/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 5, 2012

.

Apple ထုတ်ကုန်များ ပြည်တွင်း၌ တရားဝင် ဖြန့်မည်



ပြည်တွင်း နည်းပညာဈေးကွက်အတွင်းသို့ ကမ္ဘာကျော် အိုင်တီကုမ္ပဏီကြီးဖြစ်သည့် Apple Inc က မကြာမီအချိန်အတွင်း တရားဝင် ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သည့် Apple က မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် ပြည်တွင်းရှိ အိုင်တီကုမ္ပဏီအချို့နှင့် ထိုင်းနိုင်ငံတွင် နှစ်ကြိမ်၊ မြန်မာနိုင်ငံတွင် တစ်ကြိမ် သုံးကြိမ်တိုင် တွေ့ဆုံပြီးဖြစ်သည်။

ထို့ကြောင့် Apple ၏ နည်းပညာ ထုတ်ကုန်ပစ္စည်းများသည် မကြာမီ အချိန်အတွင်း ပြည်တွင်းဈေးကွက်သို့ ပထမဦးဆုံးအကြိမ် တရားဝင် ထိုးဖောက်လာတော့မည်ဟု သတင်းရရှိသည်။ Apple က လက်ရှိ ဆွေးနွေးညှိနှိုင်းနေသည့် ကုမ္ပဏီများအနက်မှ ၄င်းတို့၏ စည်းကမ်းချက်များကို အတိအကျ သဘောတူညီ လက်ခံနိုင်ပြီး ငွေကြေးစိုက်ထုတ်နိုင်မှု တတ်နိုင်သည့် ကုမ္ပဏီအချို့ကိုသာ တရားဝင် လုပ်ပိုင်ခွင့် ခန့်အပ်ပေးသည့် Authorized Distributor အဖြစ် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် ပြည်တွင်းကုမ္ပဏီ လုပ်ငန်းရှင်အချို့နှင့် Apple ကုမ္ပဏီတို့ စတုတ္ထအကြိမ်မြောက် ထပ်မံတွေ့ဆုံကြမည်ဖြစ်ပြီး ယင်းနောက်တွင် နှစ်ဖက်ညှိနှိုင်းမှုဖြင့် လုပ်ကိုင်ခွင့်ရရှိလာမည့် ကုမ္ပဏီများအနေဖြင့် ပြည်တွင်းတွင် Apple အမှတ်တံဆိပ် သီးသန့်အရောင်းပြခန်းများကို ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်သည်။

ထိုသို့ ရောင်းချရာတွင် ပြည်တွင်း၌ ဖွင့်လှစ်ရောင်းချမည့် Apple Show Room များအနေဖြင့် ယင်းကုမ္ပဏီမှ သတ်မှတ်ထားသည့် အရောင်းပြခန်း တည်ဆောက်ပုံစံအတိုင်း တိတိကျကျ လိုက်နာရမည်ဖြစ်ပြီး ဆက်စပ်ပစ္စည်းများ ရောင်းချမှုကိုလည်း Apple မှ သတ်မှတ်ထားသည့် ပစ္စည်းများကိုသာ ရောင်းချရမည် ဖြစ်သည်။

မကြာမီ အချိန်အတွင်း ပြည်တွင်းဈေးကွက်၌ လာရောက်ဖွင့်လှစ်တော့မည့် Apple Show Room များတွင် ရောင်းချမည့် Apple ထုတ်ကုန်မှန်သမျှသည် နိုင်ငံတကာဈေးနှုန်းများအတိုင်း ဖြစ်မည်ဟု ကေအမ်ဒီကုမ္ပဏီ၏ ဒုတိယအထွေထွေ မန်နေဂျာက ပြောသည်။

ယခုလက်ရှိ ပြည်တွင်း၌ Apple က တရားဝင်ခန့်အပ်ထားသည့် Authorized Distributor တစ်ဦးမျှ မရှိသေးကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။