/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 7, 2013

.

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေး ပါတီကို သွားရောက်စည်းရုံး



အစိုးရက နေပြည်တော်တွင် ပြုလုပ်ရန်ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုး ပွဲသို့ တက်ရောက်ပြီး လက်မှတ်ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သွားရောက်စည်းရုံးခဲ့ရာ ပထမနေ့ ဆွေးနွေးမှုတွင် အောင်မြင်မှု မရရှိခဲ့ ကြောင်း UWSP နှင့် နီးစပ်သူများက ပြောကြားခဲ့ သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၄ ရက်တွင် UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ ရောက်ရှိခဲ့ပြီး UWSP ဒုတိယဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်သော အဖွဲ့များနှင့် တွေ့ဆုံပြီး ဆွေးနွေးမှု ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဓိက နှစ်ချက်ပေါ့။ အောက်တိုဘာမှာလုပ်မယ့် အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပွဲကို တက်ဖို့နဲ့ လက်မှတ်ထိုးဖို့ပေါ့။ အဲဒါကို "၀" ဘက်က လုံးဝလက်မခံပါဘူး။ သူတို့က တက်ချင်တက်မယ်။ လက်မှတ်မထိုးဘူး" ဟု UWSP နှင့် အဆက်အသွယ်ရှိပြီး တရုတ်-မြန်မာ နယ်စပ်၌ နေထိုင်နေသူ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောကြားသည်။

ဆွေးနွေးပွဲ ပထမနေ့တွင် အချက်ကိုးချက်ကို ထည့်သွင်းဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လက်မှတ် ရေးထိုးရန်၊ "၀" ဒေသအတွင်း မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေး၊ "၀" ဒေသတွင် အစိုးရ၏ နယ်စပ်စည်ပင် ၀န်ထမ်းများ "၀" နယ်မြေအတွင်း တာဝန်ချရေး၊ "၀" ဒေသ၌ အခြားပြည်နယ်များမှာ လာရောက်အလုပ် လုပ်ကိုင်ခွင့် ရရှိစေရေး အစရှိသော အချက်များကို အစိုးရဘက်မှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၄ ရက်က ဆွေးနွေးမှုတွင် သဘောတူညီချက် မရရှိခဲ့ဘဲ အောက်တိုဘာ ၅ ရက်တွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်ဆိုင်းမြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်ပြီး UWSP ၏ ပြင်ပဆက်ဆံရေးဌာန ဒုတိယ တာဝန်ခံ ဦးဆမ်ခွန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ဧည့်ခံပွဲသို့ ရောက်ရှိနေသဖြင့် ပြန်လည်ဖြေ ကြားခြင်း မပြုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် တို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

"အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက တောင်ကြီးဆွေးနွေးပွဲမှာလည်း "၀" ကိုယ်စားလှယ်တွေကို တင်ပြခဲ့တာတွေ ရှိတယ်။ "၀" ကိုယ်စားလှယ်တွေက ဗဟိုကို ပြန်တင်ပြခဲ့ပြီး အဲဒီတင်ပြချက်တွေကို လက်မခံခဲ့ဘူး" ဟု ဦးအောင်ကျော်ဇောက ဆက်လက်ပြောကြားသည်။

အစိုးရက ပြုလုပ်ရန်ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသည် UWSP နှင့် သက်ဆိုင်ခြင်း မရှိကြောင်း UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။

ထိုပွဲသို့ တက်ရောက်ရန် ပြည်ထောင်စုလွှတ်တော် နာကယ ဦးရွှေမန်းကလည်း စက်တင်ဘာ ၃ ရက်က UWSP ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြောကြားသွားခြင်း မရှိသဖြင့် UWSP အနေဖြင့် အခမ်းအနားသို့ တက်ရန် ဖိတ်ကြားခြင်းသာ ဖြစ်သည်ဟု ယူဆခဲ့ပြီး ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် UWSP အနေဖြင့် အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တာဝန်ယူခဲ့သည့် အစိုးရ အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာ သက်ဆိုင်သည်ဟု ယုံကြည်ကြောင်း ဦးအောင်မြင့်က ပြောဆိုထားပါသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံး ဖြစ်သော UWSP သည် ၁၉၈၉ ခုနှစ် အချိန်ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ ထားသည့် အဖွဲ့ဖြစ်သည်။

eleven media group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။