/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 5, 2012

.

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ( ၉ ) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ တက်ရောက်ကြသည်။ရှေးဦးစွာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားသည်။

ပြောကြားချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-

ကျွန်တော်တို့ အစိုးရဟာ ပြည်သူများက ရွေးချယ်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့သဘောထားကို လေးစားလိုက်နာရမှာဖြစ်ပြီး ပြည်သူအများစုရဲ့ဆန္ဒကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တာဝန်ရှိလာ ပါတယ်။ပြည်သူရဲ့ သဘောထားဟာ စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ ပြောင်းလဲရန် ဖြစ်ပြီး ပြည်သူအများစုရဲ့ဆန္ဒဟာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးပင် ဖြစ်ပါတယ်။စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက် ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲ (Change) ကို လိုလား နေခြင်းဖြစ်ပါတယ်။ ထိုသို့ပြောင်းလဲရာမှာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ နိုင်ငံရေးနှင့် စီးပွားရေးကို ဦးတည်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ပြုပြင်ပြောင်းလဲမှု အားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် အဲဒီလုပ်ငန်းစဉ် အားလုံးသည်ပင် စနစ်သစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်ရန် ဖြစ်ပါတယ်။နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ အရာရာကို Rule of Law အတိုင်းဖြစ်ရန် အားထုတ်ကြိုးပမ်းရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ပဋိပက္ခ၊ တစ်နည်း အားဖြင့် လူမျိုးစု လက်နက်ကိုင် တိုက်ပွဲများ အဆုံးမသတ်နိုင်ခြင်းဟာ စီးပွားရေးတိုးတက်မှု ကို အဟန့်အတားဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုများ ပြန့်နှံ့တည်ရှိနေခြင်းဟာ ဒီမိုကရေစီနိုင်ငံရေးကျင့်စဉ် တည်ဆောက်ရာမှာ Rule of Law ခိုင်ခန့်မှုကို များစွာအားနည်းစေပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပဋိပက္ခ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရေးဟာ နိုင်ငံတော် တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ပင် ဖြစ်ပါတယ်။စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ခိုင်မာနေရန် လိုအပ်ပါတယ်။ အလားတူ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ခိုင်မာရန်အတွက် တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်စေရန် နိုင်ငံရေးနဲ့ စီးပွားရေးအခွင့်အလမ်းများကို တန်းတူညီမျှ ဖန်တီးပေးရန် လိုအပ်ပါတယ်။အဲဒီလို ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ တိုင်းရင်းသားပဋိပက္ခများ ပြေလည်ရေးကိုပါ ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အဲဒီလိုပြုပြင်ပြောင်းလဲ ဆောင်ရွက်မှသာ အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေး နဲ့ တိုင်းရင်းသားပဋိပက္ခများ ပြေလည်မှာနိုင်မှာ ဖြစ်ပါတယ်။ကျွန်တော်တို့ တိုင်းရင်းသားအားလုံးဟာ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်း အမိုးအကာ တစ်ခုထဲအောက်မှာ သမိုင်းအစဉ်အဆက် အတူတကွ နေထိုင်လာကြသူများ ဖြစ်ကြပါတယ်။ အိမ်ထောင်စုတစ်စုအတွင်းမှာပင် ဒီအဖေ၊ ဒီအမေကမွေးဖွားလာကြပေမယ့် သားသမီးများထဲမှာ အသားအရောင်မတူသူ၊ အရပ်အနိမ့်အမြင့် မတူသူ၊ စိတ်နေစိတ်ထား မတူသူ၊ ဓလေ့စရိုက်မတူသူ ဆိုပြီး ရှိတတ်ကြတဲ့အတွက် တိုင်းရင်းသားအချင်းချင်း မတူကွဲပြားမှုဟာ အဓိက မဟုတ်ဘဲ ပြည်ထောင်စုကြီးကိုချစ်မြတ်နိုးတဲ့ ပြည်ထောင်စု စိတ်ဓာတ်သည်သာ အဓိကဖြစ်ပါတယ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြတဲ့အတွက် တန်းတူရည်တူဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေး ရသင့်သူများဖြစ်ကြပါတယ်။

တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ ပြည်ထောင်စုအတွင်း တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာအခွင့်အရေးရရှိရေးပင် ဖြစ်ပါတယ်။၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသား များ၏မူလအခွင့်အရေးများ ပုဒ်မ ၃၄၈ မှာ “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ” ဆိုပြီးတော့ ဥပဒေဖြင့် အကာအကွယ် ပေးထားပြီးဖြစ်ပါတယ်။ တဖန် ပုဒ်မ ၃၄၇ မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာ တွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ဆိုင်ခွင့်ပေးရမည် ” လို့ ပါရှိပါတယ်။

တိုင်းရင်းသားများ လူမျိုးစုအလိုက် မိမိတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဓလေ့ထုံးတမ်းများနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၅ မှာ “နိုင်ငံသားတိုင်း သည် ဥပဒေနှင့် အညီ မိမိတို့ အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်” လို့ ဖော်ပြပါရှိတာကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မထိခိုက်အောင်၊ အခြား တိုင်းရင်းသားလူမျိုးတစ်ဦး သို့မဟုတ် အများကို မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများပြဋ္ဌဌာန်းပေးပြီး ခေတ်စနစ်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုရင် တိုင်းရင်းသား တို့ရဲ့ လိုအင်ဆန္ဒပြည့်ဝကြမယ့်အပြင် အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနဲ့ တိုင်းရင်းသားပဋိပက္ခများကိုပါ ပြေလည်သွားစေမယ်လို့ ယုံကြည် ပါတယ်။

ဒါ့ကြောင့် တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးတဲ့ ဥပဒေအရ ပြဋ္ဌဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများနဲ့ အခြားသော တိုင်းရင်းသား အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌဌာန်း ပေးမယ်ဆိုရင် မိမိတို့တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျှင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီကို အဖွဲ့ဝင် (၁၁) ဦး ဖြင့် ၂၀၁၂ ခုနှစ်၊ မေလ (၃) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဦးစီးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကိုလည်း အဲဒီနေ့မှာပဲ အဖွဲ့ဝင်(၅၀) ဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါတယ်။ အဖွဲ့ဝင်များထဲမှာ တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီး (၈) ဦး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့ များမှ ဝန်ကြီးချုပ် (၁၀) ဦး၊ တပ်မတော်မှ တိုင်းမှူး(၁၀) ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တိုင်းရင်းသား (၁၀) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသား (၉) ဦး၊ ဒုတိယဝန်ကြီး (၁) ဦးနဲ့ ဒုတိယရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နဲ့ ပြည်ထောင်စုလွှတ်တော်အဆင့် ဆိုပြီး အဆင့် (၃) ဆင့် ပိုင်းခြားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှာ လုပ်ငန်းတာဝန် (၅) ရပ်နဲ့ ပြည်ထောင်စုအဆင့်မှာ လုပ်ငန်းတာဝန်(၈)ရပ်တို့ကို မူဝါဒအဖြစ် ချမှတ် ပေးထားပြီး ဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားပေါင်းစည်း ညီညွတ်ရေးနဲ့ တိုင်းရင်းသားပဋိပက္ခများ ပြေငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုများနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ချမှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်များ အတိုင်း အောင်မြင်သည်အထိ စိတ်ရှည်သည်းခံမှု၊ နားလည် စာနာမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားအပ်ပါတယ်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဌ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြ ကြသည်။ယင်းနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို နံနက် (၁၀) နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။