/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, November 12, 2013

.

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်တပ်မတော်



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ် တင်မြှောက်ထားသော နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့ သည့်သက်တမ်းမှာ ၃၁ လအကျော် သက်တမ်းထက်ဝက် ကျော်ခဲ့ပြီဖြစ်ပါသည်။ ၎င်း တာဝန်ယူခဲ့သည့် ထက်ဝက်ကျော် ကာလအတွင်း သမ္မတဦးသိန်းစိန်ဦးဆောင်သည့်အစိုးရသည် ပြည်သူ့ ဆန္ဒနှင့်အညီ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြပါ သည်။


မဏ္ဍိုင် ၃ ရပ်ထိန်းကျောင်းမှုကိုလည်း အပြည့်အ၀ ဆောင်ရွက်ခဲ့ကြပါသည်။ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း မမျှော်မှန်းနိုင်သည့် အခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်ဖြေရှင်း ပေးခဲ့ရပါသည်။ ၂၀၁၅ ခုနှစ် ဘက်သို့ တဖြည်းဖြည်းနီးကပ် လာသည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ သို့မဟုတ် အသစ် ရေးဆွဲရေးသည်လည်း တစ်စထက်တစ်စ အသံကျယ်လောင်လာပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ၎င်းတာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနှင့် အညီ ပြင်သင့်သည့်အချက်များကို ပေးထားချက်များအတိုင်း ပြင်ဆင်နိုင်ကြောင်း ပြောကြားခဲ့ပြီးဖြစ် ပါသည်။ လွှတ်တော်အတွင်းတွင်လည်း အာဏာရပါတီကြီးမှဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း အဆိုကိုတင်သွင်းဆောင်ရွက်ခဲ့ကြပါသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာ သုံးသပ်ရေးကော်မတီကိုလည်း ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန် တည်းမှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်လား၊ အသစ်ရေးဆွဲမည်လားဆိုသည့်အချက်ကိုပါ တစ်ဆင့်တက်ပြောဆိုလာကြပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ကြရာတွင် နိုင်ငံရေးအင်အားစုများ၊ အတိုက်အခံအင်အားစုများနှင့် လွှတ်တော်မှဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီတို့မှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အဓိကအားဖြင့် သမ္မတအရည်အချင်း၊ တိုင်းရင်းသားများအရေး၊ ပြည်ထောင်စုနှင့်ပြည်နယ်များ လုပ်ပိုင်ခွင့် အာဏာခွဲဝေရေး၊ တပ်မတော်၏အခန်းကဏ္ဍများကို အဓိကအလေးထားပြင်ဆင်လိုကြ ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြရာတွင် ပြင်ဆင်သင့်သည့် အချက်များကို စနစ်တကျ လေ့လာပြင်ဆင်လိုသူ၊ ဖြစ်သင့်၏ မဖြစ်သင့်၏ကို မျက်ကွယ်ပြုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်အုပ်လုံးကို ပြင်ဆင်၊ သို့မဟုတ် အသစ်ရေးဆွဲလိုကြသူများလည်း ရှိရပါသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာလျင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခုပါရှိပါ သည်။ အားလုံးကို သေချာစွာလေ့လာကြည့်ပါက ဖက်ဒရယ်စနစ်နှင့် ဖက်ဒရယ်စံနှုန်းများပါဝင်နေသည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သမ္မတအရည်အချင်းကို သတ်မှတ်ထားသည့် ၅၉(စ)နှင့်ပတ်သက်၍လည်း အမြင်အမျိုးမျိုးရှိကြပါသည်။ အမှန်မှာ ဤသမ္မတအရည်အချင်းသတ်မှတ်ချက်ကို ၁၉၄၇ ခုနှစ် ဥပဒေ ကတည်းက ထည့်သွင်းရေးဆွဲထားခဲ့ခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင်က ၀ံသာနုရက္ခိတစိတ်ဓာတ်ရှိစေရန် ရေရှည်မျှော်ကိုးထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ အဓိက အားဖြင့် နိုင်ငံကို တိုင်းတစ်ပါး၏လက်အောက် သြဇာခံမဖြစ်စေရန် ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးဖခင်ကြီးကိုယ်တိုင် ထည့်သွင်းရေးဆွဲခဲ့သောဥပဒေသည် ကံအားလျှော်စွာပင် သမီးဖြစ်သူ မှ လာရောက်ငြိစွန်းနေခဲ့သည်မှာ အံ့သြဖွယ်ဖြစ်ပါသည်။

၅၉(စ)ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအရ တစ်စုံတစ်ယောက်ကို သမ္မတ ဖြစ်စေချင်သူများကလည်း ဖြစ်သင့်သည်များကို မျက်ကွယ်ပြုကာ ပြည်သူလူထုကလိုလားလျင် ဤအချက်ကို ပြင်ဆင်ပေးရမည်ဟု ပြည်သူလူထုကို အလွဲအသုံးချကာ ပြင်ဆင်နိုင်ရေးကြိုးပမ်းလျက်ရှိ ကြပါသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထုအပါအ၀င် အများစုကလည်း နိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့်ပတ်သက်သည့် ၅၉(စ)ကို မြဲမြံစွာထိန်းသိမ်းရန် ဆန္ဒပြင်းပြလျက်ရှိနေကြပါသည်။ ဤဥပဒေသည် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပိတ်ဆို့ထားသည့် အချက်ဟု မမြင်ကြဘဲ တစ်မျိုးသားလုံးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ကာကွယ်ရန် ထည့်သွင်းထား သည်ဟုသာ အများက မြင်ကြပါသည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ပြည်ပမှဝင်ရောက် မစွက်ဖက်နိုင်စေရေး မရှိမဖြစ် ဆက်လက်တည်ရှိနေရမည်ဟု တိုင်းရင်းသားပြည်သူအများက ယုံကြည် လက်ခံထားကြပါသည်။

တိုင်းရင်းသားများအနေဖြင့် ၅၉(စ)ပြင်ဆင်ရေးထက် ၎င်းတို့၏တိုင်းရင်းသားများအရေး ပြင်ဆင် ရန်ကိုသာ ပိုမိုလိုလားကြကြောင်းကို တွေ့ရှိရပါသည်။ တိုင်းရင်းသားအားလုံးမျှော်မှန်းထားသည့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ပိုမိုစိတ်ဝင်စားပြင်ဆင်လိုကြပါသည်။ Power Sharing နှင့် Resource Sharing ကိုသာ ပိုမိုအလေးထားကြပါသည်။ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ပြည်ထောင်စုနှင့် ပြည်နယ်များ အာဏာခွဲဝေကျင့်သုံးမှုနှင့် သဘာဝသယံဇာတများ ခွဲဝေသုံးစွဲရေးကိစ္စများပါရှိသော်လည်း ပိုမိုတိကျစေရန် ပြင်ဆင်ရေးကိုဆောင်ရွက်လိုကြပါသည်။ ယခုအချိန်မှာ ပြုပြင်ပြောင်းလဲရေးများကို အုတ်မြစ်ချလုပ်ဆောင်နေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီအခြေကျ ပြီး နိုင်ငံများမှာပင် ပြုပြင်ပြောင်းလဲရေးများကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို သတိပြု ပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်၏အခန်းကဏ္ဍကို ပြင်ဆင်ရေးသည်လည်း အဓိကအချက်တစ်ချက်အဖြစ် တွေ့ရှိရမည်ဖြစ်ပါသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု အတိအလင်းကြေညာထားပါသည်။ ဤအချက်ကို မိမိ တို့၏ ဆန္ဒစွဲအရ ဥပဒေကိုပြင်ဆင်လိုသည့် နိုင်ငံရေးသမားများနှင့် လူအများက အနှောင့်အယှက်တစ်ခု အဖြစ် သဘောထားရှုမြင်ကြပါသည်။ ၎င်းတို့က တပ်မတော်သည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် မရှိဘဲ သီးခြားရပ်တည်နေသော အဖွဲ့အစည်းအဖြစ် ရှုမြင်ကြပါသည်။ အမှန်မှာ တပ်မတော်သည် အစိုးရ၏ ကွပ်ကဲမှုအောက်ရှိ နိုင်ငံတော်ကာကွယ်ရေးကို တာဝန်ယူထားသည့် ခိုင်မာသောအဖွဲ့အစည်း တစ်ခုပင် ဖြစ်ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ကပင်လျင် နိုင်ငံတော်သမ္မတကြီး၏ အမိန့်အတိုင်း လိုက်နာ၍ နိုင်ငံတော်ကာကွယ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား စောင့်ရှောက်ရေးကို ဆောင်ရွက်သွားမည်ဟု ပြောကြားပြီးဖြစ်ပါသည်။

ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကြီးမားသော နိုင်ငံရေးသမားအချို့၊ လူပုဂ္ဂိုလ်အချို့က တပ်မတော်အပေါ် မကောင်းမြင်သောစိတ်ဖြင့် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရန်၊ ဖြစ်နိုင်လျင် လုံးဝဖျောက်ဖျက်ပစ်ရန် အားသန်လျက်ရှိကြပါသည်။ တပ်မတော်သည် နိုင်ငံရေးတွင်ပါဝင် နေ၍ ၎င်းတို့ပြင်ဆင်လိုသည့်အချက်များကို မပြင်ဆင်နိုင်မည်ကို စိုးရိမ်ပူပန်လျက် တပ်မတော်အပေါ် အမျိုးမျိုးဝေဖန်ထိုးနှက်တိုက်ခိုက်လျက်ရှိကြပါသည်။ နိုင်ငံတကာတွင် စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း နှိုင်းယှဉ်ပြောဆိုလေ့ရှိကြပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေး အခင်းအကျင်းများ မတူညီကြပါ။ မိမိနိုင်ငံ၏ လိုအပ်ချက်နှင့်အညီ လုပ်ဆောင်နေကြရခြင်းဖြစ်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံပုံတူကူးချ၍ ရနိုင်မည်မဟုတ်ပါ။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအရ လွှတ်တော်၊ သို့မဟုတ် နိုင်ငံရေးတွင် တပ်မတော်က ပါဝင်ပတ်သက်နေခြင်းမှာလည်း လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အများစုသော နိုင်ငံရေးသမား၊ အတိုက်အခံများ၊ တိုင်းရင်းသားပြည်သူများက ယုံကြည်လက်ခံထားပြီး ဖြစ်ပါသည်။ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်လာခဲ့သည့် တိုင်းပြည်များရှိ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဖွဲ့စည်း ပေါ်ပေါက်လာသည့် တပ်မတော်များမှ နိုင်ငံရေးတွင် အင်အားချိန်ခွင်လျှာကို ထိန်းသိမ်း၍ မဖြစ်မနေပါဝင် ပတ်သက်ရလေ့ရှိပါသည်။ တိုင်းပြည်ကို နောက်ကြောင်းပြန်လှည့်သွားနိုင်သည်ဟု ပြောဆိုနေသူများမှာ လည်း တပ်မတော်သားများမဟုတ်ဘဲ တပ်မတော်အပေါ် မလိုမုန်းတီးစိတ်ထားရှိသော လူပုဂ္ဂိုလ်နှင့် နိုင်ငံရေးသမားများသာဖြစ်ကြောင်း သေချာလေ့လာလျင် တွေ့နိုင်မည်ဖြစ်ပါသည်။

နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ဖြစ်နိုင်လျင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ဆောင်ရွက်လိုကြသည်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်သည်လည်း အလားတူပင်ဖြစ်ပါသည်။ နိုင်ငံ့ တာဝန်သည် အလွန်ကြီးလေးသဖြင့် ဖြစ်နိုင်လျင် တာဝန်မယူလိုသည်မှာ ဆန္ဒအမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံတွင် ထည့်သွင်းရေးဆွဲသည်ဖြစ်စေ၊ မရေးဆွဲသည်ဖြစ်စေ၊ အစိုးရ တစ်ရပ်က တိုင်းပြည်ကို မထိန်းသိမ်းနိုင်သည့် အခြေအနေ၊ အစိုးရက တာဝန်ပေးအပ်လာသည့်အခြေ အနေ၊ ပြည်သူလူထုက တောင်းဆိုလာသည့်အခြေအနေနှင့် တိုင်းပြည်ဆူပူအုံကြွမှု ပြိုကွဲနိုင်သည့် အခြေအနေများတွင် နိုင်ငံ့တာဝန်ကို မလွဲမသွေ လွှဲပြောင်းထမ်းဆောင်ရမည်ပင် ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အစိုးရလွှတ်တော်၊ နိုင်ငံရေးသမားများ၊ အတိုက်အခံများ၊ တိုင်းရင်းသားများက မိမိတို့၏ခံစားချက်အမြင်အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါ သည်။ အလားတူ တပ်မတော်ကလည်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအောက်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏အခြေအနေအရ ဒီမိုကရေစီနုနယ်သေး ချိန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေချိန်၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုစီးပွားရေး၊ ပဋိပက္ခများကို ဖြေရှင်းနေရချိန်၊ မြေပေါ်မြေအောက်အဖျက်သမားများကို ရှင်းလင်းဖော်ထုတ်နေရချိန်တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အမျိုးသားနိုင်ငံရေးတွင် ဆက်လက်ပါဝင်နေလိမ့်ဦးမည်ဟု ယူဆရပါသည်။ မြန်မာပြည်သူပြည်သား အားလုံးပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သောဥပဒေများကို ပြင်ဆင်နိုင်၍ ကာကွယ်သင့်ကာကွယ်ထိုက်သော ဥပဒေများကို ခိုင်ခိုင်မာမာကာကွယ်နိုင်ကြပါစေ။

1 comment:

  1. ၅၉(စ)ကိုမပြင်နဲ့ဒေါ်အောင်ဆန်းစုကြည်က၅နှစ်ဆလာက်ဘဲနိုင်ငံရေးလုပ်နိုင်တော့မှာ။နောင်အရှည်မှာမကောင်ဘူး။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။