/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 26, 2012

.

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင် စက်ရုပ် ပညာရှင်


စက်ရုပ်လို့ သိထားကြတဲ့ (Robot) ဆိုတဲ့ စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလို ဗက်ကီးယား စာရေး ဆရာ Karel Capek က သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင် အသုံးပြု ခဲ့တယ်လို့ ဆိုကြပါတယ်။

Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက် လာတာဖြစ်ပြီး ချက်ဘာသာ စကားအရ အလုပ်ကို တကုပ်ကုပ် လုပ်နေရတဲ့ အလုပ်သမား၊ စလိုဗက်ခ်ဘာသာ စကားအရ အလုပ်လို့ ဆိုလိုကြောင်း သိရပါတယ်။

မှတ်တမ်းများ အရ ရှေးဦး စက်ရုပ်ကို ၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ ဂျက်ကွက်ရက်က တည်ဆောက် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စက်ရုပ်ဟာ စာရေးတဲ့ စက်ရုပ်ဖြစ်ပြီး စာလုံးလေးဆယ်ကျော်ရေးသားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ရှေးဦး စက်ရုပ်တွေထဲက ကျွန်တော် သဘော အကျဆုံး စက်ရုပ်ကတော့ ဂျပန် ပညာရှင် တစ်ဦး တီထွင်ခဲ့တဲ့ လူတူ စက်ရုပ်ဖြစ်ပါတယ်။

ဂျပန် အက်ဒီဆင်လို့ ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့လူတူစက်ရုပ်ပါ။

အဲဒီ စက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ လိုက်ပို့ပေးနိုင်သလို မြှားကျည်တောက်ထဲက မြှားကိုလည်း ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန် အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စက်မှု လုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို လွန်ခဲ့တဲ့နှစ်များစွာ အတွင်း အင်ဂျင်နီယာ တစ်ဦးက အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့ဖူးပါတယ်။ အဲဒီမြန်မာ့ရှေ့ဆောင် စက်ရုပ် ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။

ဆရာဦးကြည်ကို ၁၉၃၄ ခုနှစ်၊ ဇွန်လ၊ ၁ရက်နေ့၊ ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က ထားဝယ်မြို့ အထက်တန်းကျောင်းမှာ ပညာ သင်ကြား ခဲ့ပါတယ်။

ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန် စက်မှု လက်မှု သိပ္ပံမှာ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို ဆည်းပူး ခဲ့ပါတယ်။

ဒါပေမယ့် ဆရာဟာ စက်မှုအင်ဂျင်နီယာ ဘာသာ ရက်ကို ပိုစိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၅၄ ခုနှစ်မှာ ဆရာဟာ အင်းစိန် စက်မှုလက်မှု သိပ္ပံမှာ A.G.T.I(civil) ဒီပလိုမာ ဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

နောက်ပိုင်း ဆရာဟာ ကလောစက်မှု လက်မှု သိပ္ပံမှာ လက်ထောက် ကထိက အဖြစ် တာဝန် ထမ်းဆောင်ပြီးနောက် အမေရိကန်ကို နှစ်ရှည် သင်တန်း တက်ရောက်ဖို့ စေလွှတ် ခံခဲ့ရပါတယ်။

နိုင်ငံရပ်ခြားမှာ ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ် တီထွင်ဖို့ အကြံရခဲ့တာလို့ ဆိုပါတယ်။

ဆရာဟာ နိုင်ငံခြားကပြန်လာပြီးတဲ့နောက် အင်းစိန် စက်မှု လက်မှု သိပ္ပံမှာ တာဝန် ထမ်းဆောင်ရင်း စက်ရုပ် တီထွင်ဖို့ စလုပ်ပါတယ်။

ဆရာဟာ တပည့်တွေကို စာသင်ကြားပေးရင်းနဲ့ သက်ဆိုင်ရာ စာအုပ် စာတမ်းများကို ရှာဖွေလေ့လာဖတ်ရှုရင်း တပည့်တွေ အကူအညီနဲ့ အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေ စုဆောင်းပါတယ်။ အဆင်သင့်ဖြစ်သွားတဲ့ အချိန် ၁၉၈၆ ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ ၀ါသနာပါတဲ့ ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင် တီထွင် တပ်ဆင်ကြပါတယ်။

စက်ရုပ်အတွက် ကုန်ကျ စရိတ် အားလုံးကို ထိုစဉ်က စက်မှု၊စိုက်ပျိုးနှင့် အသက်မွေး ပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ခြောက်လ အကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြပါတယ်။

အဲဒီစက်ရုပ်ကို မော်တော်ကား ဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ် တီထွင် ခဲ့တာပါ။ အဲဒီ စက်ရုပ်ဟာ ကောင်းမွန်စွာ ထိုင်နိုင်၊ ထနိုင်၊ လမ်းလျှောက်နိုင်ပြီး ဆေးမှုတ်တဲ့ နေရာမှာလည်း တိကျသေချာတယ်လို့ ဆိုပါတယ်။ ၁၉၈၆ခုနှစ် ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက် အများဆုံး တီထွင်မှုဖြစ်ခဲ့ပါတယ်။

ဆရာဟာ အဲဒီ စက်ရုပ် မထွင်ခင်ကတည်းက အလိုအလျောက် ဖွင့်ပိတ် တံခါး၊ နိုင်ငံခြားမှာ ယခုတိုင် သုံးနေကြဆဲ ကော်ဖီ ရောင်းစက်ကဲ့သို့သော လက်ဖက်ရည် ရောင်းစက်၊ Remote control မော်တော်ကား တို့ကိုလည်း တီထွင်ခဲ့ပြီး ဖြစ်ပါတယ်။

Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင် သိပ်မတွင်ကျယ်သေးတဲ့ အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာလူး အကောင်းနဲ့ အပုပ်ရွေးတဲ့စက်၊ ဘီစကွတ် အမျိုးအစား အဆိုးအကောင်းရွေးတဲ့ စက်တွေလည်း တီထွင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဆရာဟာ စက်ရုပ်ကို လူတို့ရဲ့ အမိန့်ပေး စကား နာခံနိုင်စေရန်နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေးကူညီမှု နည်းပါးခြင်းတို့ကြောင့် လက်လျှော့ခဲ့ရတယ်လို့ဆိုပါတယ်။ ဆရာရဲ့ပြိုင်ပွဲဝင် စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။

ဆရာဟာ ဆက်လက်ပြီး နိုင်ငံ့တာဝန်များကို ရာထူး အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး အောင်ဆန်းစက်မှုလက်မှုသိပ္ပံနှင့် အထွေထွေ ပြုပြင်ရေး ကျောင်းအုပ်ကြီး အဖြစ်မှ ၁၉၉၄ ခုနှစ်မှာ အနားယူ ခဲ့ပါတယ်။

ဆရာရဲ့ ဘ၀ တစ်လျှောက်မှာ နိုင်ငံခြားတိုင်းပြည်များမှ ကုမ္ပဏီတွေက အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ လုံးဝ ထွက်မသွားဘဲ နိုင်ငံအတွက် ပြည်တွင်းမှာပဲ တပည့်တွေကို ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။

အဲဒီ အချိန်တုန်းက စက်ရုပ်တီထွင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့ အလုပ်မှန်း လူတိုင်းသိနိုင်ပေမယ့် ဆရာဦးကြည်ကတော့ အောင်မြင်အောင် လုပ်ဆောင်ပြသွား ခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated circuit)တွေကိုတောင် ပေါပေါများများ သိပ်သုံးနိုင်မယ် မထင်ပါဘူး။

အဲဒီလို IC နဲ့ Gear (ဂီယာ)ခေတ်က အင်ဂျင်နီယာ တစ်ယောက်ဟာ လူတူစက်ရုပ် တစ်ရုပ်ကို အစအဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့အကြောင်း ယနေ့ microprocessor နဲ့ servo motor ခေတ်မှ လူငယ်များ သိရှိအားကျ အတုယူနိုင်ကြစေရန် ရေးသား တင်ပြ လိုက်ရပါတယ်ခင်ဗျာ။

အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။