/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, April 26, 2013

.

ပဋိပက္ခများကာကွယ်ဖန်တီးမှုကြိုတင်ကာကွယ်တားဆီးရေး ကော်မတီဖွဲ့စည်း

ပဋိပက္ခများ ကာကွယ်ဖန်တီးမှု ကြိုတင်ကာကွယ် တားဆီးရေး ကော်မတီကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပန်းပဲတန်းမြို့နယ်အတွင်း ဖွဲ့စည်းထားကြောင်း ကော်မတီ ဖြစ်မြောက်ရေး တာဝန်ခံ ဦးသန်းမောင်က မဇ္ဈိမသို့ ပြောသည်။

ဦးသန်းမောင်က “ အခုက ပုခုံးချင်းယှဉ်တိုက်မိလဲ ဗမာနဲ့ မွတ်ဆလင် ဖြစ်နေတယ် ဆိုပြီး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေကြတာတွေကို ဥပဒေအရ ကြိုတင်ကာကွယ်နိုင်အောင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမြင့်သိန်း ခွင့်ပြုချက်နဲ့ ဖွဲ့စည်းဖြစ်တာပါ။ ” ဟုဆိုသည်။


ကော်မတီတွင် ပန်းပဲတန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ၊ ဘာသာကြီးလေးခုမှ ပြည်သူများ၊ မြို့နယ် လဝက အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ပြည်သူများဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားအောင် လှုံ့ဆော်မှုများ မရှိစေရန် ကာကွယ်သွားမည်ဟု အဆိုပါ အဖွဲ့အစည်းမှ သိရသည်။

အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် ပန်းပဲတန်းမြို့နယ် အတွင်းလှုံ့ဆော်မှုများ ဖြစ်ပွားခြင်း မဖြစ်အောင် မြို့နယ် အာဏာပိုင်နှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လုံခြုံရေးကို ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်အောင်ဌေးက ပြောသည်။

၎င်းက “ ကျွန်တော်တို့ ပန်းပဲတန်းမြို့နယ်မှာ မွတ်ဆလင် လူနေအိမ်များပြီး ဗလီလည်း များတယ်။ ဟိုပဲခူးနဲ့ မိတ္တီလာဘက်မှာ ဖြစ်တော့ ဒီမှာလုံခြုံရေးကို မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ အထူး သတိထားဆောင်ရွက် ခဲ့ပါတယ်။ ပန်းပဲတန်းမြို့နယ် အတွင်းမှာရှိတဲ့ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဟိန္ဒူနဲ့ အစ္စလာမ် ဘာသာလေးခုလုံးရဲ့ ချစ်ကြည်မှုတွေကြောင့် ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး” ကဆိုသည်။

မြန်မာနိုင်ငံအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များကို တိုင်းဒေသကြီး ခရိုင်၊မြို့နယ် ရပ်ကွက် များတွင် ကျယ်ပြန့်စွာ ဖွဲ့စည်းသွားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမြင့်သိန်း က ဧပြီလ ၂၄ရက်နေ့တွင် ပြုလုပ်သည့် ပန်းပဲတန်းမြို့နယ် အတွင်းရှိ ဘာသာကြီးလေးခု၏ ချစ်ကြည်ရေး မိတ်ဆုံစားပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများနှင့် စီးပွားရေး၊ လူမှုရေး ဘာသာရေး ကဏ္ဍစုံလင်စွာ ဖွံ့ဖြိုးတိုးတက် စေရန်နိုင်ငံအတွင်းရှိ ဘာသာကြီးလေးခုမှ ဆုတောင်းပေးရန် မေတ္တာရပ်ခံပါကြောင်း ပန်းပဲတန်းမြို့နယ် ဟိန္ဒူဘာသာ ကိုယ်စားလှယ် ဦးခင်မောင်က ပြောသည်။

၎င်းက “ ကျွန်တော်တို့ ဘာသာလူမျိုးရေး အစွန်းမရောက်ဖို့ လိုပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ လက် တဆုပ်စာမျှ လူနည်းစုကြောင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးကို ဘယ်နည်းနဲ့မှ ဖျက်ဆီးလို့ မရနိုင်ဘူးလို့ ယုံကြည်ပါတယ် ” ဟုဆိုသည်။ 

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။