/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 13, 2012

.

ကြံ့ခိုင်ရေးပါတီ ဒီမိုကရေစီနည်းကျ ပြန်ဖွဲ့မည်


ဗဟိုက ဖွဲ့စည်းခန့်အပ်သော နည်းလမ်းဖြင့် တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရပ်ကွက်ကျေးရွာအဆင့်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဆင့်အထိ ရွေးကောက်တင်မြှောက်ခြင်း နည်းလမ်းဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။

“ဗဟိုအထိ ဒီမိုကရေစီနည်းနဲ့ ပြန်ဖွဲ့မှာပါ” ဟု ၄င်းကဆိုသည်။ အခြေခံပါတီဝင် ၁၀ ဦးစီမှတစ်ဆင့် ခေါင်းဆောင်တစ်ဦးစီ မဲစနစ်ဖြင့် ရွေးချယ်ကာ ၄င်းတို့က ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များကို ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကော်မတီဝင်များက မြို့နယ်ကော်မတီဝင်များကို ထပ်ဆင့်ရွေးချယ်ကာ မြို့နယ်ကော်မတီဝင်များက တိုင်းဒေသကြီး ကော်မတီဝင်များကို ပြန်လည်မဲပေး ရွေးချယ်ကြမည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကိုမူ ပြည်လုံးကျွတ် ပါတီညီလာခံတွင်သာ ပြန်လည်ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအဆင့်မှ တိုင်းဒေသကြီးအဆင့်အထိ ပါတီ ပြန်လည်ဖွဲ့စည်းခြင်းကို မေလနှင့် ဇွန်လအတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်လုံးကျွတ် ပါတီညီလာခံ ပြုလုပ်မည့်အချိန်ကိုမူ အတိအကျ မသိရှိသေးသော်လည်း နှစ်စဉ်ကျင်းပနေကျ ဒီဇင်ဘာလတွင် ပြုလုပ်နိုင်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

“ဒီမိုကရေစီနည်းနဲ့ ပါတီဖွဲ့စည်းတယ်ဆိုတာ လုပ်ဆောင်ရမယ့်အလုပ်ပဲ။ ပါတီကြီးတွေက ရှေ့ဆောင်ပြီး လုပ်ပြရမယ်” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းရီက သုံးသပ်ပြောကြားခဲ့သည်။ ပါတီပြန်လည်ဖွဲ့စည်းရာတွင် မဟာဗျူဟာအရ ပြောင်းလဲခြင်းရှိမည်မဟုတ်ဘဲ နည်းဗျူဟာပိုင်းဆိုင်ရာ ဆောင်ရွက်ခြင်းများတွင်သာ အခြေအနေ၊ အချိန်အခါအရ ပြောင်းလဲဆောင်ရွက်ခြင်းများ ရှိနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။