/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 10, 2012

.

KIA ကိုချေမှုန်းရန် မြန်မာအစိုးရတပ်နှင့် တိန့်ယိန်း ပန်ဝါတွင် တွေ့ဆုံ

မြန်မာစစ်တပ် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူးနှင့် ဦးဇခုန်တိန့်ယိန်း (Zahkung Ting Ying) သည် မေ ၈ ရက်၊ အင်္ဂါနေ့က ယခင် NDA-K ဌာနချုပ် ပန်ဝါတွင် တွေ့ဆုံပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ကို ချေမှုန်းရန် ဆွေးနွေးခဲ့ကြသည်။

တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင် က “အခုတော့ ခေတ်မီလက်နက်တွေလည်းရထားပြီဖြစ်တဲ့အတွက် KIA ကိုတိုက်မှာဖြစ်တယ်။” ဟု အစည်းအဝေးမှာပြောကြားခဲ့သည်ဟု ပန်ဝါသတင်းကဆိုသည်။


အစိုးရတပ်မှ ဖမ်းဆီးသော KIA စစ်သားတစ်ဦး၏ပြောဆိုချက်ဖြစ်သည့် “NDA-K အထွေထွေအတွင်းရေးမှူးဟောင်း လယောက်ဇယ်လွမ်း (Layawk Zelum) အဖွဲ့မှ ခေါ်တဲ့အတွက် ပန်ဝါသို့ KIA တပ်ဖွဲ့များ လာရခြင်းဖြစ်တယ်။” ဆိုသည့်စကားကိုလည်း အစည်းဝေးတွင် ထပ်မံပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၄ တွင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army-Kachin) အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းကို ၎င်း၏အထွေထွေအတွင်းရေးမှူး ဇယ်လွမ်း (Zelum)က ရက်တို အာဏာသိမ်းခဲ့သည်။

၎င်း မအောင်မြင်သော အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဇယ်လွမ်း ဦးဆောင်သော NDA-K ခွဲထွက်အဖွဲ့သည် KIA အဖွဲ့တွင် ခိုလုံနေခဲ့သည်။

ဧပြီ ၂၅ ရက်တွင် အင်အား ၄၀၀ ခန့်ရှိ KIA တပ်ဖွဲ့များက ပန်ဝါသို့ ရုတ်တရက် ချီတက်လာပြီး ပန်ဝါမြို့နှင့် ၎င်းမှ ၁၁ မိုင်အကွာ နယ်ခြားစောင့်တပ် တပ်ရင်း အမှတ် ၁၀၀၂၊ လုပီ အခြေစိုက်စခန်းကို ၀ိုင်းထားလိုက်သည်။

တချိန်ထဲမှာ အစိုးရ စစ်ဗျူဟာ ပန်ဝါမြို့တွင် အလျင်အမြန် အခြေစိုက်လိုက်ပြီး ၀ိုင်းထားသော KIA တပ်များကို ဧပြီ ၂၆ နှင့် ၂၇ နှစ်ညဆက်တိုက် ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ် များဖြင့် ပြင်းပြင်းထန်ထန် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

ယခုလိုတိုက်ခိုက်ခံရပြီးနောက် KIA တပ်များ မြို့ပြင်သို့ ဆုတ်ခွာပေးခဲ့သည်။ ထို့နောက် အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းပြီး ပန်ဝါမှ KIA ရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်လာရာ ယခုချိန် တိုက်ပွဲများ အထူးသဖြင့် ပန်ဝါ မြောက်ဘက် ဖရဲဒေသဘက်တွင် နေ့စဉ်ဖြစ်ပွားနေသည်ဟု ဒေသခံများပြောသည်။

ပန်ဝါတွင် ၁၅ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေချိန် ပန်ဝါမြို့ကို မြန်မာ စစ်ဗျူဟာမှ ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့ပြင်ကို KIA မှ ထိန်းချုပ်ထားကြောင်း ဒေသခံများဆိုသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။