/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 25, 2013

.

ဦးဥတ္တမ ပြတိုက် စစ်တွေတွင် တည်ဆောက်မည်



မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဦးဆောင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ပြတိုက်တခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ပထမဆုံး တည် ဆောက် မည်ဟု သိရသည်။


ဦးဥတ္တမ ပြတိုက်ကို ဆရာတော် သီတင်းသုံးခဲ့ရာ စစ်တွေမြို့၊ ရွှေစေတီ ကျောင်းဝင်း၌ တည်ဆောက် မည်ဖြစ်ကြောင်း၊ လာ မည့် ဇူလိုင်လတွင် ပြတိုက် အုတ်မြစ်ချ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ပြတိုက်ဖြစ်မြောက်ရေး ဦးဆောင်သူ ရွှေစေတီ ကျောင်း ဆရာတော် ဦးအရိယာဝံသ က ဧရာဝတီကို မိန့်သည်။

“မြန်မာ့လွတ်လပ်ရေးမှာ ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် ဆရာတော်နဲ့ပတ်သက်တာတွေ မြန်မာနိုင်ငံမှာ ဘာမှမရှိတော့ ဘူး၊ ဂျပန်နိုင်ငံမှာဆိုရင် ဆရာတော် စာပြခဲ့တဲ့ကျောင်းနဲ့ ဆရာတော် ပြတိုက်ရှိတယ်၊ ဒါတွေကို ဂျပန်တွေက ထိန်သိမ်းထား ကြတယ်၊ ဒီတော့ မြန်မာနိုင်ငံမှာလည်း ဆရာတော်ရဲ့ ကျေးဇူးကို ဂုဏ်ပြုတဲ့အနေနဲ့ ပြတိုက်တခု ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တည်ဆောက်ဖို့ စီစဉ်တာပါ”ဟု ဆရာတော် က မိန့်ဆိုသည်။

ပြတိုက်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရရှိရန် ဆရာတော် ဦးဥတ္တမ၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့ပုံ၊ တိုင်းပြည်နှင့်လူမျိုး အတွက် စွန့်လွှတ်အနစ်နာခံခဲ့ပုံ စသည့် ဆရာတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုများအား မျိုးဆက်သစ်လူငယ်များ သိရှိစေ ရန် ရည်ရွယ်၍ ဗီစီဒီ အခွေထုတ်လုပ် ဖြန့်ချိရောင်းချနေကာ ထိုငွေများကို ဦးဥတ္တမ ပြတိုက်အတွက် အသုံးပြုသွားမည်ဟု သိရသည်။

“ပြတိုက်အတွင်းမှာ ဆရာတော်နဲ့ပတ်သက်တဲ့ အရာဝထ္ထုတွေ၊ သမိုင်းတွေကို အများပြည်သူ လေ့လာနိုင် အောင် စနစ်တကျ ပြသထားမယ်၊ ပြတိုက် တခုလုံးအတွက် ကျပ်သိန်း ၂ ထောင်ဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဦးအရိယာ ၀ံ သ က မိန့်သည်။

ဆရာတော် ဦးဥတ္တမ၏ ပြတိုက်နှင့်ဆရာတော် စာသင်ခဲ့သော စာသင်ကျောင်းကို ဂျပန်နိုင်ငံ၊ နာဂိုယာ မြို့၌ စနစ်တကျ ထိန်း သိမ်း စောင့်ရှောက်ထားကြောင်း၊ သာမန်ပြတိုက် ပုံစံမျိုးမဟုတ်ဘဲ တကမ္ဘာလုံးမှ ခရီးသွားများ၊ ကျောင်းသား လူငယ်များ လေ့လာစရာ နေရာတခုအဖြစ် ဆောင်ရွက်ထားကြောင်း နာဂိုယာမြို့သို့ သွားရောက်လေ့လာခဲ့သူ နိုင်ငံရေး အကျဉ်း သားဟောင်း ဆရာတော် ဦးဇ၀န က ဧရာဝတီ ကို မိန့်သည်။

၎င်းက“ဆရာတော် ဦးဥတ္တမ ကို အာရှနေ၀န်းလို့ ဘာကြောင့် ခေါ်တယ်ဆိုတာ အရင်ကမသိခဲ့ဘူး၊ ဆရာတော်ဟာ မြန်မာပြည် အတွက်သာမက အာရှတိုက်တခုလုံး က အဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ဖို့ လမ်းပြပေးခဲ့တဲ့အတွက် အာရှနေ၀န်း လို့ ခေါ်တာပါ”ဟု ဦးဇ၀နက ဆိုသည်။

ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်ရောက်စဉ် မြန်မာပြည်မှ ကျောင်းသားများ၊ တရုတ်ပြည်မှ ကျောင်းသားများ စသည့် အာရှဒေသများမှ ကျောင်းသားများကို ဂျပန်ပြည်သို့ ခေါ်ဆောင်၍ ပညာများသင်ပေးခဲ့ကြောင်း သိရသည်။

မိမိတို့နိုင်ငံမှ အလေးမထားသည့် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်တဦးအား တခြားနိုင်ငံတွင် အမြတ်တနိုးဖြင့် ဂုဏ်ပြု တန်ဖိုးထားသည်ကို တွေ့ခဲ့ရသည့်အတွက် ဂုဏ်ယူကြောင်း၊ ဆရာတော် နှင့်ပတ်သက်သော အရာများကို ထုတ်ဖော်၍ သမိုင်း အထောက်များဖြင့် စနစ်တကျထိန်းသိမ်း သင့်ကြောင်း၊ ယခုတည်ဆောက်မည့် ပြတိုက် သည်ပင် နောက်ကျနေသည်ဟု ယူ ဆကြောင်းလည်း ဆရာတော် ဦးဇ၀န က မိန့်သည်။

၎င်းက“တကယ်တော့ ဦးဥတ္တမဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား နိုင်ငံရေးကို ပထမဆုံး လမ်းပြခဲ့တဲ့ မူလပိုင်ရှင်ပါ၊ ဒီလိုပုဂ္ဂိုလ်ရဲ့ သမိုင်းကို မှေးမိန်အောင် လုပ်ပြီးတော့ ထင်ပေါ်တဲ့သူတွေကိုပဲ ဖော်ထုတ်နေတာ တွေ့ရတယ်၊ ဗိုလ်ချုပ် အောင်ဆန်းတို့ က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှာ နောက်မှ ပေါ်လာတဲ့ ပုဂ္ဂိုလ်တွေပါ”ဟု ဆရာတော် က မိန့်ဆိုသည်။

ဦးနေ၀င်း အစိုးရလက်ထက်မှ စ၍ စစ်အစိုးရများသည် ဆရာတော် ဦးဥတ္တမနှင့်ပတ်သက်သည့် အကြောင်းအရာ အားလုံးကို ဖျောက်ဖျက်ကာ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား အနီးရှိ ဦးဥတ္တမ ပန်းခြံကို ကန်တော်မင်္ဂလာ ပန်းခြံဟု အမည်ပြောင်းလဲ၍ ပန်းခြံ ၀င်းထဲရှိ ဆရာတော်၏ ကြေးရုပ်တုကိုလည်း ဖျောက်ဖျက်ခဲ့သည်။

ယခုအခါ ထိုရုပ်တုအား ပန်းခြံထဲ၌ ယခင်အတိုင်း ပြန်လည်ထားရှိရန် ဇွန်လ ၂၂ ရက်ကပြုလုပ်သော“မြန်မာ့ လွတ်လပ်ရေး ဦးဆောင်ဆရာတော် ဦးဥတ္တမ၏ မြန်မာ-ဂျပန် (နာဂိုယာ) ချစ်ကြည်ရင်းနှီးမှု စတင်သောနှစ် ၁၀၀ ပြည့်” အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဆရာတော် ဦးပဏ္ဍိတ က အကြံပြု မိန့်ကြားခဲ့ကြောင်း သိရသည်။

ဆရာတော်နှင့်ပတ်သက်သော အခမ်းအနားများကိုလည်း အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားခဲ့ပြီး ဆရာတော် အတွက် ရည်စူးဆွမ်းကပ်သူများကိုလည်း စစ်အစိုးရက ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ဦးသိန်းစိန် အစိုးရ အာဏာရလာပြီး နောက် ဆရာတော်နှင့်ပတ်သက်သော အခမ်းအနားများကို လွတ်လပ်စွာ လုပ်ခွင့်ရကာ ပြည်နယ် စိုးရ အာဏာပိုင်များ ကိုယ် တိုင် ဆွမ်းကပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရွှေစေတီကျောင်း ဆရာတော် ဦးအရိယာဝံသ က မိန့်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်း တက်လာသည့် စစ်အစိုးရများသည် နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော သံဃာတော်များ၊ အာဇာနည် သူရဲကောင်းများကို မျိုးဆက်သစ်များက ဂုဏ်ယူအားကျလာမည်ကို မလိုလားကြောင်း၊ ဦးဥတ္တမ ကဲ့သို့ ရဲရဲတောက် သံဃာတော်များကို မျိုးဆက်သစ် သံဃာများက အတုယူ၍ အာဇာနည်များ ထပ်မံပေါ်လာမည်ကို စိုးရိမ်ကြောင်း၊ အစိုးရ ၏ မတရား ဖိနှိပ်မှုများကို တွန်းလှန်မည်ကိုလည်း မလိုလားသည့်အတွက် အာဇာနည် သူရဲကောင်းတို့၏ သမိုင်းများကို ဖျောက် ဖျက်ရန် စစ်အစိုးရ အဆက်ဆက်က ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ဦးဇ၀န က မိန့်ဆိုသည်။

ဆရာတော် ဦးဥတ္တမအား စစ်တွေမြို့ ရူပမြောက်အရပ်၌ ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ သက်တော် ၆၀ တွင် ဘ၀နတ်ထံ ပျံလွန် တော်မူသည်။

စစ်တွေမြို့ရှိ ဦးဥတ္တမရုပ်တု (ဓာတ်ပုံ – Kumara)

http://burma.irrawaddy.org/archives/42894

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။