/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 17, 2013

.

မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား



ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစား သော ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုမှထွက်ခဲ့ ရပြီ ဖြစ်သည်။


အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနည်း များ အနက် ပရိသတ်များ အမျှော်လင့်ဆုံး၊ အားအပေး ဆုံး အားကစားနည်းဖြစ်သော ဘောလုံးပြိုင်ပွဲတွင် အုပ်စု အဆင့်မှ ထွက်ခွာခဲ့ရသောကြောင့် မျှော်လင့် တကြီး အားပေးခဲ့ကြသော ပရိသတ်များမှာ ဒေါသထွက်ကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဘောလုံးပရိသတ်အချို့ကြား ပဋိပက္ခ များလည်း ဖြစ်ပွားခဲ့သည်။ မြန်မာ ဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ ၀ိညာဉ်ပျောက်ဆုံးခြင်း ပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေစဉ်
(ဓာတ်ပုံ-မင်းသိန်းနိုင်)

မြန်မာဘောလုံးသမားများ ပုံပါ ဆီးဂိမ်းစ်လှုံ့ဆော်ရေးဆိုင်ဘုတ်ကို မီးရှို့နေကြစဉ်
ဓာတ်ပုံ-အာကာ

ပရိသတ်များ ၀တ်ဆင်အားပေးသည့် မြန်မာအသင်းအင်္ကျီအား မီးရှို့နေကြစဉ် (ဓာတ်ပုံ-အာကာ)

"ဒီနှစ်နှစ်အတွင်းမှာလည်း ပတ်ဆောင်ဟွာကိုင်တွယ်ချိန်မှာ ပြိုင်ပွဲများစွာကို ရှုံးနိမ့်ပြီး အရှက်ရခဲ့တယ်။ ခြေစမ်း ပွဲတွေမှာလည်း အကြိမ်ကြိမ် ရှုံးနိမ့်စဉ်ကတည်းက ဒီနည်းပြမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့ သိနေတယ်။

ဒီဆီးဂိမ်းစ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါကို သူနားလည်ထားရမယ်။ ဒီပွဲအစ လူ ထုတ်ပုံကြည့်ကတည်းက အတော့်ကိုစိတ်ပျက်သွားမိတယ်။ ဘာလို့ ကျော်ကိုကို ကို ပွဲအစမှာ ထည့်မသုံးခဲ့ တာလဲ။ နည်းပြရဲ့ လူထုတ်ပုံမှားယွင်းမှု၊ လူစားလဲပုံ မှားယွင်းမှုတွေက ဒီပွဲကိုရှုံးနိမ့်စေတယ်လို့ ပြောချင် တယ်။ ပတ်ဆောင်ဟွာဟာ အခုမှဒီလိုအမှားမျိုးကျူးလွန်တာမဟုတ်ဘဲ အရင်ကတည်းက အကြိမ်ကြိမ် မှားခဲ့ ဖူးသူဖြစ်တယ်။

ဘာပဲပြောပြောသူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့မြန်မာပရိသတ် သန်း ၆၀ စလုံးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်စေခဲ့တယ်" ဟု ၀ါရင့်အားကစား ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးချစ် ဝင်းမောင် (အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်) က ပြောကြားခဲ့သည်။

"ပွဲထွက်လူစာရင်းကိုကြည့်ကတည်းက ဘာတွေဖြစ်ကုန်တာလဲလို့ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ ဒီပွဲက အင်တာနေရှင်နယ်အဆင့် ပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း လျှော့တွက်လို့မရတဲ့ အသင်း တစ်သင်းပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အင်ဒိုနီးရှားဟာ အစဉ်အလာရှိတဲ့ အသင်း တစ်သင်းဆိုတာ မေ့မထားသင့်ဘူး။ နောက်ပြီး Head to Head အရ သူတို့အသင်းကနိုင်ရင် နောက်တစ် ဆင့်တက်မယ်ဆိုတာ သိနေတော့ သူတို့ကလည်း ကြိုးစားမှာပဲ။ ဒါကိုဘာဖြစ်လို့ ဒီလူထုတ်ပုံနဲ့ ရင်ဆိုင်သ လဲ ဆိုတာ အံ့အားသင့်ရပါတယ်။ နောက်ပြီး ကျော်ကိုကို ကိုထည့်ချိန်မှာ ကျော်ဇေယျာဝင်းကို ထုတ်လိုက် တာလည်း အံ့သြစရာပါပဲ။ မြန်မာအသင်းဟာ ကစားကွက်လည်း လုံးဝမရှိဘဲ ရယ်စရာပြောရရင် ကလေးပွဲ တစ်ပွဲ ကြည့်ရတာတောင် ပိုကောင်းဦးမယ်။ ဒီလိုတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့အချိန်မှာ အုပ်စုအဆင့် က ထွက်ရတာ တော်တော့်ကိုစိတ်မကောင်းပါဘူး" ဟု ဇွဲကပင်ယူနိုက်တက်အသင်း၏ နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။

ကွင်းအတွင်းဝင်ရောက်လာသော ပရိသတ်တစ်ဦးအား လုံခြုံရေးများက ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်

ဆူပူနေသော ပရိသတ်အချို့အား မီးသတ်ပိုက်ဖြင့် ရေပက်၍ လူစုခွဲနေစဉ် 
ဓာတ်ပုံ-မင်းသိန်းနိုင်

ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မီးပွိုင့်တွင် ပရိသတ်အချို့မှ ပစ်ပေါက်ထားသည့် ခဲအပိုင်းအစများ (((((((((ဓာတ်ပုံ-၀င်းမြင့်ကျော်

အကြိုဗိုလ်လုပွဲတက်ရောက်ရေး အဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းအား တစ်ဂိုးဂိုး မရှိဖြင့် ရှုံးနိမ့်နေပြီး ပွဲစဉ်ပြီးခါနီးတွင် ပရိသတ်အချို့မှာ ရေအိတ်များဖြင့် ပစ်ပေါက်ခြင်း၊ ဖိနပ်များဖြင့် ကွင်း အတွင်းသို့ ပစ်ပေါက်ခြင်းအပြင် ထိုင်ခုံများကိုချိုးဖျက်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်အချို့မှ ကွင်း ထဲသို့ ပစ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်တွင် ပရိတ်သတ်သုံးဦးမှာ ကွင်းထဲ သို့ ဆင်းသွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များမှ ထိန်းသိမ်းခဲ့ ရ ကြောင်း သိရသည်။

ထို့နောက် ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကွင်းအတွင်းရှိ ထိုင်ခုံများစွာ ချိုးဖျက်ခဲ့ပြီး ကွင်းထဲသို့ပစ်ချခဲ့သည့်အပြင် မြန်မာအသင်းအင်္ကျီများနှင့် လက်မှတ်များကို ဂိတ်ပေါက် ၇၊ ၈၊ ၉ ဘက်သို့သွားသည့် လမ်းမတွင် မီးရှို့မှုများပြုလုပ်ခဲ့၍ မီးလန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပရိသတ်အချို့က သုဝဏ္ဏအားကစားကွင်းရှေ့ ဝေဇယန္တာလမ်းမနှင့် လေးထောင့်ကန်လမ်း ထောင့်တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ ဆော်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း လုံခြုံရေးဆောင်ရွက် နေသောရဲများကို ရေမြောင်းလုပ်ရန်ထားရှိသော အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

သုဝဏ္ဏကွင်းနားရှိ ယာဉ်ထိန်းရဲရုံးကိုလည်း ခဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ၎င်းဆူပူအကြမ်းဖက်သူများအား မီးသတ်ကားများ၏ ရေပိုက်ဖြင့် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ပိုဆိုးလာသဖြင့် ရဲတပ်ဖွဲ့အင်အား ထပ်မံ တိုးခဲ့ပြီး အဆိုပါလူစုအား အင်အားသုံး ဖြိုခွင်းခဲ့ရသည်။

မြန်မာအသင်း ရှုံးနိမ့်ပြီးနောက် သုဝဏ္ဏဘောလုံးကွင်းအပြင်ဘက် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံ အသင်းတိုက်မီးပွိုင့်အနီး မြန်မာပရိသတ်အချို့က အရာဝတ္ထုများဖြင့် ပစ်ပေါက်နေကြစဉ် (ဓာတ်ပုံ-အာကာ)

ထိုသို့ဖြိုခွင်းခဲ့ရာတွင် ဆူပူသည့် ပရိသတ်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ဒေါသထွက်နေသော ပရိသတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကိုရီးယားလူမျိုးနည်းပြ၏အတ္တနှင့် သန်း ၆၀ ၏ မျှော်လင့်ချက် လဲလှယ်ခဲ့ရ
(ဓာတ်ပုံ-ညီညီစိုးညွန့်)

"ရှုံးတဲ့အတွက် အ၀တ်တွေမီးရှို့တယ်။ ဘေလ်ဘုတ်တွေကို မီးရှို့တယ်။ လုံခြုံရေး အင်အားအနေနဲ့ ရဲတပ် ရင်း နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ တရားမ၀င် လုပ်ထုံးလုပ်နည်းနဲ့ လုပ်တဲ့သူတွေကို ဖမ်းဆီးသွား မှာပါ။ သာမန်သူများယောင်လို့ ယောင်တဲ့သူတွေကိုတော့ မဖမ်းထားပါဘူး။ ကွင်းထဲမှာတုန်းက ဖမ်းထားတဲ့ သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ။ ဒီလိုဖြစ်မယ်လို့ ထင်တောင်ထင်မထားဘူး။ မြန်မာတွေ မရင့်ကျက် သေး တာပါ"ဟု အကြမ်းဖက်မှုကို တားဆီးခဲ့သည့် ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသား ဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခွာသွားရသည့်အတွ က်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မည်သည့် အဓိပ္ပာယ်မှ မရှိတော့ကြောင်း ပရိသတ်များက ပြောကြားသည်။

" ကျွန်တော်တို့အတွက်တော့ အဓိကက ဘောလုံးပွဲပဲ။ တခြားအားကစားတွေ ရွှေဆုရတာ မရတာကို ကျွန် တော်တို့ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ ထိုင်းနဲ့ပွဲတုန်းကဆို လက်မှတ်ရဖို့ နံနက် ၃ နာရီကတည်းက သွား တန်းစီခဲ့ရတာ။ နေပြည်တော်အထိ လိုက်အားပေးဖို့လည်း စီစဉ်ထားတာ။ ကျန်တဲ့ကစားနည်းတွေ ဆုရရ မ ရရ ဘောလုံးမှာ ဆုရရင်ကျေနပ်တယ်ဗျာ။ အခုကျတော့ ဆီမီးတောင်မတက်ဘူးဆိုတော့ဗျာ။ပရိသတ်အား ပေးမှုဆိုတာကလည်း တစ်ခြားစီပဲ။ အခုကတော့ ဆီးဂိမ်းစ်ဆိုတာ ကျွန်တော်တို့နဲ့မဆိုင်တော့သလိုဖြစ်သွား ပြီ"ဟု မြန်မာ -အင်ဒိုနီးရှားပွဲ သွားရောက်အားပေးခဲ့သည့် NLEC မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဟိန်းကို ဇော်က ပြောကြားသည်။

ကွင်းအတွင်းသွားရောက် အားပေးခဲ့သည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းစိုးက "ကျွန်တော်တို့ အတွက်တော့ အမျိုးသားအားကစားဆိုတာ အမျိုးသားဘောလုံးပွဲပဲဗျာ။ အခု အမျိုးသားဘောလုံးအသင်း ထွက်သွားတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ်မှာ အာရုံလုံးဝမရှိတော့ဘူး" ဟု ပြောကြားသည်။ 

Eleven Media Group

1 comment:

  1. နည်းပြကိုထုတ်​လိုက်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။