Revolution ပဲဖြစ်ဖြစ်၊ Evolution ပဲဖြစ်ဖြစ်၊ Revolution နဲ့ Evolution နှစ်ခုကို ရောသမမွှေပြီး အချိန်အခါနဲ့ အခြေအနေအပေါ်မူတည်ကာ ပြောင်းလဲကျင့်သုံးတာပဲဖြစ်ဖြစ် အားလုံးဟာ အနှစ် ချုပ်ရင်တော့ နိုင်ငံရေးလုပ်ခြင်းရဲ့ ခေါင်းစဉ် အောက်မှာ ရှိတာချည်းပါပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံ တစ်နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသူ၊ နိုင်ငံသားများကောင်းမွန်စွာ ရှင်သန်ရပ် တည်နိုင်ရေးနှင့် နိုင်ငံယဉ်ကျေးမှု့ အလှအပ၊ ဘာသာတရားများ မပျောက်ကွယ်ရေးတို့ အတွက် ပဲလို့ အကြမ်းဖျင်းသတ်မှတ်လို့ ရနိုင်ပါတယ်။
သမိုင်းကြောင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှု့ အမွေအနှစ် မြင့်မားတဲ့လူမျိုးနှင့်နိုင်ငံများအဖို့တော့ ကမ္ဘာ့အလယ်မှာ နိုင်ငံရေးဟာ ပိုပြီးထင်ရှားလေ့ရှိတတ်တာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းစာအုပ်တွေမှာ လေ့လာတွေ့ ရှိနိုင်ပါတယ်။
ဆိုတော့ နိုင်ငံရေးကို ဦးစီးဦးဆောင်လုပ်ကိုင်သူတွေဟာ ဘယ်လိုအကြောင်းတရားနဲ့ အခက်အခဲ အကြပ်အတည်းတွေကိုပဲတွေ့ ရတွေ့ ရ ပထမဦးစွာ နိုင်ငံသူ၊ နိုင်ငံသားတို့ ရဲ့ မျက်နှာကိုပဲ ဦးစားပေး အနေဖြင့် ကြည့်ကာ ငဲ့ညှာထောက်ထားကြရမှာပါ။ ဒါမှနိုင်ငံရေးလုပ်တာ မည်မှာပါ။ နိုင်ငံသူ၊ နိုင်ငံသားတို့ ရဲ့ မျက်နှာနဲ့ ဘဝတွေကို မထောက်ထား၊ မညှာတာဘဲ ကိုယ်ဖြစ်ချင်တဲ့ မူဝါဒ၊ လမ်းစဉ်နဲ့ စံနစ်တွေကိုသာ ဦးစားပေးခဲ့မယ်ဆိုယင် နိုင်ငံရေးမမည်တော့ပဲ ပြည်သူတွေကို ခုတုန်းလုပ်ပြီး ကိုယ့်အတ္တကိုသာ ဦးစားပေးတဲ့ ကိုယ်ကျိုးရှာနိုင်ငံရေး အမျိုးအစားသာဖြစ်သွားမှာပါ။ အဲဒီလို အဖြစ်အပျက်နဲ့ သင်္ခန်းစာတွေ မြန်မာ့နိုင်ငံရေးလောကမှာ မြောက်များစွာရှိခဲ့ပြီး အခုအချိန်မှာလည်း တွေ့ နေရဆဲ၊ မြင်နေရဆဲဖြစ်တယ်။ အဘယ်ခေတ်ကာလက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးဖြစ်ဖြစ်၊ ကောင်းကောင်း ဆိုးဆိုး၊ အားလုံးဟာ စံနစ်နဲ့ မူဝါဒတွေဆိုတာထက် အဲဒီစံနစ်နဲ့ မူဝါဒတွေကို အကောင်အထည်ဖေါ်တဲ့ လူတွေအပေါ်မှာ အဓိက မူတည်နေတာပါ။ ခေတ်ပြောင်းခြင်းဟာ စံနစ်နဲ့ မူဝါဒတွေကို အကောင်အထည်ဖေါ်နိုင်မှု ၊ မဖေါ်နိုင်မှုတွေအပေါ်မှာ မူတည်ပြီးမှ ပြောင်းလဲလာခြင်းမို့ လူသာလျှင် အဓိကဆိုတာ အထင်အရှားမြင်နိုင်၊ သိနိုင်ပါတယ်။ မူဝါဒတွေဆိုတာလည်း ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ လူမှု့ နေထိုင်ရှင်သန်ဖွံ့ ဖြိုးတိုးတက်မှု့ !ရေ မြေ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု့ တွေအပေါ် မှီတည်ပြီး လိုအပ်လျင် လိုအပ်သလို အချိန်အခါနဲ့ အခြေအနေအလိုက် မူသေမထားပဲ ပြောင်းလဲကျင့်သုံးနေကြတာ ဒီနေ့ ကဘာ့နိုင်ငံအများအပြားမှာတွေ့ နိုင်ပါတယ်။
ဆိုလိုတာက စံနစ်တွေ၊ မူဝါဒတွေဆိုတာ မူသေ၊ ပုံသေမဟုတ်ပဲ လိုအပ်သလို ပြု့ ပြင်ပြောင်းလဲ ရလေ့ရှိကြပြီး အချိန်အခါအလိုက် လိုက်နာအကောင်အထည်ဖေါ်ဆောင်ကြပါမှ အသီးအပွင့်တွေကို ထွက်ပေါ်လာစေတာပါ။ နိုင်ငံ၊ လူမျိုးတို့ အတွက် အသက်တမျှ အရေးကြီးတဲ့ မူဝါဒနဲ့ စံနစ်တွေကတော့ လွယ်လွယ်ကူကူပြု့ ပြင်ပြောင်းလဲလို့ မရနိုင်တဲ့ အချက်တွေကတော့ ချွင်းချက်အဖြစ်ထားလိုက်ပေါ့ ။ ဒါတွေကတော့ ပုံသေ၊ မူသေဝါဒအဖြစ်ထားရှိပေးရမှာပါ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ခေတ်ရဲ့ အပြောင်းအလဲဟာ မူဝါဒနဲ့ စံနစ်တွေဆိုတာထက် လုပ်ကိုင်ဆောင်ရွက်ကြသူတွေရဲ့ အရည်အချင်း အပေါ်မှာသာ အဓိကမူတည်နေကြောင်းတွေ့ နိုင်ပါတယ်။ ဒီနေ့ ကဘာပေါ်က မတူညီတဲ့ စံနစ်၊ မူဝါဒနဲ့ နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ ဖြိုးမှု့ နဲ့ ကျဆုံးနေမှု့ တွေကို ကြည့်ယင်သိနိုင်ပါတယ်။ ဥပမာ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဘရူနိုင်း၊ ကျူးဘား၊ အီဂျစ်၊ တောင်နဲ့ မြောက်ကိုရီးယား.... အစရှိသဖြင့်ပေါ့ ။ အရေးကြီးတာက သက်မဲ့ဖြစ်တဲ့ မူဝါဒတွေ၊ စံနစ်တွေထက် သက်ရှိဖြစ်တဲ့လူတွေကသာ ပိုအဓိကကျတာပါ။ မူဝါဒတွေ၊ စံနစ်တွေဆိုတာ လူတွေက ပုံစံပြု့ ၊ ဘောင်သွင်းထားကြပြီးမှ လိုက်နာအကောင်အထည်အဖေါ်ကြရတာမို့ စတင်ချမှတ်ကတည်းက နိုင်ငံနဲ့ လူမျိုးတွေနဲ့ သင့်လျော်ကိုက်ညီဖို့ လိုအပ်သလို အကောင်အထည်ဖေါ်ဆောင်မယ့်သူတွေကလည်း သူ့ နေရာနဲ့ သူမှန်ကန်ပြီး တိတိကျကျလိုက်နာလုပ်ဆောင်ပါမှ အောင်မြင်ပါ့ မယ်။ အကြောင်းကြောင့် အကျိုးဖြစ်တာမို့ အကြောင်းကောင်းပါမှ အကျိုးကောင်းပါလိမ့်မယ်။ ဒါတွေကို အခြေခံကျကျ ထည့်မစဉ်းစားမိပဲ ဖြစ်ချင်တာကြောင့် လုပ်ချင်တာကိုပဲဦးစားပေးမိခဲ့ကြလို့ မြန်မာနိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အခုအချိန်အထိ ဒုက်ခဆင်းရဲ ပင်လယ်ဝေနေကြရတာလို့ ပဲ သဘောပေါက် နားလည် ထားပါတယ်။
ပြောချင်တာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော် စာရေးဆရာကြီး ဒဂုန်တာရာရဲ့ သူ့ ဘဝတစ်လျောက်လုံးနဲ့ ရင်းပြီးမှ ရလာ၊ သိလာခဲ့တဲ့ နိုင်ငံရေးအမြင်ကို ပြန်ဝေငှချင်ပါတယ်။ အဲဒါကတော့ *နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ကြရတာပါ*။ "မုန်းသူမရှိ၊ ချစ်သူသာရှိပြီး" ဆောင်ရွက်တဲ့နိုင်ငံရေးမျိုးပေါ့ ဗျာ။ ဒါဆိုယင် တိုင်းပြည်လဲမနာ၊ လူမျိုးလဲမနာ၊ နိုင်ငံရေးလုပ်သူတွေ အားလုံးလဲ မနာကြတော့ဖူးပေါ့ ။ဒီတော့ အခုနိုင်ငံရေးလုပ်နေသူတွေရော၊ အစိုးရပိုင်းမှ လူကြီးမင်းများ ရော၊ လွှတ်တော်ပိုင်းဆိုင်ရာမှ ပုဂ်ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး ဆန်းစစ်ကြရမှာက မိမိတို့ ရင်ထဲ၊ အသဲနှလုံးထဲမှ အမုန်းတရားများ၊ အညှိုးအတေးများ၊ မကျေနပ်မှု့ များ၊ အာဃာတများ၊ လက်စားချေလိုမှု့ များ၊ မနာလို ဝန်တိုမှု့ နဲ့ ရန်လိုခြင်း လောဘ၊ ဒေါသ အကြွင်း အကျန်များ တစ်ယောက်အပေါ်တစ်ယောက်၊ တစ်ဖွဲ့ အပေါ်တစ်ဖွဲ့ ဘယ်လောက်များများ ကျန်ရှိနေကြ သေးလဲ ဆိုတာပါပဲ။ ဒါတွေကို အရင်ဦးဆုံး ကောင်းစွာမဖယ်ရှားပဲနှင့် လိုချင်တဲ့ ယုံကြည်မှု့ တည် ဆောက်ရေး၊ ပွင့်လင်းမြင်သာမှု့ ရှိရေး၊ တရားမျှတမှု့ နဲ့ ငြိမ်းချမ်းရေး၊ ဖွဲ့ စည်းပုံပြင်ဆင်ရေး၊ သမတ ဖြစ်ရေး၊ ဒီမိုကရေစီ ရရှိရေးဆိုတဲ့ နိုင်ငံအရေးများကို မိမိတို့ သေသည်အထိ ပြည့်ဝစွာ အကောင် အထည်ဖေါ်ဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ရိုးသားစွာဖြင့် အကြွင်းမဲ့ယုံကြည်ပါတယ်။
ကိုရူပ ( ပဲခူး )
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။