မြန်မာလူမျိုးရဲ့ မင်တယ်လတီက မှန်းရခက်တယ်။ အာဏာရှင်ခေတ်အဆက်ဆက် ခံနိုင်သရွေ့ ငုံ့ခံတယ်။ မခံနိုင်တဲ့တနေ့ ငှက်ကြီးတောင်ဓားဆွဲခုတ်တော့တာပဲ။ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတဲ့ ပက်တန်မရှိ။ ၂၀၀၂ နောက်ပိုင်းကစပြီး တနှစ်ထက်တနှစ် မြန်မာနိုင်ငံမှာ စီးပွားကျပ်လာတယ်။ နိုင်ငံရေးကလည်း ထွက်ပေါက်မရှိ (ခုလည်း မရှိသေးပါ)။
ဒီတော့ စားဝတ်နေရေးကျပ်တည်းမှုဒဏ် မခံနိုင်တဲ့လူတွေ လမ်းပေါ်ထွက်လာမှာကို အတိုက်အခံဘက်က စိုးရိမ်ခဲ့တယ် (စစ်အစိုးရလည်း စိုးရိမ်ခဲ့တာပဲ)။ လမ်းပေါ်ထွက်စေချင်သူတွေကလည်း လှုံ့ဆော်ခဲ့တာပဲ။ ဒါပေမယ့် ဘာကြောင့် ပြည်သူတွေ (၈၈ နောက်ပိုင်း) လမ်းပေါ် မထွက်ခဲ့သလဲဆိုတာ ဘယ်နိုင်ငံရေးသမားမှ မပြောနိုင်ဘူး။ အစိုးရဖိနှိပ်မှုကြောင့် အကြောက်တရားရသွားလို့လား။ စားဝတ်နေရေးက အဆင်ပြေနေလို့လား။ ဘယ်သူမှ အသေအချာမသိဘူး။
ခုလည်း တချို့က ပြောပြန်ပြီ။ ဒီမိုကရေစီက လက်တကမ်းမှာတဲ့ (ဥပမာ - ဘိုဘိုကျော်ငြိမ်း ဆောင်းပါး)။ ဒေါ်စုက ဦးသိန်းစိန်ကို ယုံတယ်ဆိုတဲ့ စကားတခွန်းကြောင့် ဦးသိန်းစိန်အစိုးရ အတော် အသက်ရှူချောင်သွားတယ်။ လက်ဂျီတီမေစီ လိုတာထက် ပိုရသွားတယ်။ အနောက်အုပ်စုတွေက လူလိုသူလို ဆက်ဆံလာတယ်။
ဒါတောင် ဒေါ်စုကို ယုံပါတယ်လို့ သမ္မတဦးသိန်းစိန်က ခုထိ တခွန်းမပြောသေးတာ သတိထားသင့်တယ်။ ပြောမှာလည်း မဟုတ်ပါ။ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှု အထစ်အငေါ့တွေ ကြည့်ရင် ဒေါ်စုကို ရန်သူလို့ လက်ရှိအစိုးရက သဘောထားဆဲဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။
အမှန်တော့ အစိုးရဘက်က ဒေါ်စုနဲ့ အန်အယ်လ်ဒီအပေါ် (အရင်ဆရာသမား စစ်အစိုးရအတိုင်း) ရန်သူကို ရန်သူလို့ သဘောထားတုန်းပဲ။ ရှင်းတယ်။ ပြတ်တယ်။ မရှင်းတာ မပြတ်တာ ကိုယ့်ဘက်က ...။
လူတွေ လမ်းပေါ်တက်တာ မတက်တာ ဘယ်သူမှ ဖန်တီးလို့မရ။ တားလို့မရတဲ့ကိစ္စ။ ဟောကြည့် ... ခေတ်က ပြောင်းပြန်။ ခုကျတော့ လူတွေ လမ်းပေါ်ထွက်မှာကို သမ္မတတို့ အစိုးရတို့ထက် ပိုစိုးရိမ်တဲ့ လူတန်းစားသစ် ပေါ်လာတယ်။ တခြားမဟုတ်။ ရန်ကုန်က ဂျာနယ်ပိုင်ရှင်တချို့ ဖြစ်တယ်။ ဆန္ဒြုပမယ့်သူတွေကို သဟောက်ဟမ်း လုပ်သူကလုပ်။ အားလုံးကောင်းကြလေသတည်း ဆောင်းပါးမျိုးတွေနဲ့ သမ္မတကြီးကို မြှောက်ပင့်သူက မြှောက်။ သူတို့လို လူတန်းစားသစ်အတွက် စကားသစ်တောင် ပေါ်လာတယ်။ ဂျာနယ်သူကြီးတွေ ... တဲ့။
လူတွေကလည်း လူတွေပဲ။ နာမည်ကြီးပြီဆိုတာနဲ့ လိုက်တုကြတာ။ ပစ္စည်းလိုက်တုတာက တော်သေးတယ်။ လူကို လိုက်တုတာကျတော့ လွန်တယ်။
ဒေါ်စု နာမည်ကြီးပဟေ့ ဆိုတော့ ဒေါ်စုဒီဇိုင်းက ခေတ်ထလာတယ်။ ခုတလော ဒေါ်စုကလည်း အ၀တ်အစားကို မော်ဒယ်တွေ ရှုံးအောင် ဖက်ရှင်အမျိုးမျိုး ၀တ်ပြတော့ လိုက်တုကြတယ်။ ဒေါ်စု ၀တ်တဲ့ အဆင်ဒီဇိုင်းဆိုရင် ဈေးပိုပေးရသတဲ့။ ဆရာစောကလည်း ဒီမိုကရေစီရေးကို ယုံကြည်သူဆိုတော့ ဂျာနယ်ဖတ်တဲ့ တူမတွေကို မေးရတယ်။ ဟဲ့ ... နင်တို့ ဒေါ်စု ဘာတွေပြောသလဲ မှတ်ထားကြရဲ့လား ဘာလားပေါ့။ နှမ်းဖြူးကြည့်တာ။ အဲတော့ တူမတွေက ပြန်ဖြေတယ်။ သူပြောတာတွေ နားမလည်ပါဘူး။ ကြည့် ... အန်တီစု ၀တ်ထားတာ တနေ့တမျိုး ဘယ်လောက်လှသလဲ ... တဲ့။ ဒေါ်စု ကလေးချီပြတော့ တချို့က လူကြားထဲ ကလေးချီပြတာ ခေတ်စားလာတယ်။ ဒေါ်စု တိုင်းရင်းသားဝတ်စုံဝတ်တော့ တချို့က (သူတို့နဲ့ မလိုက်လို့ ကြည့်မကောင်းပေမယ့်) တိုင်းရင်းသားဝတ်စုံတွေ တုဝတ်ပြလာတယ်။ ဒေါ်စု သောက်တဲ့ ၀မ်းနှုတ်ဆေးတောင် သိရင်ဝယ်သောက်နေမလားမသိ။
၉၀ ခုနှစ်များ အစောပိုင်းတုန်းကတော့ တမျိုး ...။
၉၀ ခုနှစ် အစောပိုင်းမှာ ဒေါ်စုက ခုလို စည်းရုံးရေးခရီးထွက်တယ်။ ဒီမိုကရေစီအကြောင်း အာပေါက်အောင် ပြောတယ်။ သူနဲ့ ပါသွားသူတွေက ပရိသတ်ထဲက ဖက်ဆေးလိပ်နဲ့ အသက် ၈၀ တန်း အဖွားကို မေးတယ်။ အဖွား ဒီမိုကရေစီအကြောင်း သဘောပေါက်ပလားပေါ့။ အဖွားက ဆေးလိပ်ဖွာရင်း ပြောတယ်။ ဗိုလ်ချုပ်သမီး ချောပါ့တော် ... တဲ့။
ပခုက္ကူနယ်ဘက်ကျတော့တမျိုး ...။ ဒေါ်စုကို မြင်ဖူးပေမယ့် နိုင်ငံရေး ဘာမှနားမလည်တဲ့ ခပ်စွာစွာ အန်အယ်လ်ဒီအမျိုးသမီးတဦးက ပခုက္ကူနိုင်ငံရေးသမားတချို့ကို အဲဒီတုန်းက ပညာပေးတယ်။ နိုင်ငံရေးလက်ချာတော့မဟုတ်။ ကြည့်ထား ... ကျမ ထဘီဝတ်ထားတာက ဒေါ်စု ၀တ်သလို ၀တ်ထားတာ … တဲ့။ ဟိုဆရာတွေခမျာ ဒေါ်စုလည်း မမြင်ဘူး၊ ဒေါ်စု ထဘီဝတ်တာ ဒီမိန်းမ ၀တ်ပြသလို ဟုတ်မဟုတ်လည်း မသိ ဆိုတော့ ဒေါ်စုလို ထမီဝတ်ထားတယ်ဆိုတဲ့ မိန်းမကိုယ်ပဲ ဒေါ်စုလို့ အောက်မေ့ပြီး ဆရာတင်ခဲ့ရသတဲ့။ ဘိုဘိုကျော်ငြိမ်းစကားနဲ့ ပြောရရင် လူတွေကိုက ကက်ပဲဆစ်တီးမှ မပြည့်တာ ...။ အီဗော်လူးရှင်းဆိုတာ ဝေးရော့ ...။
ဒေါ်စု ရှိနေတုန်းတော့ လူတွေ တရုံးရုံးနဲ့ ကြည့်လို့ကောင်းတယ်။ စေတနာတကယ်ကြီးမားတဲ့ ခေါင်းဆောင်ဆိုတာလည်း မှန်တယ်။ ခုတောင် သူအမတ် ဖြစ်မဖြစ် မသေချာသေး။ ဖြစ်ရင်ကော ဆက်ပြီး အသက်ရှင်ခွင့်ပေးပါ့မလား။ ပူကြရတယ်။ သူယုတ်မာတွေ အစိုးရခေါင်းဆောင်ဖြစ်နေလို့ ပူရတာ ...။
ကဲ ... နက်ဖြန်သဘက် ဒေါ်စု မရှိရင် ဒီမိုကရေစီရအောင် ဘာဆက်လုပ်မယ်လို့ ပြင်ထားသလဲ။ ဘယ်သူက ဒေါ်စုလို ခေါင်းဆောင်နိုင်မလဲ။ ဒေါ်စု မရှိလည်း ဒီမိုကရေစီက လက်တကမ်းပဲလား။
ဒေါ်စု မရှိတဲ့နောက်ပိုင်း အန်အယ်လ်ဒီကို ဘယ်ခေါင်းဆောင်က စုစည်းမလဲ အရေးကြီးတယ်။ ဂျီစီဘီအေ ကွဲတဲ့အခါ ရေဦးဆရာတော်ကြီး သြ၀ါဒစရိယခံ ဂျီစီဘီအေ၊ သက်ပန်းဆရာတော်ကြီး သြ၀ါဒစရိယခံ ဂျီစီဘီအေ၊ စိုးသိန်း ဂျီစီဘီအေ၊ ဦးပုဂျီစီဘီအေလိုမျိုး မဖြစ်ရင်ပဲ တော်လှပြီ။ ကက်ပဲဆစ်တီး ဘစ်လဒင်း လုပ်ကြပေါ့ ... တဲ့။ ကက်ပဲဆစ်တီး မပြည့်ရင် အီဗော်လူးရှင်းကို နားမလည်ဘူး ... တဲ့။ ဆရာစောလည်း ကက်ပဲဆစ်တီး ဆိုတာကြီးကို ဘာမှန်းမသိတော့ အီဗော်လူးရှင်းဆိုတာ ဝေးရော ...။
နိုင်ငံရေးမှောင်ရီပျိုးချိန်မှာ ပြည်သူကို ကက်ပဲဆစ်တီး ပြည့်အောင် ဆရာလုပ်ချင်သူတွေ ကယ်ချင်သူတွေ သိပ်များတယ်။
ရွှေကြာပင်ပညာရှင်ဆိုတာ အောတိုက်လို့။ လက်သင့်ရာ ဂျာနယ်တွေကလည်း ကိုယ်နဲ့ အလွမ်းသင့်တဲ့ လူတွေ ၀င်ခလုတ် ထွက်ခလုတ် လုပ်တိုင်း အလံရှူးလုပ်ပြီး ကိုယ့်ဂျာနယ်ကနေ ကြော်ငြာပေးကြ …။ ပြည်ပကို ကိုယ်သွားတုန်းက စောင့်ရှောက်ဖူးတဲ့ ကျေးဇူးစား ကျေးဇူးခံ မာစတာပညာရှင်မျိုးလာရင် မသိမသာ (သိသိသာသာ ဖြစ်နိုင်) ကိုယ့်ဂျာနယ်မျက်နှာဖုံးက တင်ပေးကြ။ ဓာတ်ပုံကြီးကြီး ထည့်ပေး။ ချက်ချင်းလာလို့ မရသေးသူ (ခုတော့ လာလို့ရပြီ) တချို့ကလည်း အလွမ်းသင့်တဲ့ ရန်ကုန်ဂျာနယ်ကို ဘန်ကောက်ထိ စရိတ်ခံ ခေါ်ပြုစု။ ဂျာနယ်ပိုင်ရှင်က သူ့ဂျာနယ်ကနေ နေရာကောင်းပေး သူကောင်းပြန်ပြု။ Log rolling နေလိုက်တာကြတာ ဟန်ကိုကျလို့ ...။
အဲ ... ကိုယ်နဲ့ အလွမ်းမသင့်သူ ပညာရှင်တွေ လေဆိပ်ရောက်ပြီဆိုရင် အချွန်နဲ့မတဲ့ သတင်းမျိုး ရေးရင်ရေး ဒါမှမဟုတ် ဒီသတင်းမှောင်ချထား။ ဘယ်လောက်ကောင်းလဲ။ အို ရန်ကုန်လေဆိပ်ဆိုတာ ဘင်သံတဒုံးဒုံး ကင်မရာမီးရောင်တွေ တ၀င်းဝင်းနဲ့။ လေဆိပ်နဲ့တောင် မတူဘူး။ စီးပွားဖြစ်ဗျူးဆရာတွေ ဘယ်လောက်များသလဲဆိုတာ ...။
ပြည်သူတွေကို ကယ်မယ့်သူတွေထဲမှာ ကက်ပဲဆစ်တီး ဂရန့်မာစတာ ဆရာကြီးတွေလည်း ပါသတဲ့။ အနောက်နိုင်ငံတွေမှာ Grant Master ခေါ် ဘွဲ့အတွက် ပညာသင်ဖို့ ငွေအလကာပေးတဲ့ အဖွဲ့အစည်းရှိလို့ ဘုရားစူး မာစတာဘွဲ့တခု ရသွားသူ ရွှေမြန်မာတွေထဲမှာ (ဘ၀င်လေဟပ်နေပေမယ့်) အင်္ဂလိပ်လို တမျက်နှာတောင် ဖြောင့်အောင် မရေးတတ်သူတွေလည်း ပါသတဲ့။ ဒီလို မာစတာဆရာတွေက ခု မြန်မာပြည်သူတွေကို အလုအယက် ကက်ပဲဆစ်တီးမြှင့်ပြီး ကယ်ချင်နေသတဲ့။
ဘိုဘိုကျော်ငြိမ်းတို့လို အင်္ဂလိပ်စာ တကယ်တတ်သူတချို့ကလည်း ရန်ကုန်သွားပြီး လွှတ်တော်မှာ နေရာရရင် လုပ်ချင်တယ်လို့ ရန်ကုန်လေဆိပ်ရောက်တာနဲ့ ဟန်တောင်မဆောင်နိုင်ဘူး။ ပေါ်တင် မျက်စပစ်ပြတယ် (ခင်ညွန့်လက်ထက်ကလည်း အလားတူ ပြောခဲ့တာပဲ)။
ခေတ်ကိုက နိုင်ငံရေးဗိန္ဒောဆရာတွေ များတဲ့ခေတ်ဆိုတော့ ဒေါ်စုတောင် ပြည်သူတွေ ကယ်ဖို့ နေရာရပါ့မလား စိတ်ပူနေရတယ်။
အော် ... ဒင်းတို့လို ရွှတ်-ရှက်-ဒွတ်-ဒက်တွေ မလုပ်တတ်တဲ့ လူထုကြီးကတော့ ကိုယ့်အရပ်ဒေသ ဘယ်သူလာလာ ဖက်ငိုကြရ။ ပန်းကုံးစွပ်ရ။ ဖက်နမ်းပြရ။ လိုချင်တာကို မျက်လုံးနဲ့ ပြရ။ မျက်ရည်စနဲ့ ပြရ။ ၈ တန်းသာရှိတဲ့ စုစုနွေးကိုတောင် ဒေါ်စုနဲ့ တတန်းတည်းထား အားကိုးမိကြ။ အရေးကြီးတာ ဒီမျက်လုံးတွေ မျက်ရည်စတွေကို ကိုယ်လိုချင်သလို အဓိပ္ပာယ်ကောက် မလွဲဖို့ အရေးကြီးတယ်။
သူတို့မျက်လုံးတွေ ကြည့်ရတာ ခေါင်းဆောင်တွေဆီက ဘာမှန်းမသိတဲ့ ကက်ပဲဆစ်တီး ဆိုတာကြီးကို မျှော်လင့်နေတာတော့ မဟုတ်တန်ဘူးထင်တယ်။ အင်ဂျီအိုနိုင်ငံရေး ဗိန္ဒောဆရာတွေအလှည့်ပြီးရင် လူနာလည်း အသက်ငင်တော့မှာမို့ ဒီတော့မှ ဆရာဝန် ပင့်ကြရမယ်ထင်ပါရဲ့။ ကက်ပယ်ဆစ်တီး မြှင့်ကြအောင်တဲ့။ နားတောင် ကလောတယ်။
ပြောနေတုန်း ဗိုလ်ချုပ်အောင်ဆန်းကိုတောင် မဆီမဆိုင် သိပ်သနားမိတယ်။ သင်းတို့ ပြောတဲ့ ကက်ပဲဆစ်တီး ဘစ်လဒင်း ဆိုတဲ့ ဂါထာမရွတ်မိဘဲ အသေစောသွားလို့ ...။ ။
ဆရာစော (တပေကုလား)
(Swe Swe Kyi's Facebook မှ ...)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။