/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 27, 2012

.

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး စစ်ရေးအရှိန် မြင့်လာခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) နှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တို့ တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်   နေခဲ့ကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) တွင် KIA ၏ ရှေ့တန်းစစ်မြေပြင် တပ်များအနေဖြင့် တိုက်ခိုက်ခြင်းမပြုရန် KIA ဘက်မှ ညွှန်ကြားမှုများ ရှိခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်   ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ခရစ္စမတ်နေ့က ဖြစ်တာက ပန်ဝါဒေသမှာ ကျွန်တော်တို့ တပ်စခန်းကို အစိုးရတပ်ကနေပြီးတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ နောက်ပြီးတော့ ဗဟိုဌာနချုပ်နဲ့ နီးတဲ့ လဂျားယန်ဒေသမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ ဘွမ်ဆောဘွမ်မှာ မြေပြင်တိုက်ပွဲတွေ ရှိတယ်။ မြေပုံအနေနဲ့ ပြောရင်တော့ ပြောဖို့ခက်တယ်။ ဖြစ်တဲ့နေရာမှာ ရွာတွေတော့ ရှိတယ်။ နယ်ခြား မှတ်တိုင် ၆ အနီးတ၀ိုက်မှာ ဖြစ်တယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ လဂျားယန်ဘက်မှာ မနက် လေးနာရီကနေပြီး မွန်းတည့် ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ မွန်းလွဲနှစ်နာရီလောက်မှာ ပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွားတယ်”ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။

ခရစ္စမတ်နေ့နှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် အချို့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားမည့်သူ မရှိခဲ့ပေ။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ အတွင်း KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲအကြီးအငယ် ၁၄၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့ပြီး အဆိုပါ အကြောင်းကြားစာကို KIA မှ ကန့်ကွက်ခဲ့သည်။ တပ်မတော် အနေဖြင့် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များ ၀င်ရောက်ရန် ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA တပ်များ အားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း တပ်မတော်မှ KIA သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြစ်ကြီးနားနှင့် ၀ိုင်းမော်ကို လျှပ်စစ်ဓာတ်အားပေးနေသော တဘတ်ယန်ကျေးရွာအနီးရှိ မလိရေအားလျှပ်စစ်ရုံ အစိတ်အပိုင်း အချို့ ပျက်စီးသွားပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေ ပါသည်။ မလိ ရေအားလျှပ်စစ် စက်ရုံသည် KIO မှ ပိုင်ဆိုင်သော ရေးအားလျှပ်စစ် စက်ရုံဖြစ်ပါသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။