/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 15, 2014

.

တားမြစ်နယ်မြေကို ကျူးကျော်ခြင်းကြောင့်သာ ယူနတီဂျာနယ်ကို တရားစွဲဆိုခဲ့ခြင်းဟု ရဲမှူးထွက်ဆို



ဇန်န၀ါရီလအတွင်း ရေးသားထုတ်ဝေခဲ့သော ယူနတီ ဂျာနယ်၏ မျက်နှာဖုံးပါ သတင်းဆောင်းပါး နှစ်ပုဒ်ကြောင့် ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ကို နိုင်ငံတော် လျှို့ဝှက် ချက် အက်ဥပဒေဖြင့် သမ္မတရုံးက အမှုဖွင့် တရားစွဲဆိုခဲ့သော်လည်း အမှုစစ်ဖြစ်သူ နေပြည် တော်မှ ဒုရဲမှူး ဦးမောင်မောင်သန်းက တားမြစ် နယ်မြေကို ကျူးကျော်ခဲ့ခြင်းကြောင့်သာ တရား စွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဒေါ်အေးအေးသက် က ပြောသည်။


ပခုက္ကူခရိုင်တရားရုံး၌ မေ ၆ ရက်က ပြုလုပ်ခဲ့သည့် ယူနတီဂျာနယ်၏ အမှုရုံးချိန်းတွင် ရှေ့နေ ဒေါ်အေးအေးသက်၏ မေးမြန်းမှုကို ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

"သူဖြေခဲ့တာက ယူနတီဂျာနယ်က သတင်းထောက်တွေကို တရားစွဲခဲ့တာက လျှို့ဝှက် ဓာတုလက်နက်လို့ ရေးခဲ့လို့ မဟုတ်ဘူး။ တားမြစ်ထားတဲ့နေရာကို ၀င်လာလို့ စွဲတာဆိုပြီး ထွက်ဆိုခဲ့တယ်။ အဲဒီလို ထွက်ဆို တော့ စွဲထားတဲ့ ပုဒ်မနဲ့က တော်တော်လွဲသွားပြီ"ဟု ဒေါ်အေးအေးသက်က ပြောသည်။

အမှုစစ်မှ ထိုသို့ဖြေကြားခဲ့ခြင်းကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ရာမှ အခြားဥပဒေပုဒ်မ တစ်ခုခုသို့ ပြောင်းလဲသွားနိုင်သည့်အပြင် ယူနတီဂျာနယ်၏ ရှစ်ကြိမ်မြောက် ရုံးချိန်းနှင့် ရှေ့ရုံးချိန်းများတွင် တရားလိုပြ သက်သေ ၂၉ ယောက်အထိ စစ်ဆေးခဲ့ပြီး ထိုသူများ၏ ထွက်ဆိုချက်များမှာလည်း စွဲဆိုထားသည့် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

"ဘယ်ဥပဒေနဲ့ ပြန်စွဲမလဲဆိုတာကိုတော့ ပြောလို့မရဘူး။ ဒါပေမဲ့ အခုလိုထွက်ဆိုထားတာတွေကို ကြည့်ခြင်းဖြင့် တရားဥပဒေအရ လုပ်မယ်ဆိုရင် စွဲထားတဲ့ ဥပဒေက ပြောင်းကို ပြောင်းရတော့မှာ ဖြစ်တယ်။ ဒါမှမဟုတ် ဒီအတိုင်းပဲဖြစ်နေဦးမယ်ဆိုရင် တိုင်းအဆင့်ထိ ထပ်တက်ရမှာပေါ့"ဟု ရှေ့နေ ဒေါ်အေးအေးသက်က ပြောသည်။

ထို့ပြင် စတုတ္ထမြောက်ရုံးချိန်းတွင် တရားစွဲဆိုခံရသူများ၏ ရှေ့နေများက ယူနတီဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော စက်ရုံမှာ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဟုတ်၊ မဟုတ်ကို တရားလိုဖြစ်သူ အမှတ်(၂၄)၊ကာကွယ်ရေး ပစ္စည်း၊ စက်ရုံဌာနမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးကို မေးမြန်းခဲ့ရာ ၎င်းက မဟုတ်ကြောင်း ပြန်လည် ထွက်ဆိုထားသည်ဟု သိရသည်။

သတင်းထောက်များအား စက်ရုံအနီးသို့ ခေါ်ဆောင်သွားသူ တရားလိုပြ သက်သေ ဒေသခံ လယ်သမား ကိုထွန်းအောင်ကျော် ကလည်း ထိုအချိန်၌ စက်ရုံဧရိယာနှင့် အနီးတစ်ဝိုက်တွင် ဓာတ်ပုံမရိုက်ရ ဆိုင်းဘုတ် များနှင့် ခွင့်မပြုဘဲ မည်သူမျှ မ၀င်ရဟူသော ဆိုင်းဘုတ်များကို မမြင်ဘူးကြောင်း စသည်တို့ကို ထွက်ဆို ခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယူနတီဂျာနယ်၏အမှုအား စွဲချက်တင်သင့်၊ မတင်သင့်ကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အမိန့် ချမည်ဟု ရှေ့နေဒေါ်အေးအေးသက် ထံမှ သိရပြီး ထိုနေ့များ၌ပင် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတိုင်း(မ်)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။