/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 27, 2013

.

ဂျပန်နိုင်ငံမှ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာတွင် မဂ္ဂါဝပ် ၅၀၀ ထွက်ရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် သဘောတူ

မကြာမီက လာရောက်ခဲ့သော ဂျပန်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး H.E. Mr.Toshimitsu MOTEGI ၏ ခရီးစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာတွင် ဂျပန်နိုင်ငံမှ မဂ္ဂါဝပ် ၅၀၀ ထွက်ရှိ သော ဂက်စ်အင်ဂျင် ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတဦးသိန်းစိန် အား ကတိပေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


''ပြီးခဲ့တဲ့ ဂျပန်စီးပွားရေး ၀န်ကြီးရဲ့ ခရီးစဉ် အတွင်းမှာ စက်မှုဇုန်အများအပြား တည်ရှိနေတဲ့ လှိုင်သာယာ မှာ မဂ္ဂါဝပ် ၅၀၀ ထွက်ရှိတဲ့ ဂက်စ်အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးဖို့ သဘောတူထား လိုက်ပါတယ်။ ဓာတ်အားပေး စက်ရုံကို ၂၀၁၅ ခုနှစ်မှာ အမီဆောက်ပေးသွားဖို့ သူတို့ ကတိပေးထားတယ်။ မဂ္ဂါဝပ် ၅၀၀ ဆိုရင် လှိုင်သာယာတင် မကပါဘူး။ အခြားမြို့နယ် တွေအတွက် ခွဲသုံးလို့ ရပါတယ် အခု လှိုင် သာယာမှာ ရှိနေတဲ့ စက်မှုဇုန်အားလုံး သုံးနေတာက မဂ္ဂါဝပ် ၁၀၀ ပဲရှိပါတယ်။ လူနေရပ်ကွက်တွေ သုံးတာ က ၅၀ လောက် ရှိတယ်ဆိုတော့ စုစုပေါင်း ၁၅၀ လောက်ပဲ ရှိပါတယ်။ ၅၀၀ ဆိုတော့ ကောင်းကောင်း ဖူ လုံပါတယ်။ ဒါပေမဲ့ စွမ်းအင်ဝန်ကြီးဌာနက လိုအပ်တဲ့ဂက်စ်ကို ပေးနိုင်မလား ဆိုတာတော့ တစ်ချက်ပြန် ကြည့် ဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်''ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားခဲ့ သည်။

အလားတူ ဂျပန်နိုင်ငံ အနေဖြင့် သီလ၀ါ စက်မှုဇုန်တွင် အသုံးပြုရန် အတွက်လည်း မဂ္ဂါဝပ် ၅၀ ဂက်စ်အင် ဂျင် ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံ တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရသည်။

''လှိုင်သာယာနဲ့ယှဉ်ရင် သီလ၀ါက နည်းနေတာက သီလ၀ါစစချင်း အကောင်အထည် ဖော်စမှာ စက်မှု လုပ်ငန်း အကြီးကြီးတွေ ၀င်လာမှာ မဟုတ်သေးတဲ့အတွက် ၅၀ လောက်ဆို လုံလောက်တယ်ဆိုပြီး တွက် ချက်ပြီးတော့ စီစဉ်တာပါ'' ဟု ဦးမြတ်သင်းအောင်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် ၁၅ခုကို လျှပ်စစ်မီးပေးရန်အတွက်လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်းလည်း လျှပ် စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များသည် မိုးရာသီမှအပ ကျန်အချိန်များတွင် တစ်နေ့လျှင် လျှပ်စစ်မီး ငါးနာရီမျှသာ ရရှိလျက်ရှိပြီး အဆိုပါ အစီအစဉ် ဖြစ်မြောက်ပါ က လျှပ်စစ်မီးမပြတ် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

''မြန်မာနိုင်ငံမှာ စက်မှုဇုန် ၂၄ ဇုန်ရှိတဲ့ အထဲက လှိုင်သာယာ စက်မှုဇုန်က စက်မှုလုပ်ငန်း အများအပြားရှိ တဲ့ အကြီးဆုံး စက်မှုဇုန်ဖြစ်တော့ ဒီလိုစက်မှုဇုန်မှာ လျှပ်စစ်မီး အပြည့်အ၀သာ ရမယ်ဆိုရင် ကုန်ထုတ်လုပ် ငန်းတွေ သိသိသာသာ တိုးလာမှာပါ။ လျှပ်စစ်မီးသာ အပြည့်အ၀ ရမယ်ဆိုရင် ၂၀၁၅ ကို သိပ်စိုးရိမ်စရာ မရှိပါဘူး'' ဟုလည်း လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိလျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ် ၂၀၀၀ ၀န်းကျင်ရှိနေပြီး သဘာဝဓာတ် ငွေ့သုံး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ မျှ ရှိကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။