/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, August 10, 2013

.

အခွန်အကောက် နှုန်းများကို ပြင်ဆင်ရန် လိုအပ်သည့် ပြင်ဆင်ချက် ဥပဒေကြမ်းများ ရေးဆွဲပြဋ္ဌာန်းမည်



ဝန်ကြီးဌာနများမှ စီမံခန့်ခွဲ ကောက်ခံနေသည့် အခွန် အကောက် နှုန်းများကို ပြင်ဆင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်ချက် ဥပဒေကြမ်းများ ရေးဆွဲ ပြဋ္ဌာန်းပြီး လွှတ်တော်သို့ ရေးဆွဲတင်ပြ သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က သြဂုတ် ၈ ရက်တွင် ပြောကြား သည်။


မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီမြင့် တင်သွင်းသည့် ''အခွန်အကောက် နှုန်းထားတိုးခြင်း၊ လျှော့ခြင်း၊ အခွန်အကောက် အသစ်တီထွင် ကောက်ခံခြင်းတို့ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းရာတွင်ထည့်သွင်းပြော ကြား ခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ''ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲတဲ့ အခွန် အကောက် ၁၄ မျိုးနဲ့ ပတ်သက်တဲ့ နှုန်းထားများကို အမိန့်ကြော်ငြာစာဖြင့် ပြင်ဆင်ခြင်း မပြုဘဲ ဥပဒေဖြင့် ပြင်ဆင်ခြင်း ပြုလုပ်နိုင်အောင် သက်ဆိုင်ရာ ဥပဒေများကို လိုအပ်သလို ပြင်ဆင်ပြီး ပြင်ဆင်ချက် ဥပဒေ ကြမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ အမြန်ဆုံး တင်ပြသွားဖို့ လွှတ် တော် ကိုယ်စားလှယ်ရဲ့ အဆိုပြုချက်မှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။ အခွန်အကောက်ဆိုင်ရာ နှုန်း ထားများကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကိုယ်စားလှယ် ကြီးများက ၀ိုင်းဝန်းဆွေးနွေး စုပေါင်းဆုံးဖြတ် သတ် မှတ်ပေးတဲ့ အခွန်နှုန်းများအတိုင်း ကောက်ခံရမယ် ဆိုပါက ပိုမိုဆီလျော်ပြီး ပြည်သူများကလည်း လိုလားစွာ အခွန်ပေးဆောင် လာခြင်းဖြင့် နိုင်ငံတော် အခွန်ဘဏ္ဍာ ပိုမိုတိုးတက် ရရှိလာမည့်အပြင် သဘာဝကျတဲ့ အခွန်ကောက်ခံမှု စနစ်တစ်ရပ် ပေါ်ပေါက်လာမယ်လို့ ယုံကြည်တဲ့အတွက် အဆိုပြုချက်ဟာလျော်ကန်သင့် မြတ်ပါတယ်။ ဒါကြောင့် လက်ရှိတည်ဆဲ ဥပဒေများပါ လုပ်ပိုင်ခွင့် အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန်နဲ့ ၀န်ကြီးဌာနများက စီမံခန့်ခွဲ ကောက်ခံနေတဲ့ အခွန်အကောက်နှုန်းများကို ပြင်ဆင်ရန်အတွက် လိုအပ်တဲ့ ပြင်ဆင်ချက် ဥပဒေမူကြမ်းများကို ရေးဆွဲတင်ပြ သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

လက်ရှိအခွန် နှုန်းထားများကို အမိန့်ကြော်ငြာစာများဖြင့် ထုတ်ပြန်ဆောင်ရွက် ခဲ့ရာတွင်လည်း အခွန်ဆိုင် ရာ ကျွမ်းကျင်ပညာရှင်များ၊ အခွန်ဌာနမှ အငြိမ်းစား အရာထမ်းများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အပါအ၀င် လုပ်ငန်းအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်ကြီးများ၊ ရန်ကုန်-မန္တလေးနှင့် နယ်စပ်မြို့ကြီးများမှ ကုန်သည်ကြီးများ၊ ပြည်သူ့စာရင်းကိုင်များ အသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးညှိနှိုင်း သတ်မှတ်ပေးသည့် အခွန်နှုန်းထားများ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် အခွန်အကောက် ၁၄ မျိုးရှိပြီး မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေ၊ ရုံးခွန်အက်ဥပဒေ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ၀င်ငွေခွန်ဥပဒေ နှင့် အခြားဥပဒေတို့ဆိုင်ရာ အခွန်နှုန်းများကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ် ပေးလျက်ရှိသည်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသော တာချီလိတ်မြို့ ထိုင်း-မြန်မာနယ်စပ် ဂိတ်ပေါက်အား
ဇူလိုင်လက တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။