/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 9, 2012

.

ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့် လက်နက်ပုန်းများသယ်ဆောင်ပြီး သွားလာနေသည့် ယာဉ်များကို စီမံချက်ဖြင့် အရေးယူမှု စတင်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့် တုတ်၊ ဓား စသည့် လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသော ယာဉ်များကို ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် အထူးစီမံချက်ချမှတ်ကာ စတင်အရေးယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနှင်နေသူများ အများဆုံး မောင်းနှင်နေသည့် နေရာများတွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ အဖွဲ့များခွဲပြီး စောင့်ကြည့် ဖမ်းဆီးသွားမည်ဖြစ်ပြီး တုတ်၊ ဓားစသည့် လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသော ယာဉ်များကို ပိတ်ဆို့ စစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ''အခု ကားပြိုင်မောင်းနေတဲ့ အုပ်စုတွေနဲ့ လက်နက်ပုန်းတွေ သယ်ဆောင်ပြီး သွားလာနေတဲ့ ယာဉ်တွေကို အထူးစီမံချက် အနေနဲ့ ချမှတ်ပြီးတော့ ဖမ်းဆီးအရေးယူ နေပါပြီ။

ရန်ကုန်မြို့ ညပိုင်းအချိန်တွေမှာ ကားပြိုင်မောင်းနေတဲ့ နေရာတွေဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ပြည်လမ်းတစ်လျောက်ကို အဖွဲ့တွေခွဲပြီးတော့ စောင့်ကြည့်စစ်ဆေးပြီးတော့ ဖမ်းဆီးသွားပါမယ်။ တချို့ဖြစ်စဉ်တွေကို ချက်ချင်းဖမ်းဆီး အရေးယူသွားမယ်။ တချို့ဖြစ်စဉ်တွေကိုတော့ မှတ်သားပြီး ဖမ်းဆီးသွားပါမယ်၊၊

အဲဒီကားတွေက လိုင်စင်မဲ့ယာဉ်တွေဖြစ်ခဲ့ရင် လိုင်စင်မဲ့ဥပဒေနဲ့ ထပ်မံ အရေးယူသွားပါမယ်။ ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာ ပူးပေါင်းအဖွဲ့တွေက ယာဉ်ပိတ်ဆို့ စစ်ဆေးမှုတွေကို အမြဲပြုလုပ်သွားပြီးတော့ လက်နက်ပုန်းတွေ သယ်ဆောင်သွားလာနေတဲ့ ယာဉ်တွေတွေ့ရင်လည်း အရေးယူသွားပါမယ်'' ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အထူးစီမံချက်ဖြင့် စစ်ဆေးအရေးယူမှုကို နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်အတွင်း ကားပြိုင်မောင်းနေသူများကို က.ည.န၊ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ် ထိန်း၊ မ.ထ.သ၊ စည်ပင်စသည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့ဖွဲ့ စည်းပြီး အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုပါသည်။

ယင်းကဲ့သို့ ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနေသူများကို ယခင်ကလည်း အရေးယူမှုများရှိသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ် နှင့်ကမာရွတ်မြို့နယ်တို့တွင် ကားပြိုင်မောင်းသူများက အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းရိုက်နှက်သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။