/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 29, 2013

.

ဘိန်းခင်း ဧကခုနှစ်သောင်းကျော် ဖျက်ဆီးပြီးဖြစ်

၂၀၁၂-၂၀၁၃ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိန်းခင်း (၇၂၃၇၆.၇၅) ဧက ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အဆိုပါ ဘိန်းခင်းများကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် စက်တင်ဘာလဆန်းမှ ယခုနှစ် ဇန်နဝါရီ (၂၁) ရက်နေ့အတွင်း ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဟက်တာအနေဖြင့် (၂၉၂၉၀.၄၇) ဟက်တာ ရှိကြောင်း သိရှိရသည်။

ဘိန်းခင်းများ ဖျက်ဆီးနိုင်ခဲ့မှုတွင် ၂၀၁၂ခုနှစ် စက်တင်ဘာ (၁) ရက်နေ့မှ ၂၀၁၃ခုနှစ် ဇန်နဝါရီ (၁၄) ရက်နေ့ အထိ ၇၁၅၀၉.၈၀ ဧက (၂၈၉၃၉.၆၂ ဟက်တာ) ရှိခဲ့ရာ ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှ မှ (၂၁) ရက်နေ့ ငါးရက်အတွင်းထိ (၈၆၆.၉၅) ဧက ထပ်မံ ဖျက်ဆီးနိုင် ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဘိန်းခင်းများအား ဖျက်စီးသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာလုံးကျွတ် ဘိန်းဖြူ ရောင်းသော ရွာများရှိကြောင်းကို ကျောက်မဲမြို့မှဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာသုံးတဲ့လူတွေကလည်း ပေါမှပေါပဲ။ ၀ယ်ရတာတော့ သူ့လမ်းကြောင်းနဲ့သူပေါ့။ ဘိန်းခင်းတွေကတော့ အစိုးရမရှိတဲ့နေရာ။ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့နေရာတွေမှာ ရှိတယ်။” ဟု ကျောက်မဲ မြို့ခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးစီမံကိန်းအား ၁၉၉၉ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်ထိ ၁၅ နှစ်စီမံကိန်းချထားပြီး၊ ပါဝင်သောပြည်နယ်များမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကာလအတွက် ခန့်မှန်းကုန်ကျငွေစာရင်းမှာ ကျပ်သန်း ၃၃၅၈၈.၁၄ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဘိန်းထွက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီး၌ စက်တင်ဘာ (၁)ရက်၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် နေ့အထိ ဘိန်းခင်း (၅၅၄၂၉)ဧက ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း ဘိန်း တန်ချိန် (၆၁၀) ထုတ်လုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မူသည် အာဖဂန် နစ္စတန် နိုင်ငံပြီးလျှင် ကမ္ဘာ့အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများမှ လေ့လာသိရှိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။