/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 30, 2013

.

၇၅% +၁ = ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်



လတ်တလော ကြားနေရတဲ့ နိုင်ငံရေးသတင်း တွေက ကျွန်တော် တို့ မြန်မာနိုင်ငံသားတစ်ဦးချင်း အဖို့ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည် လို့ မေးရမလို ဖြစ်ကိန်း ဆိုက်နေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်မယ်၊ အချို့ ကလည်း အသစ်ရေးဆွဲမှ ရမယ်၊ ပြင်ဆင်စရာ မလိုဘူးလို့ ပြောသူတွေလည်းရှိတယ်။ ကျွန်တော်တို့ ပြည်သူ တွေက ဘာကိုနားလည်လက်ခံရမှန်း မသိအောင် အာရုံတွေနောက်နေရပါပြီ။


NLD ဥက္ကဌ ဒေါ်စုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကိုပြင်ကိုပြင်ရမယ်လို့ ပြောကြားထားတာရှိသလို တိုင်းရင်းသား အဖွဲ့အစည်း ပါတီတွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး စနေနေ့တိုင်း တွေ့ဆုံဆွေးနွေး ပွဲတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူ ခရီးစဉ်မှာလည်း အတိအလင်း ပြောဆိုခဲ့တာရှိပါ တယ်။

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် ယုံကြည်မှု တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ NLD အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ အပြစ်အနာအဆာ များလွန်းနေတာကြောင့် အသစ်ရေးဆွဲဖို့ လိုကြောင်း ထင်မြင်မိတယ် လို့ ပြောသွားပြန်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေရဲ့ အတွေးထဲမှာ ဖွဲ့စည်းပုံ ပြင်တော့မယ့်ကိစ္စကို အားလုံးထောက်ခံနေပြီလား ဆိုတဲ့ အဖြေကို သိချင်နေခဲ့မိပါတယ်။ ဒါပေမယ့် အချို့ပါတီတွေက လက်မခံတာတွေ့ရပြန်ပါတယ်။

(၂၅) နှစ်ပြည့် တစညပါတီရဲ့ ငွေရတုနှစ်ပတ်လည်အခမ်းအနားမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကို တစညက လက်မခံဘူးဆိုပြီး စကားသံတွေ ပေါ်ထွက်လာ ပါတယ်။ ထို့အတူ ပြည်ခိုင်ဖြိုးပါတီမှ ဦးဌေးဦး ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် မလိုဘူးဆိုပြီး အတိအလင်းပြောဆိုလိုက်ပြန်ပါတယ်။

ဒီတော့ ကျွန်တော်လည်း စိတ်ဝင်စားလာတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အသိမိတ်ဆွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆီ အပြေး သွားပြီး မေးကြည့်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် လွှတ်တော်ထဲက ၇၅% ကျော် ထောက် ခံမှုရရှိမှသာ ပြင်နိုင်မယ်လို့ ရှင်းပြပါတယ်။ သူကတော့ ၇၅%+၁ ဆိုတဲ့ ရလဒ် ဟာ စိတ်ကူးယဉ်သလိုဖြစ်နေတယ်ဆိုပြီး ပြောလိုက်ပါတယ်။

ကျွန်တော့် အိမ်အပြန်လမ်းမှာ အတွေးပေါင်းစုံဝင်ရောက်လာပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ် စားလှယ် ၂၅ % ပါတော့ ကျန်တဲ့ ၇၅% အပြည့်အ၀ ထောက်ခံ မယ်ဆိုရင်တောင် တပ်မတော်သား ၂၅%က မထောက်ခံဘူးဆိုရင် ၇၅%+၁ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ လတ်တလော အခြေအနေအရ ပြည်ခိုင်ဖြိုး မထောက်ခံဘူးဆိုရင် ၇၅% ထဲက အနှုတ် လက္ခဏာပြသွားမှာပါ။ ဒါဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ NLD တစ်ခု တည်းနဲ့ မပြီးဘူးဆိုတဲ့ အဖြေထွက်လာပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တစညကို လည်း ပါဝင်စေရမှာဖြစ်သလို သူတို့ ၂ ဖွဲ့ထောက်ခံတယ်ပဲထားဦး ၇၅% အပြည့်ရလာမယ်။ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး ရဲ့ ထောက်ခံမှု ကလည်း မရှိမဖြစ် လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါ တယ်။

တစ်ဖက်နှင့်တစ်ဖက် နားလည်မှုတွေ လွဲနေသမျှ ၇၅ % ဖြစ်လာနိုင် စရာအကြောင်း မရှိပါ။ တပ်မတော်ကို နိုင်ငံရေးလောကထဲကနေ လုံးဝကန် ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် ၇၅%+၁ လည်း မျှော်လင့်စရာမရှိပါ။ ၇၅%+၁= ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်ဆိုတာ သင်္ချာတွက်ကိန်းဖြစ် ပါတယ်။

၂၀၁၅ မတိုင်ခင် အဲဒီ အဖြေထွက်၊ မထွက်ဆိုတာကို ကျွန်တော်တို့ အားလုံး တွက်ချက်စဉ်းစားရင်း စောင့် မျှော် နေကြရပါဦးမယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပါယ် သက်ရောက် နိုင်သည့် အတွက် လက်တွေ့မကျသည့် တောင်းဆိုမှုတွေသည် အန္တရာယ်တွေ များကြောင်း RNDP မှ ဦးဦးလှစော၏ ပြောဆိုချက် ကိုလည်း အလေးထား သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

နေ၀န်းသစ်

http://www.oppositeyes.info/2013/09/blog-post_6004.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။