ချိုတူးဇော်၊ ၊ဟိုတနေ့က သတင်းလေးတပုဒ်မှာ ကျနော့်မိတ်ဆွေ ကိုမျိုးမင်း(မောင်မျိုးမင်း ရင်တွင်းဖြစ်) တယောက်
ခိုးကူးခွေတွေကြောင့် စိတ်ထိခိုက်ရလွန်းတဲ့အတွက် အကယ်ဒမီပေးပွဲကိုတောင်
မတက်တော့တဲ့အကြောင်း၊ နေပြည်တော်ဟိုတယ်တခုကပဲ လှည့်ပြန်သွားပါတယ်ဆိုတဲ့အကြောင်း
လေး ဖတ်လိုက်ရလေတယ်။
အဲဒီ အကယ်ဒမီပွဲ ကိစ္စကို သုံးသပ်ကြည့်မယ်ဆိုရင်. . ၀န်ကြီးက ရှည်လျားထွေပြားစွာ နိုင်ငံတော်ရဲ့စေတနာ
ဆိုပြီး လူဝါးဝ စကားတွေပြော အမှန်က ကျနော်တို့ချွေးနည်းစာတွေထဲကတရားဝင်နည်းနဲ့ကော၊ တရားမ၀င်
နည်းနဲ့ကော သိန်းပေါင်းများစွာနှစ်စဉ် အဲဒီဝန်ကြီးဌာနက ဘတ်ဂျက်မှာ နည်းနည်းနှောနှောမဟုတ်ဘူးယူထားပါတယ်။
ကျနော်တို့ပိုက်ဆံတွေနဲ့ အခွန်အတုပ်ကောက်ယူထားပြီး ကျနော်တို့လောကမှာ ဖြစ်ပျက်နေတဲ့ မသမာဒုစရိုက်မှုကို
ကျတော့ မနှိမ်နှင်းပေးပါဘူး။ ခိုးမှုဟာ ရာဇ၀တ်ကြောင်းအရကို ပြစ်မှုမြောက်တဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ခိုးကူးခွေတွေ ရောင်းဝယ်ဖေါက်ကားနေတာဟာရန်ကုန်တိုင်းဒေသကြီးအစိုးရ ရဲ့ တရားဥပဒေစိုးမိုးမှု
မရှိတာကို ပြ နေတာဖြစ်ပြီး၊
ဒါ အဲဒီ အစိုးရအုပ်ချုပ်မှုညံ့ဖျင်းကြောင်း သာဓကဖြစ်ပါတယ်။ ဒီကိစ္စကို ပြေလည်အောင်
မဖြေရှင်းပေးနိုင်ရင် အစိုးရဟာ နှုတ်ထွက်ပေးဖို့လိုပါတယ်။
ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို စောင့်စရာမလိုပါဘူး။ အချိန်မရွေး ကန့်ကွက် ဖြုတ်ချပိုင်ခွင့်ရှိရပါမယ်။
မရှိရင် ဒီမိုကရေစီစနစ်မဟုတ်ဘူး။ အတုအယောင် ဒီမိုကရေစီစနစ်ပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ မဆိုင်ဘူး
ဆိုရင်တော့ ပြည်ထောင်စုအစိုးရဆိုတဲ့ နေပြည်တော်အစိုးရအဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။
ဘာပဲပြောပြော နေပြည်တော်အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ ဘယ်နေရာ၊ ဘယ်ဒေသ ဘယ်အစိတ်အပိုင်းမှာမဆို
တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ခုလို ရာဇ၀တ်မှုတွေ ထူပြောနေတယ် ဆိုတာ သူတို့တာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။
ရုပ်ရှင်ဗီဒီယိုလုပ်ငန်းတွေကနေ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တရားဝင်တောင်းယူထားတဲ့ အခွန်အခတွေကို
မနည်းပါဘူး။
နောက်ဆင်ဆာအဖွဲ့ညွှန်မှူးတွေ တကားချင်း စားပွဲခုံအောက်ကတောင်းတာတွေက သပ်သပ်ရှိပါသေးတယ်။
(တိတိကျကျ ပြောဆိုလည်း ပြောဖို့ အသင့်ရှိပါတယ်)။ ဒါ့အပြင် ရုပ်ရှင်လောကသားတွေဟာ အမြတ်ခွန်ကိုလည်း
သီးသန့်ဆောင်ရပါသေးတယ်။ ဒီတော့ “နိုင်ငံတော်” အနေနဲ့ နိုင်ငံတော် အနေနဲ့ ဆိုပြီး အဲဒီဝန်ကြီးက တနှစ်တနှစ်
ဘာတွေလုပ်ပေးတယ်၊ ညာတွေလုပ်ပေးတယ် လို့ပြောနေတာ အင်မတန်မှ လူဝါးဝ စကားတွေပြောနေတာလို့ပဲ
ကျနော်တော့ ထောက်ပြဝေဖန်လိုက်ပါရစေ။ တခြားစကားလုံးနဲ့ကို မတန်လို့ပါ။
ဟောဒီ ဟောလီးဝုဒ်က အော်စကာဆုပေးပွဲတွေကို ကြည့်ပါဦး၊ ဘယ်အစိုးရက ၀င်ပြီး ပါနေတာ၊ စွက်ဖက်နေတာ ရှိပါသလဲ။
ဘယ်ဝန်ကြီးက ၀င်စကားပြောတာမြင်ဖူးပါသလဲ။
လောကတခု တိုးတက်ဖို့ဆိုတာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ပဲလိုပါတယ်။ ကုန်သည်တွေပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်၊
ရုပ်ရှင်လောကသားပဲဖြစ်ဖြစ် လူဆိုတာ ဘယ်သူမှ ကိုယ့်ထမင်းအိုးကိုယ် ရိုက်မခွဲပါဘူး။ ကိုယ့်အလုပ်တွေ ပိုကောင်းသထက်ကောင်းလာ
အောင် ပိုတိုးတက်ပိုမြင့်မားလာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားလာကြတာပါ။ လူ့ဘောင် လူ့လောကကြီးမှာ လူတွေဟာ
အဲဒီလိုနည်းနဲ့ပဲ တိုးတက်လာအောင် လုပ်ခဲ့ကြတာပါ။ ပြဿနာက အာဏာနဲ့ ခုလို ၀င်ရောက်စွက်ဖက် လိုအပ်သည်များကို
ညွှန်ကြားတတ်သူများကြီးစိုးနေတဲ့အခါ တလွဲတချော်တွေဖြစ်တတ်ပါတော့တယ်။ ကျနော်တို့မြန်မာ့ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ရွှေခေတ်
ကာလမှာ အရှေ့တောင်အာရှမှာရှေ့ရောက်ခဲ့ပါတယ်။ ခုတော့ “နိုင်ငံတော်” ကြီး ပါကတည်းက ဘယ်လိုဖြစ်လာသလဲ ဆိုတာ
အားလုံးမြင်တဲ့အတိုင်းပါပဲ။
ဒီတော့ ကျနော်တခုပဲ ပြောချင်ပါတယ်။ တနှစ်တနှစ် စင်ပေါ်တက် သြ၀ါဒချွေ၊ ပြီးရင် တနင့်တပိုးစားထားတဲ့ အခွန်အတုပ်တွေကိုမှ
အားမနာ နိုင်ငံတော်ရဲ့စေတနာ ဆိုပြီး ပြောပြောနေတာ နားကြားပြင်းကပ်လွန်းလို့ဗျာ။
နောက် နိုင်ငံတော် အကြီးအကဲ ဆိုပြီး ကတော်တွေကအစသူတို့သားသမီးဘုစုခရု တန်းစီးပြီး ရှေ့ဆုံးမှာ နေရာယူလို့။
ဘယ်တိုင်းပြည်က ခေါင်းဆောင်တွေများ၊ ရုပ်ရှင်အကယ်ဒမီပွဲမှာ ရှေ့ဆုံးက အားအားလျားလျား ထိုင်နေတာ မြင်ဖူးပါသလဲ။
နောက် ကျန်ပါသေးသဗျာ. .အော့နှလုံးနာစရာအကောင်းဆုံးက အကယ်ဒမီဆုပေးပြီး တန်းစီပြီး အဲဒီ့နိုင်ငံတော် အကြီးအကဲ ဆိုတဲ့
လူကို လက်အုပ်ကလေးတွေ ချီပြီ ဂါရ၀ သွားပြရပါသေးသတဲ့။
ဒါတွေကို အဲလို လုပ်ရမယ်အောင့်မေ့လို့ လုပ်နေတာဆိုရင်. . .ကားပေါ်တက်ပြီး မြင်းလည်းမတွေ့၊ နွားလည်းမတွေ့ ဒီလှည်းဘယ်လို
ဆွဲသလဲမေးတဲ့ တောသားတွေလို ခင်ဗျားတို့ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေစနစ်ကိုဖေါ်ဆောင်တဲ့ အစိုးရ ၀န်ကြီးများ ဘယ်လို
နေ ဘယ်လိုထိုင်ရသလဲ ဆိုတာ နည်းနာလေးများယူ၊ အတုလေးများခိုးကြစေချင်တယ်။ အမြီးအမောက်မတည့်တာ မျက်စိကလော၊
နားကလောလွန်းလို့ပါ။
ပြောရရင် ကိုမျိုးမင်းရေ…ကျနော်ကတော့
ဘယ်တုန်းကမှ အဲဒီ အကယ်ဒမီ ပွဲဖိတ်စာကို ယူလည်း မယူ၊ တက်လည်းမတက်ခဲ့ပါဘူး။ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
တာတောင် မတက်ခဲ့ဘူး။
ကိုယ့်ကားလေးပါလို့ တက်ရင်ကောင်းမလား လို့ တွေဝေမိတာလည်း ခုနကပြောတာတွေ တွေးမိပြီး မတက်ရေးပဲဆုံးဖြတ်ခဲ့တယ်။
နောက်တခု အရေးကြီးတာပြောချင်ပါသေးတယ်။
ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အကြောင်းပြု “ခြံထဲကို အမေစု” လုပ်လို့ တမင်တကာကိုး ခိုးကူးတွေ ဖမ်းမပေးပဲ ဒဏ်ပေးတဲ့အနေနဲ့
ခင်ဗျားတို့စီးပွားပျက်အောင် ဖျက်တဲ့သဘော လို့မြင်ပါတယ်။ ဂီတလောကကြီးလည်း သူပုန်တွေများလို့ တမင် ဒီလို ဖျက်ခဲ့ပါရော။
ပြောရရင် အင်မတန်မှ စိတ်နှလုံးယုတ်ညံ့တဲ့ သူများ လက်နက်ကိုင် အုပ်ချုပ်နေဆဲပါပဲလား လို့ အဲဒီသတင်းလေးကို ဖတ်မိပြီး ပွားများ
ရပါကြောင်းဗျာ။
http://freedomnewsgroup.com/2012/02/22/nothing-gonna-change/#more-24439
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။