/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 20, 2012

.

မန္တလေးမြို့တွင်း အဆင့်မီတက္ကစီတွေ ပြေးဆွဲဖို့ စီစဉ်နေ


မန္တလေးမြို့တွင်း ခရီးသည်ပို့ဆောင်ရေးအတွက် အဆင့်မြင့် အငှားယာဉ်(Taxi) နဲ့ ဘတ်စ်ကားတွေ တင်သွင်းပြေးဆွဲနိုင်ဖို့ ကုမ္ပဏီတွေနဲ့ စီစဉ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးထံက သိရပါတယ်။

မြို့တွင်းပြေးဆွဲဖို့ တက္ကစီနဲ့ ဘတ်စ်ကား တင်သွင်းခွင့်အတွက် ကုမ္ပဏီလေးခုမှ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲ့ ထောက်ခံချက်နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီး အဲဒီအထဲကမှ လောလောဆယ် ကုမ္ပဏီတစ်ခု တင်သွင်းခွင့် ခွင့်ပြုချက် ရထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မန္တလေးဂုဏ် ကုမ္ပဏီလီမိတက်အတွက် တက္ကစီ ၅၀ စီးနဲ့ ဘတ်စ်ကား ၃၀ စီး တင်သွင်းပြေးဆွဲခွင့်ပြုဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

“မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်နေပါတယ်။ လေဆိပ်တွေ၊ ဘူတာရုံတွေ၊ မြို့တွင်း လူစည်ကားတဲ့ နေရာတွေမှာ ထားပေးမှာပါ။ မြန်မြန်လာစေချင်ပါပြီ” ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။

သြဂုတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြို့ပြနှင့် ကျေးလက်ဒေသ သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာလဲ မိုးသောက်နှင်း ကုမ္ပဏီက တက္ကစီ အစီး ၃၀၀ နဲ့ တင်သွင်းပြေးဆွဲခွင့်ရဖို့ တင်ပြ ထားတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် အဆင့်မီဘတ်စ်ကားလိုင်းနဲ့ တက္ကစီစနစ် ပီပီပြင်ပြင် မရှိသေးဘဲ လာမယ့် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်နဲ့ ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူတဲ့အခါ နိုင်ငံခြားသား ခရီးသွားနဲ့ ဒေသခံတွေ လုံခြုံ၊ အဆင့်မီစွာ သွားလာနိုင်ဖို့ ပုဂ္ဂလိကမြို့တော် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတွေ လိုအပ်လာမှာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။