ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာစေရန်အတွက် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၁၀ ရက်က နေပြည်တော် ရှိ နိုင်ငံတော်သမ္မတရုံး ခန်းမဆောင်၌ ကျင်းပသော မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ ဖြစ်ကြ သည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင် စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသော ပုဂ္ဂိုလ်များဖြစ်သည့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသော ပုဂ္ဂိုလ်များက နိုင်ငံတော် သမ္မတ၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတ မိန့်ခွန်းပြောကြားရာတွင် ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာ ယုံကြည် ထားကြောင်း၊ တိုင်းပြည်ရဲ့တာဝန်၊ အစိုးရရဲ့ တာဝန်တွေကို မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင် အကောင်အထည်ဖော်ကြ ရမှာ ဖြစ်ခြင်းကြောင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစွန်းတစ်ဖက်သို့ ရောက်မသွားစေဖို့ အထူးသတိပြုပြီး မူဝါဒများကို ယုံယုံကြည်ကြည် ခံယူထားကြဖို့လိုကြောင်း၊ ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် အပြောင်း အလဲများ သိသာစွာ ထွက်ပေါ်လာစေရန်အတွက် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့ မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် အမှန်တကယ်ပြောင်းလဲလာဖို့၊ ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်၊ ဘာတွေလိုလား တောင့်နေကြတယ် ဆိုတာတွေကို သိရှိနားလည်အောင် လုပ်ကြဖို့ လိုကြောင်း၊ ပြည်သူတွေအကြားမှာ နေထိုင်ရှင်သန်နေကြရသော ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနှင့်အညီ ဂုဏ်သိက္ခာမြင့် မားတဲ့ အစိုးရယန္တရားတစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်၊ အထက်က ညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေ မှာ ထောက်ပြလာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့၊ အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့လိုကြောင်း၊ ကျွန်တော်တို့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့ အမှန်တကယ် ထိတွေ့ဆက်ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်အထိ ရောက်ရှိဖို့လိုကြောင်း၊ သို့မှသာ ကြိုးနီစနစ်များ လျော့နည်းပပျောက်သွားစေမှာဖြစ်ကြောင်း၊ နိုင်ငံတော် ရဲ့ မူဝါဒ၊ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေကို သိရှိနားလည်ပြီး အလုပ်ကို ရိုးရိုးသား သားနှင့် စေတနာထား ကြိုးစားလုပ်ဆောင်ကြပါ။ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူ ပြုပြင်ပေးသွားမှာဖြစ်ကြောင်း၊ သို့သော်လည်း ကိုယ့်ကျင့်တရား၊ စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တစ်ဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။