/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 3, 2012

.

ကြားဖြတ် ရွေးကောက်ပွဲမှ သယ်ဆောင်လာသည့်မျှော်လင့်ချက်များ


ယမန်နေ့က ရွေးကောက်ပွဲတွင် မသမာမှုများ၊ အရှိန်အ၀ါသုံးစွဲမှုများ၊ ကန့်သတ်မှုများ ရှိခဲ့သည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှန်းဆထားသည့် နေရာ ၄၀ ကျော်ကို အနိုင်ရလိုက်ပြီဖြစ်သည်။

ယမန်နေ့ညနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နေရာ ၄၀ ကိုတရားဝင်ကြေညာ အသိအမှတ်ပြုလိုက်ရာ အဖွဲ့ချုပ်က မျှော်လင့်ထားသည့် အရေအတွက်ကို ပြည့်မှီသည်ဟု ဆိုနိုင်ပြီဖြစ်သည်။

ယခုအခါ အဖွဲ့ချုပ်၏ မျှော်မှန်းထားသည့် အတိုင်းအတာ ရွေးကောက်ပွဲတွင် ရလိုက်ပြီဆိုလျှင် မြန်မာ့နိုင်ငံရေး ရှေ့တွင်ဘာတွေ ဖြစ်လာမည်နည်း။

လူတွေက ဘာတွေမျှော်လင့်ထားကြသလဲ၊ အဖွဲ့ချုပ်အနေဖြင့်ရော လွှတ်တော်ထဲ ရောက်ပြီဆိုလျှင် ဘာတွေဆောင်ရွက် နိုင်မည်လဲ။

စသည့်မေးခွန်းများမှာ လူထုနှင့် နိုင်ငံရေး စိတ်ဝင်စားသူများ အကြားပေါ်ထွက်နေမည်မှာ မလွဲပါ။

အခွင့်အရေးကို အသုံးချ

ယခုတကြိမ် အဖွဲ့ချုပ်က ရရှိလိုက်သည့် အခွင့်အရေးသည် ၁၉၉၀ ခုနှစ်နောက်ပိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွက် အကြီးဆုံးသော အခွင့်အရေး ဖြစ်ပေလိမ့်မည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်လိုက်သော်လည်း လွှတ်တော်ခေါ်ယူဖို့ ဝေးစွ၊ အခြေခံဥပဒေပြုစုရေးအတွက် ရွေးကောက်ပွဲသာဖြစ်သည်ဟု ထိုစဉ်က န၀တ အစိုးရက ကြေညာခဲ့သဖြင့် ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံကို ဆက်မတက်ခဲ့သလို စစ်တပ်အစိုးရမှလည်း အဖွဲ့ချုပ် ပါတီတခုလုံးကို မပြိုကွဲ ပြိုကွဲအောင် နှိပ်ကွပ်ခဲ့သည်။

အဆိုပါသင်ခန်းစာများမှာ မြန်မာ့နိုင်ငံရေးအတွက် တကြိမ်နှင့် လုံလောက်စေသည့် သင်ခန်းစာများလည်း ဖြစ်သည်။ ပါတီရုံးချုပ်မှာ ဆယ်စုနှစ် တခုနီးပါး ဖြတ်သန်းသွားလာသူ လူပရိသတ် အနေဖြင့် မ၀င်ရဲပဲ ငဲ့စောင်းကြည့်သွားသည့် နေရာ တနေရာဖြစ်ခဲ့ရသည်။ လူထုနှင့် ထိတွေ့နေရမည့် နိုင်ငံရေး ပါတီတပါတီအနေဖြင့် လူထုအနားမကပ်ရဲအောင် စစ်တပ်အစိုးရက ခြိမ်းခြောက်ထားသည့် အကျိုးဆက်လည်းဖြစ်သည်။

ထိုသို့သော အခြေအနေမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် တနှစ်ကျော်အကြာတွင် လွှတ်တော်တွင်းသို့ ၀င်ရောက်မည့် အခွင့်အရေးရရှိသွားပြီဖြစ်သည်။

နေရာ ၄၀ ကျော်သာရမည်ဖြစ်သော်လည်း လွှတ်တော်တွင်း ၀င်ရောက်ခြင်း၏ ပထမဦးဆုံး ရည်ရွယ်ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသည့် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည်ကို မည်မျှ လုပ်ဆောင်နိုင်မလဲ ဆိုသည်ကတော့ ပြောဖို့ စောနေ ဦးမည် ဖြစ်ပါသည်။

ယခုရရှိသည့် အခွင့်အရေးသည် လွှတ်တော်တွင်း ရောက်ရှိရေးသာမက ၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံး ပါတီကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိထားပြီဖြစ်သည်။ ၎င်းအခွင့်အရေးကိုလည်း အဖွဲ့ချုပ်မှ လက်လွတ်မခံပဲ အသုံးချဖို့ လိုပါလိမ့်မည်။

အစိုးရလည်း မရှုံးပါ

အထက်ပါ အချက်များက အဖွဲ့ချုပ်ဘက်က ရမည့်အခွင့်အရေးများပင်ဖြစ်သည်။ အဖွဲ့ချုပ်ဘက်သို့ ပေးလိုက်သည့် အခွင့်အရေးများအတွက် ဦးသိန်းစိန် အစိုးရအနေဖြင့် ပြန်ရမည့် အကျိုးအမြတ်မှာ မနည်းလှ။ ကြံ့ခိုင်ရေး ပါတီ နေရာ ၄၀ မှာရှုံးသည်ဆိုပေမယ့် ဦးသိန်းစိန် အစိုးရအနေဖြင့် ယခုလိုရွေးကောက်ပွဲကို ကျင်းပပေးလိုက်သည့်အတွက် ပြန်ရမည့် အကျိုးအမြတ်မှာ တန်သည်ဟုပင် ဆိုရပေမည်။

စီးပွားရေး ပိတ်ဆို့ထားသည့် ဥရောပက ရုပ်သိမ်းဖို့ သေချာသလောက်ရှိနေသလို အမေရိကန် ပြည်ထောင်စုကလည်း ပိတ်ဆို့မှု အမျိုးမျိုးထဲက အများအပြားရုပ်သိမ်းမည့် လက္ခဏာမြင်နေရသည်။

စီးပွားရေး ပိတ်ဆို့မှုသည့် ၎င်းတို့အား မထိခိုက်ဟု ဆိုခဲ့ရင်တောင်မှ စစ်အစိုးရမို့လို့ ၊ လူ့အခွင့်အရေး ချိုးဖောက်တာမို့လို့ ဆိုသည့် အစိုးရ၏ သိက္ခာကို နိုင်ငံရေးအရု ထိခိုက်နေသည်က အသေအချာပင်။

နိုင်ငံတကာတွင် မျက်နှာပန်းလှသလို ၀င်လာမည့် နိုင်ငံခြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများမှလည်း ပြည်တွင်း လုပ်ငန်းရှင်ကြီးများ နှင့် အကျိုးတူလုပ်ကိုင်နေသည့် အစိုးရခေါင်းဆောင်မိသားစုဝင်များကို အကျိုးကျေးဇူး ရစေမည်မှာ သေချာသလောက်ရှိသည်။

မကြာခင်ပင်လျှင် ဥရောပ သမဂ္ဂက ကျင်းပမည့် စည်းဝေးတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများ ရုပ်သိမ်းဖို့ဆုံးဖြတ်မည်မှာ ရာခိုင်နှုန်းပြည့်နီးပါး သေချာနေပြီဖြစ်သည်။

ဇတ်လမ်းအစ

ဤအရာများ အားလုံး ဘယ်က မြစ်ဖျားခံလာပါသလဲ၊ နေအိမ်အကျယ်ချုပ် ဖြစ်လိုက် အင်းစိန်ထောင်တွင် ရုံးတင်စစ်ဆေးလိုက်နှင့် ၂၀၀၃ မှ ၂၀၁၀ ထိ ၇ နှစ်ခန့် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားသည့်နောက် ယခုလိုအဖြစ်အပျက်မျိုး ဖြစ်လာဖို့ရာ ဘယ်က စတင်လာသလဲ ဟုဆန်းစစ်လျင်

လွန်ခဲ့သည့်နှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တွေ့ဆုံလိုက်သည်မှ အစပြုသည့် ပူးပေါင်းဆောင်ရွက်ရေးကို ပထမ ခြေလှမ်းဟု ဆိုလျှင် အဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်သည့် ယခုကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပလိုက်နိုင်ခြင်းသည် ဒုတိယ ခြေလှမ်းဟု ဆိုလျင် မှားမည်မထင်ပါ။

ဆယ်စုနှစ် ၂ ခုကျော်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေသည့် နိုင်ငံရေး အခက်အခဲများ အဆင့်တခုထိ ပြေလည်သွားသည့် သဘောလည်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်နိုင်အောင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပြီး လအတန်ကြာတွင် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပေးခဲ့သည်။

ထိုသို့ ပြင်ဆင်ပေးလိုက်သည့်နောက်ပိုင်း ဦးသိန်းစိန် အစိုးရက လျှောက်စေချင်သည့်လမ်းကို ယခုအခါ အဖွဲ့ချုပ်က လျှောက်လှမ်းလိုက်ပြီဖြစ်သည်။ ရှေ့ဆက်၍ လျှောက်လှမ်းမည့်ခြေလှမ်းများမှာ ယခင်တုန်းကလို အစိုးရအဖွဲ့ ပြင်ပ၊ လွှတ်တော် ပြင်ပမှ ဝေဘန်ထောက်ပြမှုများနှင့် မတူတော့ပဲ၊ အစိုးရ အဖွဲ့ဝင် မဟုတ်သည့်တိုင် လွှတ်တော်တွင်းမှာ ၀င်ရောက်ပြီး ညှိနှိုင်းလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ဖို့များပေလိမ့်မည်။

ဆက်လက်ရှုစားရမယ့် မြင်ကွင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ကိုယ်စားလှယ်များ မကြာမီလပိုင်းအတွင်း လွှတ်တော် အစည်းအဝေးတွင် တက်ရောက်ကြရပေတော့မည်။ လွှတ်တော်တွင်း မြင်ကွင်းများမှာ လူထုအဖို့ စိတ်ဝင်စားစရာ ဖြစ်လာတော့မည်မှာလည်း မလွဲပါ။

တိုင်းရင်းသား ဒေသငြိမ်းချမ်းရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့နည်းစေရေး အစရှိသည့် ဖြေရှင်းရမည့် ပြဿနာများ ဆောင်ရွက်ရမည့် အရေးကိစ္စများကလည်း လူထု၏ မျှော်လင့်ချက်နှင့် အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ကိုယ်စားလှယ်များကို စောင့်ဆိုင်းနေကြမည်မှာ သေချာလှပါသည်

အသည်းကြားက မဲတပြားကို ပေးဆပ်လိုက်ကြသည့် မြန်မာပြည်သူများကလည်း ကြောက်ရွံ့ခြင်းအမှောင်ရိပ်က ရဲရဲကြီး ရုန်းထွက်ပြီး လွှတ်တော်ပြင်ပတွင် ရင်ကော့ ခေါင်းမော့နေကြတော့မည့် ဒေါင်ဒေါင်မည် နိုင်ငံကြီးသားများအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဖွယ် မော်ကွန်းတွင်ကြပါလိမ့်မည်သတည်း။ ။

(Photo – YPI, Yangon Press International, 1st April 2012, By-Election @ Kaw Hmoo, Burma)

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။