူထုအစည်းအဝေးကြီးရဲ့ ရလဒ်ကို တွေးမိပါတယ်။

အထက်ဗမာပြည်မုံရွာခရိုင်တွင်းက လက်ပံတန်းတောင်ကြေးနီ စီမံကိန်းနဲ့ဆက်စပ် ပြီး ပေါ်လာတဲ့အတွေးတ ခုပါ။ ဒေသခံတွေ ဆန္ဒပြရခြင်း ဇစ်မြစ်ကို လေ့လာသုံးသတ်ဖို့လိုလာ ပြီလို့ထင်လို့ပါ။ ဒီကြေးနီစီမံကိန်းကို ဘာကြောင့် ဒေသတွင်းနေကြတဲ့သူတွေက ရပ်တန့်စေချင်ခဲ့ရ တာလဲ။ အာဏာပိုင်တွေဘက်ကရော ရပ်တန့်မှုလုပ်ပေးနိုင်ပါ့မလား။ ဒီပြဿနာကို ဘယ်လိုကျေနပ်အောင် ဖြေရှင်းကြမလဲဆိုတဲ့ မေးခွန်း များ ပေါ်လာခဲ့ပါပြီ။

ကြေးနီတူးဖော်ရေးလုပ်ငန်းဟာ မုံရွာပတ်ဝန်းကျင်မှာ လွန်ခဲ့တဲ့ နှစ်(၂၅)လောက်က မြန်မာ့သတ္ထုတွင်း ဝန်ကြီးဌာနဟာ (ယူဂို၊ ကနေဒါ)တို့ နဲ့စပ်ပြီး စံပယ်တောင်မှာ တူးဖော်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ကြေးနီတူးဖော်ရေး မလုပ်မီ လေထုညစ်ညမ်းမှုမရှိအောင် သစ်ပင် (၃) သိန်း စိုက်ပေးခဲ့တယ်။ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိမ်းသိမ်းခဲ့တယ်။ လူနေအိမ်သိမ်း၊ လယ်ယာမြေသိမ်း အသံတွေမကြားခဲ့ပါဘူး။ ဒါ ကြောင့် ပြဿနာတစုံတရာ မတက်ခဲ့ဘူးလို့ သိရပါတယ်။

ခု မြန်မာ့ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင်းကုမ္ပဏီတို့ လက်ပံတန်းတောင်စီမံကိန်းကြမှ အသံတွေ ဆူဆူညံညံကြားခဲ့ရတာက ဘာလို့ဖြစ် တာပါလဲ။ ရှင်းပါတယ်။ မြန်မာ့ဦးပိုင်ရော ဝမ်ပေါင်း ကုမ္ပဏီရော ဒေသခံပြည်သူတွေကို လှည့်စား အကြမ်းဖက်ခဲ့လို့ပါပဲ။ ကြေးနီတူးဖော်ရေး လုပ်မယ့်နေရာတဝိုက်က လယ်ယာမြေပေါင်း (၇၈၀၀) ဧကကို သိမ်းယူခဲ့တယ်။ (၃) နှစ် သီးနှံစာလျော်ကြေးပေးပြီးသိမ်းတာပါ။ လယ်သမား တွေကတော့ (၃) နှစ်ပြီးရင် သူတို့ရဲ့လယ်တွေ ပြန်လုပ်ခွင့်ရမယ်အထင်နဲ့ သဘောတူခဲ့တာတဲ့။ ဒါပေမယ့် ဒီစီမံကိန်းက နှစ် (၆၀) ကြာမယ် သိလာရတော့ သူတို့လယ်မဲ့ဘဝရောက်ရတဲ့အတွက် မကျေမနပ်ဖြစ်စေခဲ့ရတာပါပဲ။ လူနေအိမ်တွေ အသိမ်းခံရတာမို့ဒေသနေများ အိုးမဲ့အိမ်မဲ့၊ လယ်မဲ့ ယာမဲ့ ဒုက္ခပင်လယ်ဝေရခြင်းဖြစ်စေခဲ့ရပါတယ်။ ဒါဟာ မြန်မာ့ဦးပိုင်ရဲ့ လှည့်စားလိမ်ညာမှုဆိုတာ ထင်ရှားစေပါတယ်။ ဖြစ်သင့်တာက အစကတည်းက ဒေသခံတွေကို တူးဖော်ရေးနဲ့ မလွတ်လို့ နေရာရွှေ့ပေးရမယ်ဆိုရင် နေအိမ်တွေ စနစ်တကျ နေရာချပေး တာမျိုး၊ လုပ်ကိုင်စားသောက်ဖို့ လျော်ကြေးငွေ နှစ်ဖက်ညှိနှိုင်းပြီးပေးတာမျိုးကို ရိုးသားစွာရှင်းလင်းပြောပြဖို့ လိုအပ်ပါတယ်။ ခုက (၃) နှစ် လိုလို အယောင်ပြပြီး နှစ် (၆၀) စီမံကိန်းလုပ်မယ့်အကြောင်းသိတဲ့ အခါမှာ ဒေသခံတွေ မခံရပ်နိုင်ဖြစ်တာ မဆန်းပါဘူး။

ဒါ့အပြင် တရုတ်ကလဲ သူ့အကျိုးစီးပွားတခုတည်းကိုကြည့်ပြီး တောင်တွေဖြိုချ၊ ကြေးနီတူးဖော်ရေးက စွန့်ပစ်ပစ္စည်းတွေကြောင့် စားပင်သီး နှံတွေ ညှိုးနွမ်းမှု၊ ချင်းတွင်းမြစ်ရေ ညစ်နွမ်းမှုတွေကိုထည့်မတွက်ဘဲ ထင်တိုင်းကျဲခဲ့တာရယ်၊ လေထုညစ်ညမ်းမှုကာကွယ်ဖို့ အစားထိုး သစ်ပင်တွေ စိုက်မပေးတာတွေကြောင့်ရယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဝေဖန်ထောက်ပြမှုတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ ဘယ်သူသေသေငတေမာရင်ပြီးရော ဦးပိုင်ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဦးမြင့်အောင်က ဆန္ဒပြသူများကိုမျက်ကွယ်ပြုပြီး စီမံကိန်းဆက်လုပ်မယ်၊ ရပ်တန့် ပေးမှာမဟုတ်ဘူးလို့ ဗြောင်ငြင်းဆိုခဲ့ပါတယ်။

ဆန္ဒပြသူများကို ဖမ်းဆီးခဲ့လို့ (၈၈) မျိုးဆက်ကျောင်းသား ကိုဂျင်မီတို့ အဖွဲ့ နဲ့ပုလဲမြို့ နယ် ဒီချုပ်က ဒေါ်ခင်စန်းလှိုင်တို့  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနဲ့ညှိပြီး ကြားဝင်ဖြေရှင်းခဲ့ရပါတယ်။ ဖမ်းဆီးခံသူတွေ ပြန်လွတ်လာအောင်၊ ဆန္ဒပြထဲပါသူတွေ ဆက်အရေးမယူခံရ အောင် လုပ်ပေးနိုင်ခဲ့ပေမယ့်လဲ အသိမ်းခံ နေအိမ် ယာမြေတွေအတွက် ဘာအာမခံချက်၊ ဘာဖြည့်ဆီးပေးမှုမှ ဒေသခံတွေဘက်က ပြန်မရ လိုက်ပါဘူး။ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုအတွက်လဲ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဦးသန်းထိုက်က စီမံကိန်းပြီးရင် စိုက် မြေတွေကို မြေသားပြန်ဖို့ပေးမှာပါဆိုတဲ့ ပျားရည်ဝမ်းချစကားနဲ့ပြီးသွားခဲ့ပါတယ်။ သပိတ်ရှိန်သာသေသွားခဲ့ရပြီး ဒေသခံတွေ မျက်ရည်တွေ ပဲ အဖတ်တင်ကျန်ခဲ့ရလို့ ကြားဝင်ဖြေရှင်းသူများကို မှားတယ်ဆိုပြီး ကျောင်းသားတပ်မတော်က ကိုဆလိုင်းယောအောင် ဝေဖန်သွားပါတယ်။ ဒီလိုပြည်တွင်းပြည်ပ ဝေဖန်မှုတွေကြားကပဲ သပိတ်ဟာ အကြိမ်ကြိမ်ထပ်ပေါ်လာပါသေးတယ်။

ပထမတုန်းက တောင်သူတွေသာရှိပြီး ဘေးကပံ့ပိုးမှုနည်းခဲ့လို့ အရှိန်ပြန်သေသွားခဲ့တာပါ။ ဒေသခံတွေက ချင်းတွင်းဟာ ဒုတိယမြစ်ဆုံဖြစ်လို့ နောင်အနှစ် (၆၀) လောက်ကျရင် ဧရာဝတီမြစ်အောက်ပိုင်းပါ ကြေးနီတူးဖော်ရေးက စွန့် ပစ်ပစ္စည်းတွေဒဏ်ခံရမှာစိုးတာပါ။ ဒါကို အစိုးရပိုင်းက ဘယ်လိုကိုင်တွယ်သလဲဆိုတာ ကို ပြည်သူတွေမသိရပါဘူး။ လက်ရှိမှာ တူးဖော်ရာနဲ့အနီးအနားဒေသတွေမှာ အပင်တွေမသန်တော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့ ကြောင့် ဆန္ဒပြကြတာပါ။ (အောက်တိုဘာ ၁၉၊ ၂၀၁၂) နေ့က အလွှာစုံပါဝင်တဲ့လူထုစည်းဝေးပွဲကျင်းပပြီး တောင်းဆိုချက် (၂၆) ချက်ထုတ် ခဲ့ပေမယ့် အစိုးရကငြိမ်နေဆဲပါ။ ဆရာကြီးဒဂုန်တာရာက သယံဇာတထုတ်ဖော်ရေးထက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်တယ်လို့ ပန်ကြားလွှာထုတ်တောင်းဆိုပါတယ်။ မိုးဇလဗေဒပညာရှင် ဦးထွန်းလွင်က ဒီကြေးနီစီမံကိန်းကြောင့် နောင် အညာဒေသဟာလွင်တီးခေါင်ဖြစ်သွားနိုင်တယ်လို့သတိပေးပါတယ်။ အစိုးရက လိုက်လျောတုံ့ ပြန်ခြင်း မရှိသေးပါဘူး။

ဧရာဝတီမြစ်ဆုံကိစ္စဟာလဲ ဦးသိန်းစိန် သမ္မတသက်တမ်း အတွင်းသာ ဆိုင်းငံ့ထားတာလို့သိရပါတယ်။

တကယ်တိတိကျကျရပ်ဆိုင်းကြောင်း မပြောသေးပါဘူး။ ဘာဖြစ်လို့လဲ။ တရုတ်ကို အစိမ်းမခြွေရဲလို့ပါ။ တရုတ်နဲ့ဗမာဆက်ဆံရေးဟာ (မဆလ) ဦးနေဝင်းလက်ထက်ထဲက ကျွမ်းဝင်နေတာကို ဂရုပြုမိကြပါလိမ့်မယ်။ (နဝတ၊ နအဖ) ခေတ်တွေမှာ အနောက်နိုင်ငံတွေရဲ့ စစ်အုပ်စုအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူ မှုတွေကြောင့် ဗမာဟာ တရုတ်နဲ့ပိုမိုနီးကပ်လာခဲ့စေပါတယ်။ တရုတ်ကလဲ စီးပွားရေးအရ အသာစီးရနေချိန်ဆိုတော့ ဗမာကို ဒီမိုကရေစီရ သွားမှာ အကြောက်ဆုံး ဖြစ်နေတာပါ။ စစ်အုပ်စုတွေကို အကာအကွယ်ပေးနိုင်မှ သူလိုရာ ဈေးပေါပေါနဲ့ရမှာမို့ ကုလမှာ ဗမာ့အရေး တင်ပြဆွေးနွေးတိုင်း သူ့လက်မှာရှိတဲ့ ဗီဒိုအာဏာနဲ့ပယ်ချပြီး ဗမာစစ်အုပ်စုကိုကာကွယ်ခဲ့တာချည်းပဲမို့လား။ အနောက်အုပ်စုတွေက ဗမာ့အရေးကို ဆွေးနွေးတိုင်း ဒါ ဗမာပြည်တွင်းရေးကိစ္စပါလို့ တသက်လုံးပြောခဲ့တဲ့ တရုတ်ဟာ အမေရိကန်နဲ့ဗမာ နီးစပ်မှုတွေမြင်ရော ဗမာပြည်ဟာ အနောက်ဒီမိုကရေစီကို ပုံတူကူးချရင် မှားမယ်ဆိုပြီး ပြည်တွင်းစွက်ဖက်မှုတွေ ဗြောင်လုပ်လာခဲ့တော့တာပါပဲ။ တရုတ်က ဗမာကို နိုင်ငံရေးစွက်ဖက်မှုတွေလုပ်ခဲ့တာဟာ ခုမှမဟုတ်ပါဘူး။ ဦးနေဝင်းမှ ဦးသိန်းစိန်အထိပါ။ အမေရိကားလာမယ့် ဦးသိန်းစိန်ဟာ တရုတ်ဆီ အရင်ဝင်ပြီး သြဝါဒခံယူပွဲတွေလုပ်ရပါသေးတယ်။ ဗမာပြည်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ဘယ်လိုပြောင်းခဲ့ပါစေ တရုတ်ကို သံတော်ဦးတင်ခဲ့ရ၊ ကမ္ဘာ့ဖိအားပေးမှုတွေကြုံတိုင်း တရုတ်ရဲ့ သြဝါဒအတိုင်း လိုက်လုပ်ခဲ့ရတာတွေ ခုထိတွေ့ နေရတုန်းပါ။

သန့် ရှင်းအစိုးရလို့ လေသံကောင်းလွှင့်နေတဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ ဟာ ဒေါ်စုကိုမှီပြီး အနောက်အုပ်စုနဲ့ ပိုနီးကပ်လာလေလေ တရုတ်က လဲ သူ့ စားကျက်ကောင်းကြီး အလုခံရမှာ စိုးလာလေဖြစ်နေပါပြီ။ ဒါကြောင့် ဗမာကိုချော့တမျိုး ခြောက်တမျိုးနဲ့ ခြေထိုးကွက်တွေစိပ်လာတာဟာ သတိပြုစရာဖြစ်ပါတယ်။ တရုတ်ရဲ့လောဘကတော့ တောင်တရုတ်ပင်လယ်နဲ့ ထိစပ်နီးကပ်နေတဲ့ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ် စတဲ့နိုင်ငံများကိုလဲ ဂယက်ရိုက်နေဆဲ အခင်းအကျင်းတွေတွေ့ နေရပါတယ်။ တောင်တရုတ်ပင်လယ်ရေပိုင်နက်တွေကိုသက်ဆိုင်နိုင်ငံတွေက ကိုယ့်နိုင်ငံအကျိုးအတွက် ရှေ့ မျှော်ကြည့်ပြီး အပြိုင်အဆိုင်လုနေကြချိန် ငြင်းခုံနေကြချိန်မှာ ဗမာကလူကြီးမင်းများကတော့ မြေပေါ်မြေအောက် ရေပေါ်ရေအောက် တိုင်းပြည်ဘဏ္ဍာ ဒို့ ဘဏ္ဍာဟေ့လို သဘောထားနေကြသလားမသိပါဘူး။ ကိုယ့်ဗမာပြည်သူတွေကို မီးကုန်ယမ်းကုန် နှိပ်ကွက်နေတာ တွေ့ ရဆဲပါပဲ။ လက်ပံတန်းတောင် ကြေးနီတူးဖော်ရေးကိစ္စဟာ ခုဆိုရင် ပြည်သူတွေက ပိုပြီး စိတ်ပူလာ တာ တွေ့ ရနေပါပြီ။ အလွှာစုံ လူထုအစည်းဝေးပွဲကြီး ခင်းကျင်းပြီးအဖြေရှာနေကြပါပြီ။ ရန်ကုန်က ယုဇနဟိုတယ်မှာလဲ (၈၈) မျိုးဆက်တွေနဲ့ ဒေသခံတက်ကြွလှုပ်ရှားသူများကပါ တက်ရောက် ရှင်းလင်း ဆွေးနွေးပွဲတွေ ဒိအရင်က လုပ်ခဲ့ပါသေးတယ်။

သက်ဆိုင်ရာတာဝန်ရှိသူများကတော့ ပြည်သူ့ ဆန္ဒ၊ ဒေသခံတို့ ရဲ့ ဆန္ဒတွေကို လိုက်ရောဟန်မပြတဲ့အပြင် ဗြောင်ငြင်းတွေသာရှိနေဆဲပါ။ အောက်တိုဘာ(၁၅)ရက်က ပြုလုပ်သွားတဲ့ မြန်မာ့ဦးပိုင်နဲ့တရုတ်ဝမ်ပေါင်တို့ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းဖော်ပြတဲ့ မီဒီယာတွေကိုပါ ခြိမ်းခြောက်သံကြားလိုက်ရပါသေးတယ်။ ဝမ်ပေါင်မန်နေဂျင်းဒါရိုက်တာ မစ္စတာဂျင်းရီ (Mr GengYi) က သူတို့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မီဒီယာဖော်ပြမှုတွေကို ဥပဒေကြောင်းအရအရေးယူနိုင်တယ်လို့ မျက်နှာခပ်တင်းတင်း နဲ့ပြောသွားခဲ့ပါတယ်။ သူတို့အခွင့်အ ရေးအတွက်ဆက်လက် လုပ်ဆောင်သွားမယ်လို့လဲ အတိအလင်းပြောခဲ့ပါတယ်။ မြန်မာဦးပိုင်ဘက်မှတာဝန်ရှိသူက ဒေသခံတွေပြောတဲ့ သမိုင်းဝင် လယ်တီဆရာတော်ကြီးသတင်းသုံးခဲ့တဲ့ ကျောင်းဆောင်နဲ့စေတီကို မိုင်းခွဲမဖြိုခဲ့ကြောင်း၊ ကပ်လျက်ဘေးနားမှ မိုင်းခွဲခဲ့တာဖြစ် ကြောင်း၊ ထိုနေရာရှိ စေတီနဲ့ကျောင်းဟာ လယ်တီဆရာတော် သတင်းသုံးခဲ့ခြင်းမှာ မဟုတ်ကြောင်း၊ သူတို့ကိုယ်တိုင်လဲ ဗုဒ္ဓဘာသာ များဖြစ်လို့ ဒီလိုယုတ်မာမှု လုပ်မှာမဟုတ်ကြောင်းပြောခဲ့ပေမယ့် လုပ်ကွက်နဲ့မလွတ်တဲ့ အဆောက်အဦတွေကို သိပ္ပံနည်းကျ ရွှေ့ပြောင်းမှုသာလုပ်ဆောင်မယ့်အကြောင်း မေးမြန်းသူများကို မပြတ်မသား ဝေ့ဝါးစကားနဲ့ဖြေကြားခဲ့ပါတယ်။ သဘောကတော့ လုပ်စရာရှိတာ ဆက်လုပ်မယ်၊ နောက်ဆုတ်ပေးမှာ မဟုတ်ပါပေါ့။

နောက်တချက် မြန်မာ့ဦးပိုင်အကြောင်းလဲ သိထားသင့်ပါတယ်။ ဦးပိုင်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့နီးစပ် သူတွေ၊ လက်ဝေခံ ခရိုနီတွေရဲ့ ကုမ္ပဏီဖြစ်နေသလားဆိုတာပါ။ တော်တန်ရုံ အရပ်သားစီးပွားရေး သမားတွေ အနားမကပ်နိုင်တဲ့ လုပ်ငန်းတွေကို သူတို့ ပိုင်ဆိုင်နေကြလို့ပါ။ ဦးပိုင်လုပ်တဲ့ လုပ်ငန်းတွေကို ကြည့်ပါဦး။

(၁) ကျောက်မျက်တူးဖော်ရေး (မိုးကုတ်၊ မိုင်ရှူး၊ နန့်ယန်း၊ ဖားကန့်)
(၂) သတ္ထုတူးဖော်ရေး (နိုင်ငံ့ဒေသ အတော်များများ)
(၃) ကြယ်ငါးပွင့်နိုင်ငံခြားသင်္ဘော
(၄) ကုန်သေတ္တာလုပ်ငန်း
(၅) စီးကရက်စက်ရုံ
(၆) ဘီယာစက်ရုံ
(၇) သံမဏိစက်ရုံ
(၈) စားအုံးဆီတင်ပို့ မှုလုပ်ငန်း
(၉) သစ်အချောကိုင်လုပ်ငန်း
(၁၀) ကားတင်သွင်းရေး
(၁၁) မော်တော်ယာဉ်အစိတ်အပိုင်းတင်သွင်းရေး
(၁၂) ဆည်၊ တံတားဆောက်ပစ္စည်းတင်သွင်းရေး
(၁၃) ဂေါ်တန်ကျောက်တူးဖော်ရေး
(၁၄) သံချောင်းများတင်သွင်းရေး
(၁၅) တပ်မတော် ရမ်-အရက်ထုတ်လုပ်ရေး စတဲ့ မလွဲမသွေအမြတ်ရှိမယ့်လုပ်ငန်းများကို လက်ဝါးကြီးအုပ်ခွင့်ရထားပါတယ်။

ဇေယျဝတီ သကြားစက်ရုံကို နိုင်ငံပိုင်ကနေ (၂၅%) လျော့ကြေးနဲ့လွှဲပေးခဲ့တာ ဦးပိုင်ကိုပါ။ နိုင်ငံပိုင်သတင်းစာများက ပုဂ္ဂလိက ဦးပိုင်ကုမ္ပဏီထံရောင်းချလိုက်ကြောင်းလို့သုံးပါတယ်။ ဒါဆိုရင် ဦးပိုင်ကုမ္ပဏီကိုပုဂ္ဂလိက သတ်မှတ်ကြစို့။ ဒါပေမယ့် လက်ပံတန်းတောင်ကိစ္စမှာ ရဲတွေကို တေ ယာက် နေ့ စား (၂၀၀၀) ကျပ်ပေးပြီး ဆန္ဒပြသူတွေကိုနှိမ်နင်းခိုင်းတာ ဦးပိုင်ပါဆိုတဲ့သတင်းကြောင့် ဦးပိုင်မှာ စစ်တပ်နဲ့အနွယ်ဝင်တွေပါ နေတာကို သတိပြုစေခဲ့ပါတယ်။ နိုင်ငံပိုင်ရဲတပ်ဖွဲ့ကို ဘယ်ပုဂ္ဂလိကများ ခိုင်းစေနိုင်ပါသလဲ၊၊ ရှင်းပါတယ်။ စစ်တပ်က ပါဝါရှိသူများကသာ ခိုင်းစေနိုင်မှာပါ။ လက်ပံတန်းတောင်လူထုအစည်းဝေးပွဲအတွက် ခိုင်းစေခံရတဲ့ ရဲအုပ် အောင်ကြည်စိန်၊ ရဲဒုအကြပ် အောင်ဝင်းထွန်းတို့က ထုတ်ဖော်ပြောဆိုခဲ့လို့ သိရတာပါ။ သူတို့ နှစ်ယောက်လဲ ချက်ချင်းအရေးယူခံရပြီး ချင်းပြည်နယ်ဖက်ကို ရွှေ့ ပြောင်းခံလိုက်ရပါတယ်။ ဒါကြောင့် ဦးပိုင်ဟာ အာဏာရှိသူတွေနဲ့နှီးနွယ်နေကြောင်း သိစေနိုင်တဲ့အချက်ပါပဲ။

စစ်တပ်နဲ့ပေါင်းစားနေတဲ့ ခရိုနီတွေဟာ တိုင်းပြည်သယံဇာတတွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ပေါင်းပြီး ရမ်းခွင့်ရတိုင်းရမ်းကားနေ၊ ကျိကျိ တက် ချမ်းသာနေပါတယ်။ အရင်က နိုင်ငံပိုင်တွေဟာ စစ်တပ်နောက်ခံခရိုနီတွေလက်ထဲမှာရှိနေသမျှတော့ တိုင်းပြည်ဝင်ငွေဆုတ်ယုတ်၊ ပြည်သူတွေ အနေစုတ်ဖြစ်နေဦးမှာပါ။

တိုင်းပြည်မှာ သယံဇာတတူးဖော်ရေးတွေ မလုပ်ရတော့ဘူးလားလို့ သူတို့ ဘက်က မေးသင့်ပါတယ်။ လုပ်ရပါတယ်။ ဒါပေမယ့် စာမချုပ်မီ ထည့်စဉ်းစားရမှာက တူးဖော်ရာကထွက်လာမယ့် စွန့်ပစ်ပစ္စည်းများအန္တရာယ်၊ လုပ်ကွက်နေရာက လူနေအိမ်၊ ယာမြေများကို အစားထိုးဖြည့် ဆီးရေး၊ ဘေးထွက်ဆိုးကျိုးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်ရေး၊ သမိုင်းဝင်အဆောက်အဦများ လွတ်ကင်းရေး၊ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်စတဲ့အချက်တွေကို အရင်ပိုက်စိပ်တိုက် လေ့လာသုံးသပ်ပြီးမှ စာချုပ်သင့်ပါတယ်။ “နိုင်ငံတော်သည် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်” လို့ ခုပြဌာန်းထားတဲ့ ဥပဒေ အပိုဒ်(၄၅) မှာ ပါဝင်ပါတယ်။ တူးဖော်ရေးလုပ်ငန်း တွေမှာ နိုင်ငံတော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို တကယ်ကာကွယ်မှုရှိ-မရှိ၊ ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ချင်းတွင်းဧရာမြစ်ဆုံ မုံရွာဒေသကြေးနီတူးဖော်ရေးစီမံကိန်းတွေက ပြောပြနေကြပါတယ်။ ဒါပေမယ့်လဲ ပြည်သူ့ ဆန္ဒများကို ဦးပိုင်နဲ့အစိုးရပိုင်း ဟာ ပွင့်လင်းမြင်သာတဲ့ လိုက်လျောမှုတွေလုပ်မပြသေးပါဘူး။ မြစ်ဆုံရေအားလျှပ်စစ်ထုတ်ရေးတောင် ဦးသိန်းစိန် သမ္မတ သက်တန်းမှာ ဆိုင်းငံ့အဆင့်ချွေးသိပ်ထားတာပါ။ တရုတ်သံအမတ်က သူတို့ အစိုးရဟာ နောက်ဆုတ်ပေးမှာမဟုတ်ကြောင်း သတင်းလွှင့်တာလဲကြားမိပါ သေးတယ်။

တရုတ်နဲ့မြန်မာဟာ ဆွေမျိုးပေါက်ဖော်တွေဆိုပြီး အသံလွှင့်ခဲ့တာဟာ ဦးနေဝင်း (မဆလ)မှသည် စစ်အုပ်စုများကြီးစိုးတဲ့ ယနေ့ တိုင်ထိပါ။ တကယ်တော့ တရုတ်က မြန်မာနိုင်ငံအပေါ်ဆက်ဆံမှုဟာ ဆွေမျိုးပီသမှု၊အိမ်နီးချင်းပီသမှုမျိုးမရှိပါဘူး။ မြန်မာ့သယံဇာတတွေကို အောက်လမ်းနည်း၊အပေါ်လမ်းနည်းစုံသုံးပြီး တရုတ်ကအဆီစုပ်ယူပါတယ်။ သူ့ရဲ့ နိုင်ငံတကာစံမမီအမှိုက်တွေကို မြန်မာပြည်ထဲပြန်သွင်း ငွေရှာပါ တယ်။ ဒီလိုလုပ်နိုင်ဖို့ တရုတ်က စစ်အုပ်စုနဲ့ဖြစ်စေ၊ စစ်အုပ်စုနောက်ခံ ခရိုနီတွေကိုဖြစ်စေ လာဘ်ထိုးပြီး လုပ်ကွက်စားကွက်တွေကို လက် ဦးမှုယူထားပါတယ်။ ယခင်က အနောက်နိုင်ငံများရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုဟာ တရုတ်အစိုးရအတွက် အကွက် ဆိုက်စေခဲ့တဲ့ ရလာဒ်ကောင်းဖြစ်သွားခဲ့ရတာပါ။

ခု ဗမာ့နိုင်ငံရေးအခင်းအကျင်းဟာ ပြောင်းစပြုလာချိန်မှာတော့ တရုတ်မျက်ခုံးလှုပ်လာပါတယ်။ ဗမာကို အရင်ကထက်ပိုအာရုံပြုလာပါတယ်။ အမေရိကန်နဲ့ဗမာ နီးကပ်လာတာဟာ တရုတ်ရဲ့ ပစ္စဖိတ်စိုးမိုးရေး။ တရုတ်ပြည်လုံခြုံရေးကိုထိပါးစေတယ်လို့ တရုတ်က မြင်နိုင်ပါတယ်။ ဒါကြောင့် ချော့ခြောက်နည်းတွေ သုံးနေတာတွေ့ ရတာပါ။

တလောက ဗမာဆန်တင်ပို့ မှုကို တရုတ်က ပိတ်ပစ်တာ၊ ပုဇွန်တွေမှာ ဆပ်ပြာရည်ပါနေတယ်၊ ပိုးတွေ့ တယ်ဆိုပြီးပြန်ပို့ တာမျိုးလုပ်ပြတာဟာ စီးပွားရေး ညစ်ပတ်တာတွေဖြစ်ပါတယ်။ သူတို့ ပိတ်တဲ့ ဗမာဆန်ကို အမေရိကန်ကဝယ်တယ်။ ပုဇွန်ကို စင်ကာပူက ပြန်ဝယ်တယ်။ တရုတ် ပြောသလို ပိုးရှိ၊ မသန့် ရှင်းရင် ဒီနိုင်ငံတွေကဝယ်ပါ့မလားဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဒါဟာ ဗမာအစိုးရကို သွင်းကုန်တွေကို သူတို့  ပိတ်ပစ်နိုင်တယ်လို့ သွေးတိုးစမ်းခြိမ်းခြောက်ခြင်းပါပဲ။ ဒါပေမယ့်လဲ ရေရှည်စီမံကိန်းတွေကြောင့် တရုတ်က ဗမာကို အလျဉ်းတင်းမာမှုတွေ မလုပ်ရဲနိုင်ပါဘူး။ သို့ ပေမယ့်လဲ တရုတ်နဲ့ဗမာချုပ်ဆိုထားတဲ့စာချုပ်တွေ ဘယ်လောက်ရှိနေသလဲဆိုတာကို ပြည်သူတွေမသိကြသေးပါဘူး။ ဗမာအစိုးရအနေနဲ့ ရေရှည်စီမံကိန်းများမှာ တခြားနိုင်ငံတွေနဲ့ဖြစ်စေ၊ အထူးသဖြင့် တရုတ်နဲ့လုပ်ကိုင်မှုတွေမှာ ပြည်သူ့ ထံ ပွင့်လင်းမြင်သာမှုများချပြနိုင်ဖို့ အရင်လုပ်ရန် တိုက်တွန်းလိုပါတယ်။ တရုတ်နဲ့ချုပ်ဆိုထားတဲ့ ရေရှည်ရေတို စီမံကိန်းတွေရှိရင်လဲ ပြည်သူနဲ့တိုင်းပြည် နစ်နာမှုများမရှိဖို့ ပြန်လည် ညှိနှိုင်းမှုများပြင်ဆင်ဆောင်ရွက်စေချင်ပါတယ်။

ဘာဖြစ်လို့ တရုတ်ကို ဇောင်းပေးပြောနေရတာလဲဆိုရင် တခြား အနောက်နိုင်ငံများနဲ့မတူဘဲ တရုတ်အစိုးရဟာ ဂုဏ်သိက္ခာကင်းမဲ့လို့ပါ။ အနောက်နိုင်ငံတွေက အလုပ်လုပ်ရင် ကာကွယ်မှုကို ဦးစားပေးတတ်၊ လူ့ အခွင့်အရေးတွေ ရှေ့ ရှုတတ်ကြပါတယ်။ တရုတ်ကတော့ သူ့ တပါးတိုင်းပြည်အတွက်၊ သူများလူ့ အခွင့်အရေးအတွက် ဘယ်တုန်းကမှ ထည့်တွက်ရိုးမရှိလို့ပါ။ ဗမာနဲ့ဆိုင်တဲ့တရုတ်သဘောထားတွေကို သာဓကအနေနဲ့ထုတ်ပြရရင်တော့ဒီမိုကရေစီရေးမှာ တောက်လျှောက် ဗီဒိုအာဏာသုံး ပိတ်ပင်လာတာ၊ ကချင်ဗမာပြည်တွင်းစစ်မှာ တရုတ်နယ်စပ်ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံတကာစံညွှန်းကို ချိုးဖောက်ပြီးအတင်းအကြပ် ပြန်မောင်းထုတ်တာ၊ (ဒီကိစ္စကို တရုတ်အစိုးရက ကချင်ဒုက္ခသည်တွေကို သူတို့ မောင်းမထုတ်ပါဘူး၊ ဒုက္ခသည်တွေက သူတို့ သဘောနဲ့ နေရပ် ပြန်သွားတာပါလို့ ကမ္ဘာကို ဗြောင်ညာခဲ့ပါတယ်)၊ နောက်ပြီး သူများနိုင်ငံသဘာဝထိန်းသိမ်းရေးတွေထည့်မစဉ်းစားတာတွေ မြင်တွေ့ နိုင်ပါတယ်။ အရင်တုန်းက ဗမာ့ကျွန်းတွေကို အောက်လမ်းနည်း၊ အပေါ်လမ်းနည်းနဲ့ဝယ်ယူခဲ့တဲ့တရုတ်ဟာ ခုဆိုရင် အပင်ပေါက်တွေပါ အမြစ်တူးယူနေကြောင်းလဲ သိရပါသေးတယ်။

တရုတ်က ဗမာမှာ ဒီလိုလုပ်နိုင်ခဲ့တာဟာ တရုတ် အပြစ်ကြီးပဲတော့ မဟုတ်ပါဘူး။ လူတွင်ပါမှနွား ကျားကိုက်ခံရ၊ပုဆိန်ရိုးလို ကိုယ့်အမျိုးကို ပြန်ခုတ်တဲ့လူတန်းစားတွေ ကြီးစိုးခံနေရလို့ပါ။အချုပ်ဆိုရရင်တော့ တိုင်းပြည်အတွက်အရှည်အကျိုးမကြည့်ဘဲ ကိုယ့်ကောင်းစာရေး သာကြည့် တတ်တဲ့ စစ်အုပ်စုနဲ့နီးစပ်သော ဦးပိုင်ကုမ္ပဏီလိုမျိုးတွေ၊စစ်အုပ်စုတွင်းက အကျင့်ပျက် သဘောထားတင်းမာသူတွေကို မဖယ် ရှားနိုင်သေးသရွေ့  လက်ပံတန်းတောင်လိုပြဿနာတွေ ဆက်တက်နေဦးမှာပါ။ ဒီလိုလူတန်းစားတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့အချိန်မီ မဖယ်ရှားနိုင်ရင်ဗမာဒီမိုကရေစီနိုင်ငံထူထောင်ရေးဟာ နှောင့်နှေးကြန့် ကြာနေမှမလွဲသလို တရုတ်တို့ ရဲ့ စီးပွာရေး၊ နိုင်ငံရေးအရဗမာအပေါ် သြဇာတစုံတရာသက်ရောက်ခံရမှုများ ကြုံတွေ့ နေရမယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

တရုတ်နဲ့ကလဲ ဗမာဟာ အစိမ်းခြွေဖြတ်မရနိုင်သေးဘူးဆိုတာ သဘောပေါက်ပါတယ်။ ရေရှည်စီမံကိန်းတွေအရဆက်ဆံနေရမှာပါ။ ဆက်ဆံတဲ့အခါမှာ တိုင်းပြည်နဲ့ပြည်သူတွေမထိခိုက်ရအောင်၊ ပြင်ဆင်စရာတွေကို တရုတ်နဲ့ ထပ်ညှိပြင်ဆင်နိုင်ရေးကို ဗမာအစိုးရက လုပ်ဖို့လိုပါတယ်။ ဒီလို မလုပ်နိုင်ခဲ့ရင် “ဗမာပြည်ဟာ ဇိန ကိုလိုနီနယ်ဖြစ်နေပြီလား”လို့ ပြည်သူတွေက မေးခွန်းထုတ်ရပါ လိမ့်မယ်။

http://moemaka.com/?p=28706

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။