/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 26, 2013

.

မည်သည့်အဖွဲ့အစည်း ထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာများ လက်ခံရရှိခြင်း မရှိသေးကြောင်း လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ပြောကြား



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ၍ နောက်ဆုံးအကြံပြုချက်များ ပေးပို့နိုင်ရန် တစ်ပတ် အလိုအထိ NLD၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အစီရင်ခံစာများအား လက်ခံရရှိထားခြင်း မရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။


ကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခံသည့် အချိန်အား ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ အကြံပြုစာများ ပေးပို့ရန်အချိန်မှာ တစ်ပတ်ဝန်းကျင်သာ ကျန်ရှိတော့သည်။

လက်ရှိအချိန်အထိ လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံးပါဝင်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ အစီရင်ခံစာ၊ ပြင်ဆင်ရန်အချက်ပေါင်း ၁၀၀ ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အစီရင်ခံစာနှင့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အစီရင်ခံစာများသည် ကော်မတီသို့ ရောက်ရှိလာခြင်း မရှိသေးပေ။

“လက်ရှိအချိန်အထိတော့ တပ်မတော်ရော၊ ပြည်ခိုင်ဖြိုးရော၊ NLD ရော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ပေးပို့လာတာ မရှိသေးဘူးလို့ သိရပါတယ်။ ထင်တာတော့ ပါတီကြီးတွေ အနေနဲ့နီးမှ ကပ်ပို့ကြလိမ့်မယ်ထင်တယ်။ ပြည်ခိုင်ဖြိုးဆိုလည်း ၂၉ ရက်နောက်ပိုင်းမှ ပို့လိမ့်မယ်ထင်တယ်။ အပြန်ပြန်အလှန်လှန် ချပြသုံးသပ်ပြီး သေချာအောင် လုပ်နေကြတယ်လို့ ထင်ပါ တယ်” ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်တွင် နေပြည်တော်ရှိ ပါတီရုံးချုပ်၌ ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အကြံပြုချက်များကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား လက်ခံပြီးနောက် ပြည်သူများထံမှ ရောက်ရှိ လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်သို့ ဆက်လက် တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၀၉ ဦးပါ ကော်မတီအစည်းအဝေးကို ဇန်န၀ါရီ ၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဟု သိရသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ပြည်သူများထံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံပြုစာပေါင်း အစောင် ၄၄၀ရရှိခဲ့ပြီး အကြံပြုချက်ပေါင်း ၂၅၁၂ ချက် ရရှိခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

EMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။