/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 10, 2012

.

ရန်ကုန်ရှိ ပုဂ္ဂလိက စက်သုံးဆီ ၂၁ ဆိုင် ဂါလန်မပြည့်ဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင် အရောင်းဆိုင် ၂၃ ဆိုင်အနက် အရောင်းဆိုင် ၂၁ ဆိုင်သည် သတ်မှတ် အခြင်အတွယ် (ဂါလန်) ပြည့်မီခြင်းမရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်လိုက်သည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရောင်းဝယ်ရေးအရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာအတွင်း အထက်ပါပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အရောင်းဆိုင် ၂၁ ဆိုင်မှ ဆီပန့်များသည် သတ်မှတ်အခြင်အတွယ် (ဂါလန်) ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “စက်သုံးဆီ အရည်အသွေး၊ အခြင်အတွယ်နဲ့ တရားမဝင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေမှုတွေကို လိုက်လံပြီး ရှောင်တခင်စစ်ဆေးတာပါ။ အဲဒီမှာ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဆိုင်ပေါင်း ၂၁ ဆိုင်က အခြင်အတွယ် မပြည့်တာကို တွေ့ရတယ်။ အပြင်အခေါ်တော့ ခြင်ခွက်မပြည့်ဘူးပေါ့ဗျာ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်း တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ အနေဖြင့် ယင်းသို့ အခြင်အတွယ် လျော့နည်းခြင်းကို စစ်ဆေးတွေ့ရှိခဲ့သည့် အရောင်းဆိုင် ၂၁ ဆိုင်နှင့် ၄င်းဆိုင်ပိုင်ရှင်များဖြစ်သည့် သက်ဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီ အဖွဲ့အစည်းများထံသို့ ပထမအကြိမ်အဖြစ် တရားဝင် သတိပေးစာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ယင်းကပြောသည်။

ယင်းအပြင် သတိပေးခံရသည့် အရောင်းဆိုင်များအနေဖြင့် ထပ်မံပြီး အခြင်အတွယ် လျော့နည်းကြောင်း စစ်ဆေးတွေ့ရှိပါက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူးဖြစ်ပြီး ပုဂ္ဂလိကစက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်ဖြစ်သူ ဒေါက်တာဝင်းမြင့်က “ဌာနအနေနဲ့ တရားဝင် စစ်ဆေးပြီးမှ ထုတ်ပြန်လိုက်တာဆိုတော့ အသင်းအနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ဒီလိုထုတ်ပြန်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့လဲ နောက်ထပ်ဒီလို မဖြစ်ရအောင် ပြုပြင် လုပ်ကိုင်သွားဖို့ လိုတာပေါ့” ဟု မှတ်ချက်ပေး ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။