မြန်မာအစိုးရအနေနဲ့ ပထမဦးစားပေး တာဝန်အဖြစ် လာမယ့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိစွာ ကျင်းပပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယာက နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။
မစ္စတာ ဗီဂျေးနမ်ဘီးယာက မြန်မာအစိုးရ ဦးစားပေးလုပ်ရမယ့် အချက် ၃ ချက်ကို တိုက်တွန်း ပြောကြားခဲ့ရာမှာ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိဖို့နဲ့ပွင့်လင်းမြင်သာမှုရှိဖို့ ပထမ ဦးစားပေးလုပ်ဆောင်ဖို့ လိုတဲ့ အကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ အစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်နေမှုကို အများက ယုံကြည်လက်ခံမှုရဖို့  အရေးပါတဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာအစိုးရ နောက်ထပ် ဦးစားပေးလုပ်ရမယ့် အလုပ်တွေကတော့ အစိုးရနဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ကိစ္စနဲ့  မြန်မာပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပဲရှိသေးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့နဲ့ ကာလရှည်ကြာကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် ဆက်လုပ်ရဦးမယ်လို့လည်း ကုလသမဂ္ဂအရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီဗွီဘီ
မူရင်းလင့်က ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။