ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာအသင်းကို ဦးဆောင်ပြီး "စာပေကို စကားပြောနဲ့ရေးမယ်" ဆိုတဲ့ "တယ်" စာပေတိုက်ပွဲ လှုပ်ရှားမှုကို မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ စတဲ့ သူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။
တကယ်လည်း မန္တလေးမှာ ဟံသာဝတီသတင်းစာစထုတ်တော့ စထွက်တဲ့ နေ့မှာကို ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ၊ လူထု ဒေါ်အမာအစရှိတဲ့ မြို့ခံစာပေပညာရှင်တွေရဲ့ ဆောင်းပါးတွေနဲ့ ဖွင့်ခဲ့တယ်။ ရန်ကုန်က ပုဂ္ဂိုလ်ရေး ခင်မင်တဲ့ (ကြေးမုံကတည်းကလည်း သုံးလာတဲ့) ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဦးဘထွေးစသူတွေရဲ့ ကာတွန်းတွေမသုံးဘဲ ဒေသအသံထွက်စေချင်လို့ ဒေသခံ လူသစ်ကာတွန်းဆရာမြောက်များစွာ (ကံချွန်၊ ဗိုလ်မောင် အစရှိသဖြင့်) ကို မွေးထုတ်ပြီး သူ့သတင်းစာမှာ သုံးတယ်။ ပန်းချီဆရာတွေမှာလည်း မြို့ခံ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ စတဲ့ သူတွေကို သုံးတယ်။ ထက်မြက်တဲ့ ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက် (ကံချွန်၊ ကျော်မင်းကျော်၊ စိန်ရွှေလှိုင် အစရှိတဲ့) အမြောက်အများကို မွေးထုတ်ပေးခဲ့တယ်။ ဒေသရဲ့ စာပေ၊ လူမှု၊ ပညာ၊ စီးပွား၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ သူတွေရဲ့ စာတွေနဲ့ သူ့သတင်းစာကို ဒေသခံ ပြည်သူ့တွေရဲ့အသံ၊ ခံစားချက်တွေ ကို ဟစ်ကြွေးပေးနေတဲ့ ရှေ့တန်းခံတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အဲ့သလို ဒေသအသံ၊ ဒေသရနံ့တွေနဲ့ သင်းထုံနေတဲ့ အောင်မြင်တဲ့ သတင်းစာတစ်စောင်ကို မွေးထုတ်နိုင်ခဲ့တယ်။ ပညာရှင်တွေရဲ့ဆောင်းပါးတွေ၊ အာဘော်တွေနဲ့လည်း (သူ့အရင်လုပ်တဲ့ ကြေးမုံလို intellectual works များများသုံးပြီး) သတင်းစာအဆင့်အတန်းကို မြှင့်တင်ခဲ့တယ်။
စာပေ၊ အနုပညာ အတွက်လည်း (စစ်တပ်စတက်ကတည်းက မရှိတော့တဲ့) စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တွေ့ဆုံဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ သူ့သတင်းစာတိုက်မှာ ဦးဆောင်ပြီးလုပ်တယ်။ နောက်ပိုင်း စနေစာပေဝိုင်းဆိုပြီး နာမည်ကြီးခဲ့တယ်။ စနေစာပေဝိုင်းမှာ ဦးသောဘိတ၊ ဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးချမ်းမြ၊ ဦးတင့်လွင်၊ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေ၊ ဒါးတန်းဦးသန့် အစရှိတဲ့ ပညာရှင်တွေရဲ့ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးနဲ့ပတ်သက်တဲ့ စာတမ်းတွေ အပတ်စဉ်ဖတ်စေတယ်။ သူကိုယ်တိုင်လည်း စာတမ်းတွေ တင်၊ ဟောပြောတယ်။ သူ့လက်အောက်က သတင်းထောက်တွေ အရည်အသွေးတက်စေဖို့ သတင်းထောက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးတွေ လုပ်ပေးတယ်။ ကိုယ်တိုင်လည်း နယ်တွေဆင်း လူထုနဲ့ အနီးကပ်နေ၊ နယ်သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်တယ်။
သူရဲ့သတင်းထောက်တွေ ကလောင်စွမ်းဘယ်လောက်ထက်သလဲဆို သူတာဝန်က ရပ်စဲခံရပြီး ဗမာပြည်အနှံ့ ခရီးလှည့်လည်နေစဉ် ယောချောင်က ရွာလေးတစ်ရွာကို ရောက်တော့ ရွာဦးကျောင်း ဆရာတော်ကို ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ပါလို့ မိတ်ဆက်တော့ ဆရာတော်က (ဟံသာဝတီ ဆိုတဲ့ အသံကြားတာနဲ့) ဝမ်းသားအားရ စကားတွေပြော၊ မေးခွန်းတွေ မေးတော့တာပဲ။
"ဒကာကြီးက ဟံသာဝတီကဆိုတော့ 'ကျော်မင်းကျော်' နဲ့ ဘယ်သူကကြီးလဲ" လို့ ဘွင်းဘွင်းကြီးမေးရော။ အဲ့တော့ ပါလာတဲ့ နယ်ခံသတင်းထောက်တစ်ယောက်က "အရှင်ဘုရား.. အယ်ဒီတာချုပ်ဆိုတာ သတင်းစာတိုက် မှာတော့ အကြီးဆုံး ဘုရား" လို့ ပြန်လျှောက်ရတယ်။
အဲ့တော့ ဆရာတော်က "ဘုန်းကြီးက 'ကျော်မင်းကျော်' တော့လေးစာတယ်၊ ပြည်သူ့ဘက်က ရပ်ပြီး အမြဲတမ်း ရေးပေးတဲ့အတွက် ကြည်ညိုတယ်၊ ကျန်တဲ့ သူတွေတော့ အရေးကြီးတယ်မထင်ပေါင်" လို့ ပြန်မိန့်တယ်။ ဦးဝင်းတင်က သူမြေတောင်မြှောက်ပေးခဲ့တဲ့ သတင်းထောက်တွေ၊ ချွန်မြတဲ့ ကလောင်ရှင် တွေ ပြည်သူ့မေတ္တာ သူ့ထက်ပိုခံယူနိုင်တာကို မုဒိတာပွားနိုင်ခဲ့တယ်။
နိုင်ငံရေးဝေဖန်မှုအနေနဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မလုပ်နိုင်ပေမဲ့ အစိုးရသတင်းစာအချင်းချင်း ယှဉ်ရင် ခေါင်းတစ်လုံးမြင့်ရပ်တည်ခဲ့ပြီး သူများထက် ဟံသာဝတီက မတရားမှုတွေကို ဖော်ထုတ်တယ်။ ဝေဖန်တယ်။ အမြဲတမ်း လူထုဘက်က မာမာထန်ထန်ရပ်တည်ပေးနိုင်ခဲ့တယ်။
အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးထက် ရင်ကို ထိစေတဲ့ ဦးဝင်းတင်ရဲ့ ဟံသာဝတီ အယ်ဒီတာချုပ်ဘဝ မန္တလေးမှာ လုပ်ဆောင်ချက်တွေက စာပေ၊ သတင်းစာ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ သူ့ရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စွမ်းရည်၊ သဘောထား၊ ခံယူချက်တွေဖြစ်တယ်။ သူ့လက်အောက်မှာ အုပ်ချုပ်နေရတဲ့ သတင်းစာလုပ်ငန်းရဲ့ အခြေခံဝန်ထမ်း လူလေးငါးခြေက်ဆယ် လာက်နဲ့ သူတို့ရဲ့ မိသားစု ဘဝတွေသာယာဝပြောရေးအတွက် ဦးဝင်းတင်လုပ်ပေးခဲ့တာတွေဟာ မန္တလေးမှာ ပြောစမှတ်တွင်ကျန်ခဲ့တယ်။
သူ့အတွက် ကားထားဖို့ ပေးထားတဲ့နေရာမှာ အဆောင်လေးဆောက်ပြီး ဝန်ထမ်းသက်သာ လဘ္ဘက်ရည်ဆိုင်လေးဖွင့်စေတယ်။ ဝန်ထမ်းတွေအတွက် အထူးသက်သာတဲ့နှုန်းနဲ့ ဟင်း၊ထမင်းကြော်စတာတွေပါတွဲပြီး ရောင်းစေတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကိုလည်း ဆိုင်မှာခေါ်ပြီး အလုပ်ပေးတယ်။ ကလေးတွေ ဆိုင်မှာပဲ စားပွဲထိုး၊ ပန်းကန်ဆေး ဘဝနဲ့ အချိန်ကုန်မသွားစေဘဲ၊ နည်းနည်းအချိန်ကြာလာတာနဲ့အမျှ သူတို့ကို စာစီ၊စာရိုက်၊ပုံနှိပ်စက်ပညာတွေ သင်ပေးစေတယ်။ ပြီးတော့ သူ့ရဲ့ သတင်းစာတိုက်မှာ အစိုးရဝန်ထမ်းအနေနဲ့ ပြန်ခန့်ပေးတယ်။ ဆိုင်ကရတဲ့ အမြတ်အားလုံးကို ဝန်ထမ်းတွေရဲ့ မီးဖိုချောင်စရိတ်အတွက် ခွဲပေးတယ်။ ကလေးတွေ ကျောင်းပညာဆက်လက် သင်နိုင်အောင် ထောက်ပံ့တယ်။ ဝန်ထမ်းတွေအတွက် အခမဲ့ဆေးခန်းလေးဖွင့်ပေးတယ်။ ဝန်ထမ်းတွေ သူတို့နေတဲ့ရပ်ကွက်ထဲမှာ လူရာဝင်လာအောင်၊ လူလေးစားလာမှု၊ ခေါင်းဆောင်မှုရအောင် ဝန်ထမ်းတစ်အိမ်ထောင်စုအနေနဲ့ ဝန်ထမ်းမဟုတ်တဲ့ အိမ်နီးချင်းရပ်ကွက်ထဲက မိသားစုလေးစုစာနှုန်း သူ့ရဲ့ (သတင်းစာတိုက်ရဲ့) အခမဲ့ဆေးခန်းမှာ လာကုခွင့်ပေးတယ်။
သူရဲ့အယ်ဒီတာချုပ်အခန်းဟာ အဆောင်အယောင်မရှိ၊ တံခါးတောင်မရှိဘူး။ သူ့လက်အောက်က ဝန်ထမ်းကြီးငယ်မရွေးဝင်ပြီး သူနဲ့ စကားပြောဆို၊ ဆွေးနွေး၊ တင်ပြနိုင်တယ်။ သူကိုယ်တိုင်လည်း ကိန်းခန်းတကြီးမနေဘဲ စာစီသမားတွေလုပ်တဲ့ အခန်းထဲက စားပွဲမှာ သွားထိုင်ပြီး အလုပ် လုပ်လေ့ရှိတယ်။ အခြေခံဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်အမြဲနေထိုင်ပြီး သူတို့ရဲ့ လှုမှုဘဝ သာရေး၊နာရေး ကိစ္စအဝဝကို သူမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေး ရှိသမျှလေးနဲ့ တာဝန်ယူပေးတယ်။
အဲ့သလို မန္တလေးမှာ လုပ်ခဲ့တဲ့ သူရဲ့ နာမည်ကျော် ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ အာရှအသံ၊ အစီအစဉ်တင်ဆက်သူက ဦးဝင်းတင်ကိုမေးရင်းနဲ့ ဖြတ်ပြီးတော့ "ဆရာ ဒီလိုတွေလုပ်ဖို့ ဘယ်လို အတွေးအခေါ်၊ အကြံဥာဏ်တွေ ရခဲ့လဲ" ဆိုတဲ့ မေးခွန်းကို ဦးဝင်းတင်ပြန်ဖြေပုံက ပိုပြီး မှတ်သားနာယူဖို့ကောင်းတယ်။
ဦးဝင်းတင်က "ဒါတွေကို လုပ်ခဲ့တာ အတွေးအခေါ်၊ အကြံဥာဏ်ကြောင့်မဟုတ်ဘူးဗျာ..။ ခံစားချက်ကြောင့်ဗျာ..။ လက်တွေ့မြင်တွေ့နေရတဲ့ လူတွေရဲ့ ဒုက္ခတွေကို ရင်ထဲ၊ နှလုံးထဲ၊ စိတ်ထဲကနေ ခံစာရင်ဒီလိုပဲ လုပ်ရမယ်"လို့ ပြန်ဖြေတယ်။
ဦးဝင်းတင်က တဆက်တည်း ခုလက်ရှိဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တကယ်စိတ်ထဲ၊ အသည်းထဲက ခံစားနားလည်မပေးတာ၊ လူထုသက်သာချောင်ချိ၊ ဘဝသာယာလာရေး အတွက် လုပ်မပေးနိုင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အံ့သြရတယ်လို့ ဆက်ပြောတယ်။
ဦးဝင်းတင်ရဲ့ လက်အောက်ကဝန်ထမ်းတွေကို အုပ်ချုပ်ပုံစနစ် နဲ့ သူရဲ့ ခံစားချက်၊ ခံယူချက်၊ သဘောထား၊ လုပ်ရပ်တွေကို အရင်ကလည်း (ဆရာတင်မိုး အစရှိတဲ့ သူများတွေရေးတဲ့) စာအုပ်တွေမှာ ဖတ်ဖူး၊ နောက် သူကိုယ်တိုင်လည်း ရေဒီယိုမှာ ပြောတာတွေနားထောင်ရတော့ သူအုပ်ချုပ်ခွင့်ရတဲ့ လူလေး လေးငါးခြောက်ဆယ်ကနေပြီးတော့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံဆိုပြီး ချဲ့တွေးကြည့်မိတယ်။ လူအနည်းအများကွာပေမဲ့ အုပ်ချုပ်ရတဲ့၊ တာဝန်ယူရတဲ့ သဘောတရားကအတူတူပဲ ဖြစ်တယ်။ ဦးဝင်းတင်သူ့ဝန်ထမ်းတွေကို လုပ်ပေးခဲ့တဲ့ စားဝတ်နေရေးချောင်လည်ရေး၊ ကလေးတွေပညာသင်နိုင်ရေး၊ ဘဝမှာ ပညာတစ်ခုခုနဲ့ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ လူမှုဘဝသာယာဝပြောမှုလုပ်ငန်းတွေဟာ တိုင်းပြည်နဲ့ချီပြောရင်လည်း အဓိကလိုအပ်တဲ့၊ ဦးစားပေးလုပ်ရမဲ့ တိုင်းသူပြည်သားတွေအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးရတဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ သဘောတရားကအတူတူပဲ။ တကယ်လုပ်ပေးနိုင်/ချင်ဖို့က အာဏာ၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရား ရှိတဲ့ သူတွေရဲ့ ခံယူချက်၊ စိတ်ခံစားမှု၊ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒကသာ စကားပြောတယ်။
ခုလက်ရှိ ပြည်သူ့အစိုးရပါ ဆိုပြီးတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆရာဦးဝင်းတင်လို အောက်ခြေကလူတွေရဲ့ အသံကိုနားထောင်၊ စာနာနားလည်၊ ခံစားပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိ၊ ခံယူချက်၊ ခံစားချက်ရှိဖို့လိုတယ်။ အဲ့ဒါက ပိုပြီး အရေးကြီးတယ်။ တကယ်လက်တွေ့ တိုင်းပြည်ကို သာယာဝပြောတိုးတက်အောင် လုပ်ပေးနိုင်တဲ့ အသိဥာဏ်၊ ပညာ၊ အတွေးအခေါ် မရှိရင်တောင် အဲ့ဒါတွေကို ရှိတဲ့၊ သိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ အစိုးရကောင်း တစ်ရပ်မှာရှိရမဲ့ ပြည်သူ့အသံ၊ ခံစားချက်ကို နားထောင်ချင်တဲ့စိတ်၊ စာနာနားလည်နိုင်တဲ့ ပြည့်ဝတဲ့ နှလုံးသားတွေမရှိရင် တိုင်းပြည်တိုးတက်အောင် ဘာမှဆက်ပြီးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့သလို ခံစားနားလည်တဲ့ စိတ်နှလုံးမရှိဘဲ ဇွတ်လုပ်လည်း တိုင်းပြည်က ဆင်းရဲတွင်းကထွက်လာနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ အစိုးရသစ်ရဲ့ သမ္မတက အစ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးအထိ အခြေခံလူတန်းစာအများစုရဲ့ ဆန္ဒ၊ သဘောထား၊ သူတို့ခံစားနေရတဲ့ လူမှုဘဝဒုက္ခတွေကို ခံစားနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင်တွေဖြစ်အောင် ကြိုးစားစေချင်တယ်။ တိုင်းပြည်အနာဂတ်အတွက် လှပတဲ့ အသီးအပွင့်တွေ ဝေဆာနိုင်အောင် ကောင်းမွန်တဲ့ အကျင့်တွေ ခုကစပြီး ပြုစုပျိုးထောင်စေချင်တယ်။
နိဂုံချုပ်အနေနဲ့တော့ ဆရာဦးဝင်းတင်ရဲ့ သူ့ဘဝဇာတ်ကြောင်းပြောထားတဲ့ ရေဒီယိုအစီအစဉ်တွေကို စာအုပ်အနေနဲ့ ပြည်တွင်းမှာ ထုတ်စေချင်တယ်။ အနည်းဆုံး audio autobiography အနေနဲ့ဖြစ်ဖြစ် ထုတ်စေချင်တယ်။ ဒီမိုကရေစီ အစိုးရသစ်ရဲ့လို့ အမြဲအော်အော်နေတော့ ပြည်တွင်းမှာ ထုတ်ဝေခွင့်ရမယ်လို့လည်း မျှော်လင့်တယ်။
ဆရာဦးဝင်းတင် သက်ရှည်၊ ကျန်းမာပြီး တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ။
ငြိမ်းချမ်းအေး
၀၄၊ မတ်လ၊ ၂၀၁၂
ရည်ညွှန်း ။ ။ "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း" ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ၊ ကြေးမုံ ဦးသောင်း(အောင်ဗလ) ရေး "ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ" နှင့် "ဘီလူးတို့ရွာ"၊ (Photo - Irrawaddy, လူထုဦးလှ ဂျပန်အသွား ဒီဆူဇာ ဦးခင်ဇော်၏ နှုတ်ဆက်ပွဲ(၁၉၆၁)တွင် သတင်းနှင့် စာပေသမားများနှင့် အတူ(နောက်တန်း ဝဲမှ ၈ ယောက်မြောက်တွင် ဦးဝင်းတင်)
မူရင်းလင့်က ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။