/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 1, 2013

.

တရုတ်နိုင်ငံရဲ့ မြန်မာလူထု ဆက်ဆံရေး ခြေလှမ်းသစ်များ

တရုတ်နိုင်ငံက အကူအညီပေးရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနေစဉ်၊
ဓာတ်ပုံ- ကြေးမုံသတင်းစာ

မြန်မာနိုင်ငံတွင်း လူထုဆက်ဆံရေး မျက်နှာစာမှာ ကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ တရုတ်နိုင်ငံ ဟာ အခုတော့ လူထု ဆက်ဆံရေး မျက်နှာစာ အသစ်တွေအတွက် ခြေလှမ်းတွေ တလှမ်းချင်း တလှမ်း ချင်း ပြန်လည် နေရာယူလာပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ခေတ္တရွှေ့ပြောင်းနေရတဲ့ သူတွေနဲ့ ငလျင်ဒဏ်သင့်ဒေသခံ ပြည်သူ တွေကို အရေးပါတဲ့ အထောက်အပံအကူအညီတွေ ပေးတဲ့ ကိစ္စမှာ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာ ချထားရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကူအညီပေးရေး သဘောတူ လက်မှတ်ရေးထိုးကြပါ တယ်။

အဆိုပါ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သူ ဒေါ်မြတ်မြတ်အုန်းခင် က အခုလို စားဝတ်နေရေး အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် ရက်ရက်ရောရော အကူအညီပေးမှုကို ကျေးဇူး အထူးတင်ကြောင်း ထိုနေ့ သဘောတူ စာချုပ် လက်မှတ်ရေးထိုးတဲ့ ပွဲမှာ ပြောကြားခဲ့တယ် လို့ ကြေးမုံ သတင်းစာက ဆိုပါတယ်။

တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျင်ဟွာကလည်း အခုလို ကူညီလှူဒါန်းရခြင်း ရည်ရွယ်ချက် ကို ပြောဆိုပြီး ဒုဝန်ကြီး ဦးဘုန်းဆွေနဲ့ အကူအညီပေးရေး သဘောတူလက်မှတ်ထိုးတယ်လို့ ကြေးမုံ သတင်းစာမှာ ဆိုပါတယ်။ ဒီသတင်းကို ဖတ်မိရင်း အတွေးများစွာက ပေါ်ထွက်လာခဲ့ပါတယ်။

အကူအညီပေးရေး သဘောတူလက်မှတ်ရေးထိုးပြီး တရုတ်အနေနဲ့ လှူဒါန်းကူညီမှုကို မြန်မာ နိုင်ငံသား တွေအနေနဲ့ အသိအမှတ်ပြုမှု ရလာစေဖို့ ပြန်လည်ကြိုးစားချည်းကပ်မှု အသစ်တွေဖြစ်ပါတယ်။

တရုတ်အနေနဲ့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တရင်းတနှီးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာခဲ့ကြရာ ဒေသခံတွေအတွက် ငဲ့ကွက်မှု အားနည်းလွန်း တာ ကြောင့် မြန်မာနိုင်ငံတွင်းမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ အမြင်မကြည်ဖြစ်နေတာ ကြာပါပြီ။

မြစ်ဆုံဆည်စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အတော် ဘဲ သတိထားစရာ ဖြစ်စေခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရုတ် ပညာရှင် ဆိုသူတွေဟာ မြန်မာနိုင်ငံကို မကြာခဏ ၀င်ထွက်သွားလာ ကာ မြန်မာ နိုင်ငံသားတွေရဲ့ တရုတ်နိုင်ငံအပေါ် တုံ့ပြန်ချက်တွေကို နားထောင်ယူခဲ့ကြပြီး မြန်မာ အစိုးရ ထိပ် ပိုင်း ခေါင်းဆောင်တွေတင်မက အတိုက်အခံတွေနဲ့ မြန်မာလူမှု နယ်ပယ်က သူတွေကိုလည်း ထိတွေ့ ဆက်ဆံမှုတွေ လုပ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပွင့်လင်းစ ပြုလာတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အခင်းအကျင်းတွေက အမေရိကန် အပါအ၀င် ဥရောပ သမဂ္ဂနိုင်ငံတွေနဲ့ နိုင်ငံတကာကပါ ရင်းနှီးမြှုပ်နှံလိုသူတွေ မျက်စေ့ကျလာပြီးနောက်ပိုင်း တချိန်တုန်းကလို တရုတ်နိုင်ငံအနေနဲ့ ပြိုင်ဘက်ကင်း ရင်းနှီးမြှုပ်နှံမှုအတွက် ခြိမ်းခြောက်ခံလာနေရပါ တယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဈေးကွက်ပြိုင်ဆိုင်မှု စနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ကြ မယ်ဆိုရင် တရုတ်အနေနဲ့ အခြား ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ လူထု ဆက်ဆံရေးဟာ အဓိကကျတယ် ဆိုတာ သိမြင်လာတဲ့ အပိုင်းကို အခုတလော တရုတ်နိုင်ငံရဲ့ ခပ်စိပ်စိပ်လှမ်းလာတဲ့ ခြေလှမ်းတွေက သက်သေထူနေတာပါ။

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ် တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒေသခံတို့အတွက် လူမှု ဆိုးကျိုးတွေ မရိုက်ခတ်တဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးသာ ဖြစ်သင့် တာပါ။

အခုလို တရုတ်နိုင်ငံအနေနဲ့ လူမှု ကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင်း မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲ က တရုတ်နိုင်ငံနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုအပေါ် အမြင်မကြည်လင်မှုတွေကို မှေးမှိန်ပျောက်ကွယ်သွားစေဖို့ ကတော့ အချိန်အတော်ယူရမယ်လို့ ထင်ပါတယ်။

http://blog.irrawaddy.org/2013/01/blog-post_5149.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။