/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 11, 2013

.

ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်လိုသည့် အချက်များကို လွှတ်တော်သို့ တင်ပြရန် ကျားဖြူပါတီ ရှမ်းပြည်နယ်၌ ပါတီတွင်း ဆွေးနွေးပွဲ ပြုလုပ်



ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်လိုသည့် အချက် များကို လွှတ်တော်သို့ တင်ပြရန် စက်တင်ဘာ ၉ မှ ၁၁ ရက်ထိ သုံးရက်ကြာ ဆွေးနွေးပွဲကို ရှမ်း ပြည်နယ် တောင်ကြီးမြို့၌ ပြုလုပ်လျက်ရှိကြောင်း ရှမ်းတိုင်းရင်း သား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၅)အထွေထွေ ပြဋ္ဌာန်းချက်များပါ ဇယား များ၌ ပါဝင်သော ပြည်ထောင်စု၏ အခန်းကဏ္ဍများအား လျော့ချရေး ကိစ္စအား အဓိက ဆွေးနွေး နေ ကြောင်း သိရ သည်။

"ဗဟိုချုပ်ကိုင်မှု လျော့ချရေးနဲ့ ဇယား (၁)ကနေ (၂)ကို ပြောင်းဖို့ အဲဒါတွေ အဓိက ဆွေးနွေးနေတာပါ။ သုံးရက်တာ ဆွေးနွေးပွဲပြီးရင် ပါတီအနေနဲ့ ထုတ်ပြန်ချက်ထုတ်ဖို့ ရှိပါတယ်" ဟု ဦးစိုင်းလှကျော်က ပြော ကြား သည်။

အခန်း (၁၅)အထွေထွေ ပြဋ္ဌာန်းချက်များတွင် ဇယား (၁)၌ ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား (၂)၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်း၊ ဇယား (၃)၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း၊ ဇယား (၅)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များ က ကောက်ခံရမည့် အခွန်အခများ စသည့်အချက်များကို ပြဋ္ဌာန်းထားသည်။

ကျားဖြူပါတီ အနေဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အာဏာခွဲဝေရေး၊ မြေပေါ်မြေ အောက် သံယဇာတ ခွဲဝေရေး၊ အခွန်အခများ၊ နယ်စပ်ကုန်သွယ်ရေးများမှ ရရှိသည့် အကျိုးအမြတ်များ အား အချိုးကျ ခွဲဝေရေးကို အဓိက ပြင်ဆင်လိုခြင်းဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ကဏ္ဍ များကို ပြည်ထောင်စုမှသာ ကိုင်တွယ်လိုခြင်း ဖြစ်သည်။

"ကျွန်တော်တို့က ဗဟိုချုပ်ကိုင်မှု များနေတဲ့ အချက်တွေကို အဓိက ပြင်ဆင်လိုတာပါ။ ဘဏ္ဍာရေးလို ကိစ္စ တွေမှာ ပြည်ထောင်စုက ကိုင်တွယ်ရတာ ရှိသလို တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကိုင်တွယ်ရတာတွေ ရှိပါတယ်။ အခွန်အခတွေဆိုရင် ဗဟိုက ငါးဆယ်။ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ငါးဆယ် အချိုးက ခွဲ ဝေယူပေါ့။ နောက်တစ်ခုက ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တာ မဖြစ် သင့်ဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်ပြီး သမ္မတက အသိအမှတ် ပြု တာမျိုးပဲ လုပ်သင့်တယ်။ ဒါမျိုးတွေ ပြင်ရမယ်။ တကယ်လို့ ၀န်ကြီးချုပ် အလုပ်မလုပ်လို့ ပြန်ဖြုတ်ချင်ရင် လည်း အဲဒီကိုယ်စားလှယ်တွေကပဲ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချလိမ့်မယ်" ဟု ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က The Daily Eleven သို့ စက်တင်ဘာ ၆ ရက်က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်ရန် စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်း၍ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းခိုင်းသင့်ပြီး အဆိုပါအချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်းရန် လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။ 

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ကော်မတီဝင်အဖြစ် ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ်လေးဦး ပါဝင်ကြောင်း သိရသည်။

 တောင်ကြီးမြို့တွင် ကျင်းပနေသော ကျားဖြူပါတီ၏ ပါတီအတွင်း ဆွေးနွေးပွဲအား တွေ့ရစဉ် 
(ဓာတ်ပုံ-ယဉ်ယဉ်ဝင်း)

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။