/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 1, 2013

.

အခမ်းအနားယဉ်ကျေးမှု


မကြာမီတစ်ရက်က ဟိုတယ်တစ်ခု တွင် ကျင်းပသော အခမ်းအနားတစ်ခုသို့ တက်ရောက်ခဲ့ရသည်။ ပုဂ္ဂလိကအဖွဲ့ တစ်ဖွဲ့က စာပေပြိုင်ပွဲကျင်းပပြီးဆုပေး သော အခမ်းအနားဖြစ်၏။ ပြိုင်ပွဲတွေကို အယုံ အကြည်မရှိသော်လည်း ဆုရသူက မကင်းရာမကင်းကြောင်းမို့ အားနာပြီး တက်ခဲ့ရခြင်းဖြစ်၏။

ရန်ကုန်တွင် အခမ်းအနားတက်ရ သည်မှာ အလကားမဟုတ်။ သူတို့ကျွေး သော မုန့်က ၁၅၀၀ ကိုယ်စိုက်ထုတ်ရ သော တက္ကစီခက ၅၀၀၀ (ပွဲတက်ဝတ် စုံနှင့်ဆိုတော့ ဘတ်စကားတိုးစီး၍မဖြစ်)။ ဒါတောင် ဗျူတီစလွန်းမှာ မိတ်ကပ်နှင့် ဆံပင်သွားမပြင်ပေလို့။ သွားပြင်လျှင်ဖြင့် နောက်ထပ်သောင်းချီပြီး ကုန်မည်။

အဆိုပါ အခမ်းအနားသို့ ကျွန်မ ရောက်သွားသောအခါ အခန်းထဲမှာ လူလျှံနေပြီ။ ပြည့်နေခြင်းမဟုတ်။ “လျှံ” နေခြင်းဖြစ်၏။ ဘာ့ကြောင့် လျှံနေသ နည်းဆိုလျှင် အခန်းနှင့်လူ မမျှတ၍ပါဘဲ။ ဟိုတယ်တွေမှာ Charges ခေါ် အခကြေးငွေတွေက အမျိုးမျိုးရှိသည်။တက်ရောက်သူတစ်ဦးချင်းအလိုက် အစား အသောက်နှုန်းထားရှိ၏။ ဥပမာ တစ်ဦးလျှင် ၁၅၀၀၊ ဒေါ်လာ ၂၀ စသဖြင့်။ နောက်တစ်ချက်မှာ “ခန်းမ ကြေး”ဖြစ်သည်။ အခန်းငယ်လျှင်ငယ် သလို၊ ကျယ်လျှင်ကျယ်သလို ပေးရ သည်။ အချို့ဟိုတယ်များမှာတော့ ခန်းမ တစ်ခုသာရှိပြီ လူ ၂၀ လောက်ဆိုလျှင် အခန်းခပေးရန်မလို ၂၀ အထက်ဆိုလျှင် ဘယ်လောက်၊ ၅၀ အထက်ဆိုလျှင် ဘယ်လောက်။ ၇၀ အထက်ဆိုလျှင်၊ ၁၀၀ဆိုလျှင် စသဖြင့် သတ်မှတ်သည်။ ငှားမည့်သူက မိမိဖိတ်ကြားမည့်သူကို အတိအကျမဟုတ်တောင် ခန့်မှန်းခြေ ပြောပြီး ငှားရသည်။ ဥပမာ လူ ၅၀ ဆိုလျှင်၊ ပိုပိုမိုမို ၁၀ ယောက်စာ သူတို့ အရန်လုပ်ထားသည်။ ပြေးလွှားရှာရန်မလို။

ခက်ပုံက ငှားသူများကပ်စေးနှဲခြင်း ဟု ဆိုရမလား။ သူက ဖိတ်စာ ၁၀၀ ဖိတ်ပြီး၊ အခန်းကိုတော့ ၇၀ ဟု ငှား၏။ ဟိုတယ်က ၀န်ထမ်းများက လာသမျှကို လက်ချိုးရေတွက်ကြသည်မဟုတ်ပါ။ မုန့်ပွဲအရေအတွက်ကိုသာမှတ်မည်။ မုန့် ပွဲအရေအတွက်သည် တက်ရောက်သူ အရေအတွက်နှင့် မဆိုင်ချေ။ တစ်ပွဲ ထက်ပိုစားသူရှိသည်။ လုံးဝမစားသူလည်း ရှိသည်။ တစ်ခါ တက်ရောက်သူ စာရင်းကို လက်မှတ်ထိုးခိုင်းလေ့ရှိ၏။ ထိုစာရွက် ကလည်း ဦးရေအတိအကျမပြနိုင်ပေ။ လက်မှတ်မထိုးဘဲ တန်းပြီးဝင်သွားသူ တွေရှိသည်။ အတိအကျမရနိုင်။ အချို့ ဟိုတယ်ကြီးများကား ၁၀ ယောက် တစ်ဝိုင်းလုပ်ထားသဖြင့် ၀ိုင်းကိုရေတွက် နိုင်သည်။ သို့သော် ၀ိုင်းတိုင်းတွင် ၁၀ ယောက် အတိအကျမထိုင်တတ်ကြပေ။ ကိုယ့်အုပ်စုနှင့်ကိုယ်ဖြစ်လျှင် ၁၁ ယောက်ဖြစ်ချင်ဖြစ်မည်။ ၈ ယောက် ဖြစ်ချင် လည်းဖြစ်မည်။ အစားအသောက် ကတော့ ၁၀ ယောက်အဖို့မျှစားရုံပါပဲ။

ထိုနေ့က ကျွန်မရောက်သွားသော ဆုပေးပွဲမှာ လူ ၅၀၊ ၆၀ သာ ဆံ့သော အခန်းဖြစ်၏။ ဆုယူသူက ၂ယောက်ဖြစ် သည်။ ဖိတ်စာ ၁၀၀ ဟုဆိုသည်။ ၅၀၊ ၆၀ သာ ထိုင်ရန်စီစဉ်ထားသဖြင့် လူ ၃၀၊ ၄၀၊ ခန့်က မိုးတိုးမတ်တပ်ရပ်နေကြရ လေသည်။ ဆုယူသူများနှင့် စပွန်ဆာ များကတော့ အခန်းထိပ်တွင် အခန့်သား ပေါ့။

လူများလွန်းသဖြင့် လေအေးစက် က မနိုင်ချေ။ နေပူသောရာသီဖို့ လူတွေ အငွေ့ပျံနေသည်။ လူနံ့သည် အလွန်ဆိုး ၀ါး၏။ ကွမ်းစားသူ၊ ဆေးလိပ်သောက် သူ၊ အရက်သောက်သူများပါလျှင် ပိုဆိုး သည်။ အထူးသဖြင့် အလုံပိတ်ထားသော လေအေးစက်မနိုင်သောအခန်းမှာမွန်း ကျပ်နေတော့သည်။

ကျွန်မသည် မတ်တပ်လည်း မရပ် နိုင်။ လူမွန်းကျပ်မှုလည်း မခံနိုင်သဖြင့်၊ ရှေ့သို့တိုးဝှေ့ကာ မိတ်ဆွေ ““ဆုယူမည့်လူ””ကို လာရောက်ကြောင်း၊ ထိုင်စရာ မရှိ၍ ပြန်တော့မည်ဖြစ်ကြောင်းပြောပြီး၊ လှည့်ပြန်ခဲ့ရ သည်။ သူက နေရာဖယ်ပေး မည်ဆိုသော်လည်း ဒါမျိုးမလုပ်ကောင်း ပါ။ ကျွန်မနှင့်အတူ အခြားမရပ်နိုင်သူ စာရေးဆရာမတစ်ဦး၊ စာရေးဆရာ တစ်ဦး၊ အယ်ဒီတာနှစ်ဦးဆင်းလာပြီး၊ အနီးအားရှိ လေအေးစက် ရှိသော ကော် ဖီဆိုင်၌ နားကာ ကိုယ့်ဘာသာဝယ်စား ကြရသည်။

ဤကိစ္စသည် ရေးကြီးခွင်ကျယ် မဟုတ်ပါ။ သို့သော် ယဉ်ကျေးမှုနှင့် ကျင့်ဝတ်ကိစ္စဖြစ်ပါသည်။ ယဉ်ကျေး သောနိုင်ငံတိုင်းတွင် ယဉ်ကျေးမှုများရှိ ကြသည်။ နိုင်ငံကြီးများ၏ အခမ်းအနား ဖိတ်စာတွင် ““တက်ရောက်နိုင်ခြင်းရှိမရှိ အကြောင်းပြန်ပေးပါရန်””စာတမ်းရိုက်နှိပ် ထားသည်။ အဓိပ်္ပာယ် မှာ နေရာအတိ အကျစီစဉ်ရန်ဖြစ်၏။ နေရာမရ၍ မတ် တပ်ရပ်ရတာမျိုး သူတို့တွင် မရှိချေ။ ထို့ပြင် သူတို့၏ ထိုင်ခုံများတွင် ဖိတ်ကြားထားသူ ဧည့်သည်တစ်ဦးစီ၏ အမည်ကိုကပ်ထားသည်။ ရှေ့ပိုင်းနေရာ လုရန်လည်းမလို။ နေရာမရတာလည်း မဖြစ်တော့ပေ။ မြန်မာနိုင်ငံ၏ တိုးတက် သောအုပ်စုအချို့ကလည်း တစ်ဦးချင်း အမည်မကပ်စေကာမူ ၀ိုင်းနံပါတ် သတ် မှတ်ပေးထားသည်။ ဥပမာ ဦးဖြူရောက် လာလျှင် ကြိုဆိုသူက စာရင်းကြည့်ပြီး ““စားပွဲနံပါတ် ၅ ကိုကြွပါ””ဆိုတာမျိုး ဖြစ်၏။ စနစ်ကျသော ယဉ်ကျေးမှုဖြစ် သည်။

တချို့ကတော့ အတော်ရိုင်းသည်။

ရှေ့ပိုင်းစားပွဲသုံးဝိုင်းလောက်မှာ၊ VIP ဆိုသော စာတန်းတွေတင်ထား၏။ “ဤအဖွဲ့များတွင် မည်သူမျှမထိုင်ရ။ အရေးကြီးပုဂိ္ဂုလ်များအတွက် သီးသန့် ဖြစ်သည်”ဟု ပြောရာကျသည်။ သို့ဆို လျှင် ကျန်လူတွေက အရေးမကြီးသည့် လူတွေပေါ့ဟု စော်ကားခံရခြင်းဖြစ်၏။

တစ်ခါမှာလည်း ကျွန်မတစ် ယောက်တည်း ပွဲတစ်ပွဲတက်ဖူးသည်။ သူတို့ရိုင်းပျစွာထားရှိသော “VIP” ဆို သည့် စားပွဲသို့ အလိုက်သိစွာမသွားပါ။ အလယ်ဝိုင်းလောက်မှာထိုင်ပါသည်။ နောက်တော့ ဆရာမတစ်ဦးရောက်လာ သည်။ သူလည်းအဖော်မပါပါ။ မတွေ့ တာကြာပြီဆိုပြီး နှစ်ယောက်သား စကား တွေကောင်းကြဆဲ ပွဲရှင်ရောက်လာကာ၊ “ဆရာမကြီးအရှေ့ကြွပါ”ဟု ဟို ဆရာမ ကိုခေါ်သွားသည်။ နှစ်ယောက်ရှိသည့် အနက် တစ်ယောက်ကို ချန်ထားခဲ့ခြင်း မှာ ဘယ်လောက်ရိုင်းစိုင်းကြောင်း ပွဲရှင် နားမလည်။ သူ့ပွဲသို့ တက်္ကစီခ ၅၀၀၀ အကုန်ခံလာခဲ့ခြင်းမှာ သည်လိုအစော် ကားခံဖို့မဟုတ်။ ချက်ခြင်းထပြန်ခဲ့သည်။ ပွဲတွေမှာ မုဒိတာစကားပြောခြင်းများ ရှိသည်။ ကျွန်မလည်း ပွဲအတော်များများ ပြောရတတ်ပါသည်။ ထိုမုဒိတာစကား ပြောကြားပေးပါရန် ကြိုတင် ဖိတ်ထား ခြင်းခံရလျှင် ထိုသူများကို ဂရုတစိုက် ကြို ဆိုတတ်ကြ၏။ ဤတွင်မှ အချို့ ဆရာ၊ ဆရာမကြီးများ သည် စကားပြောပေးရ မည့်ပွဲများကိုသာ လာရောက်တတ်ပုံကို စဉ်းစားမိသည်။ သူတို့ကား မိမိနေရာကို မိမိသိသူများဟု တွေးမိသည်။

ကျွန်မလည်း ပွဲတွေလုပ်ဖူးပါသည်။ ကျွန်မ လူ ၁၀၀ တတ်နိုင်လျှင် ၁၀၀ ဖိတ်ပါသည်။ ၁၀၀ ဆန့်သည့်အခန်းမှာ လုပ်ပါသည်။ စာအုပ်ပွဲဆိုလျှင် စာအုပ် ၁၀၀ ဝေငှပါသည်။ လက်ဖက်ရည်ကို ကြိုက်သလောက်တိုက်ပါ သည်။ မတတ်နိုင်လျှင် လုံးဝပွဲမလုပ်ပါ။ ပွဲဟူသည် လူအများစိတ်ချမ်းသာဖို့လား။ မိမိဂုဏ်ရှိဖို့လား။ နိုင်ငံကြီးသားပီသသော ယဉ်ကျေးမှုကိုသင်ယူကြပါဦးဟုဆိုလျှင် အောင်မင်းလွန်ရာ ကျလေမလား။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။