/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 31, 2014

.

အိမ် ၁,၀၀၀ ကျော်ရှိသည့်ရွာအား ဖယ်ရှားခိုင်း



အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော သန်လျင်မြို့စွန်မှ ကွမ်းခြံကုန်း ရွာသည် ဇာမဏီအင်းဆည်ဧရိယာ အတွင်း ရောက်နေသဖြင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးအရာရှိတို့က အမိန့်စာများ ထုတ်ထား သည်။


မြို့နယ်အုပ်ချုပ်ရေးမှူးက ရွာသားများထံ ထုတ်ပြန်ခဲ့ သော ဇန်န၀ါရီ ၁၈ ရက် နေ့စွဲပါ ကြေညာစာတွင် ရွာသားများသည် 'မြို့နယ် ဆည်မြောင်းဦးစီးဌာနပိုင်ထဲတွင် တစ်စုံတစ်ရာ ခွင့်ပြုချက်ရယူမှုမရှိဘဲ တဲအိမ် များ ကျူးကျော် ဆောက်လုပ်ပြီး နေထိုင်လျက်ရှိကြောင်း' ဖော်ပြထားသည်။

မြို့နယ်ဆည်မြောင်းဦးစီးအရာရှိက ထုတ်ပြန်သည့်စာတွင်လည်း လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် အိမ်များဖယ်ရှားမပေးပါက တာတမံအက်ဥပဒေ ပုဒ်မ (၉)၊ ပုဒ်မ (၉က)ဖြင့် အရေးယူဆောင်ရွက် သွား မည်ဟု ပါရှိသည်။

အဆိုပါစာကိုထုတ်ပြန်ခဲ့သည့် ဆည်မြောင်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးစံမင်းက ထိုသို့ရွာသားများ ပြောင်းရွှေ့ ပေးရန် အမိန့်ထုတ်ခြင်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြား ချက်အရ ထုတ်ခြင်းဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။

ကွမ်းခြံကုန်းရွာတွင်နေထိုင်သည်မှာ နှစ် ၅၀ ကြာပြီဖြစ်သည့် အသက် ၆၇ နှစ်အရွယ် ဒေါ်သန်းစိန် က ၎င်းတို့နေထိုင်သည့်နေရာတွင် ရွာတည်ရှိခဲ့သည်မှာ ၎င်းအသက်မျှရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ဖြစ်သည့် ၁၉၉၄ ခုနှစ်တွင်မူ အစိုးရက ဆည်ဆောက်မည်ဟုဆိုကာ ရွာသားများကို မြေကွက်အစား ပြန်ပေးကာ ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။

သို့သော် တောင်ယာခြံမြေသုံးဧကပိုင်သည့် ၎င်းတို့မိသားစုကို ပေ ၄၀၊ ပေ ၆၀ မြေကွက်တစ်ကွက် သာ အစားပြန်ပေးသဖြင့် တောင်ယာလက်ငုတ်လုပ်ကိုင်သည့် အသက်မွေးဝမ်းကျောင်း၍ မရတော့ကြောင်း၊ ထို့ကြောင့် တစ်နှစ်မပြည့်မီမှာ ပင် မြေကွက်ကို ကျပ်လေးသောင်းဖြင့်ရောင်းစား ခဲ့ရကာ ၎င်းတို့ မိသားစု သည်လည်း မူလရွာနေရာသို့ပြန်လည် အခြေချနေထိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

မူလက အစိုးရက ဆည်ဆောက်မည်ဟုဆိုကာ ရွာသားများကို ဖယ်ရှားခိုင်းခဲ့သော်လည်း ဆည် ဧရိယာနှင့် လွတ်သည့်နေရာများတွင် ရွာသားများ ပြန်လည်အခြေချနေထိုင်သည်မှာ နှစ်ပေါင်း ၂၀ တိုင်ရှိပြီ ဖြစ်သည် ဟု လည်း ကွမ်းခြံကုန်းရွာဇာတိ အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်အုန်းမြင့်က ပြောသည်။

"နေစရာပြန်ပေးရင်တော့ တော်သေးတာ ပေါ့။ ဒါပေမဲ့ ပြန်ပေးတဲ့နေရာက လုပ်ကိုင်စားသောက်လို့ ရတဲ့နေရာ ဖြစ်မှအဆင်ပြေမှာ။ လုပ်ကိုင်စားလို့မရရင် ငတ်သေရုံပဲရှိမှာပေါ့" ဟု ၎င်းက ဆိုသည်။

ကွမ်းခြံကုန်းရွာတွင်ရှိသည့် အိမ်ခြေများကို အစိုးရက စစ်တမ်းကောက်ခဲ့ရာ ပထမအကြိမ်တွင် အိမ် ၆၇၀ သာရှိသော်လည်း လအနည်း ငယ်ခြား၍ ဒုတိယအကြိမ်ထပ်မံစာရင်း ကောက်သော အခါ အိမ်ခြေ ၁,၄၀၀ ကျော်ရှိလာကြောင်းလည်း ဦးစံမင်းက ပြောသည်။

"ဒါဟာ မရိုးသားဘူးလို့ ယူဆရတာပေါ့။ ဒီအရပ်ဒေသကလူတွေ မဟုတ်လောက်ဘူး။ စဉ်းစား ကြည့်ပေါ့။ ကွမ်းခြံကုန်း ကလူတွေက အိမ်ခြေဘယ်လောက် တိုးလာမှာလဲ" ဟု ၎င်းက ပြောသည်။

ဇာမဏီအင်းဆည်ကို ရေပိုမိုသိုလှောင်နိုင် စေရန် ပြန်လည်ပြုပြင်ပြီး လက်ရှိအကောင် အထည် ဖော်နေ သည့် သီလ၀ါအထူးစီးပွားရေး ဇုန်သို့ ရေများရောင်းချရန် အစီအစဉ်ရှိကြောင်း၊ ထိုသို့ ဆည်ကို ပြန်လည်ပြုပြင်ရာ၌ ဆည်တမံကိုမြှင့်ရန် ကွမ်းခြံကုန်းရွာဧရိယာမှ မြေကြီးများကို စက်ကြီးများဖြင့် တူးယူ ကာ တမံဖို့ရန် အစီအစဉ်ရှိကြောင်းလည်း ဦးစံမင်းက ရှင်းပြသည်။

ကွမ်းခြံကုန်းရွာသားများသည် ၎င်းတို့ အခက်အခဲကို ကူညီဖြေရှင်းပေးပါရန် သမ္မတ၊ လယ်/ဆည်ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ထံ အသနားခံတိုင်ကြားစာကို ဇန်န၀ါရီလ ၂၇ ရက်က ပေးပို့ထားပြီး ယင်းစာတွင် ရွာသား ၆၀၉ ဦးက လက်မှတ်ရေးထိုးထားသည်။

ထိုစာတွင် ရွာသားများသည် အစိုးရဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမှုကို လက်ခံသွားမည် ဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြထား သလို ၎င်းတို့အား အကြမ်းဖက်လာမည်ကို စိုးရိမ် ကြောင်း၊ ရွာရွှေ့ပြောင်းရန် ဖိအားပေးရာတွင် ၎င်းတို့အပေါ် အကြမ်းဖက်မှုများ ရှိလာပါက အာဏာပိုင်တို့၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ကျော်ဖုန်းကျော် / မြန်မာတိုင်း(မ်)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။