/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 24, 2012

.

ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ စတင်ရုပ်သိမ်း


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) အား မေလ ၁၆ ရက်မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ “သမ္မတအမိန့်နဲ့ မထားတော့တာပါ။ ဒုရဲမှူးကြီး ခေါင်းဆောင်တဲ့ အင်အား ၇၀ လောက်ရှိတဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့နဲ့ အစားထိုးလဲလှယ်လိုက်တာပါ” ဟု ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်သော အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါ ဒုရဲမှူးကြီးတစ်ဦး ခေါင်းဆောင်သော အဖွဲ့အား ရန်ကုန်လေဆိပ်နှင့် နေပြည်တော်၊ မန္တလေးမြို့များတွင်ပါ ပြောင်းလဲတာဝန်ချထားလိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံတကာလေဆိပ်တွေမှာ စစ်တပ်မရှိရဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် ဒါကိုပြင်ပေးလိုက်တာ ဖြစ်တယ်” ဟု ပြည်ပအခြေစိုက် လေကြောင်းလိုင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။

သို့သော် လေဆိပ်တွင် ထောက်လှမ်းရေး အဖွဲ့အစည်းများဖြစ်သော အထူးသတင်းတပ်ဖွဲ့ (SB) နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) များကိုမူ ဆက်လက်ထားရှိကြောင်း သတင်းရရှိသည်။

“အဓိက စာအုပ်ရယ်၊ စာရွက်စာတမ်းတွေကို မယူလာရဲကြဘူး။ အရက်ပုလင်းတို့၊ ဆေးဝါးတို့လည်း စစ်ဆေးတယ်” ဟု ပြည်ပနိုင်ငံများသို့ မကြာခဏ သွားရောက်လေ့ရှိသူ NGO မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

စရဖအဖွဲ့များသည် လေဆိပ်တစ်ခုလုံး၏ လုံခြုံရေးတာဝန်ကို ယူထားသော သြဇာရှိသော အဖွဲ့အစည်းဖြစ်သည်။

ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကို ထောက်လှမ်းရေးအဖွဲ့ အပြောင်းအလဲလုပ်ပြီး ၂၀၀၄ နှစ်ကုန်တွင် စတင်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။