/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, June 9, 2013

.

ပုလင်းသွပ်ရေနွေးကြမ်း



လူတွေ မစဉ်းစားမိခဲ့တဲ့ အချက်တွေထဲမှာ ရေကို ပုလင်းသွပ်ပြီးရောင်းမယ် ဆိုတာ ပါပါတယ်။ အဲဒီလိုပဲ ... ရေနွေးကြမ်း ဆိုတာကို ပုလင်းသွပ်ပြီး ရောင်းလိမ့်မယ် ဆိုတာကိုလည်း မစဉ်းစားမိ ခဲ့ကြပါဘူး။ အခုတော့ ဈေးကွက်ထဲမှာ ပုလင်းသွပ် ရေနွေးကြမ်း ရောက်နေပါပြီ။


ပုလင်းသွပ်ရေနွေးကြမ်း ဆိုပေမယ့် အပူ မဟုတ် ပါဘူး။ အအေးပုလင်းသဘောမျိုးပါ။ လက်ဘက် ရည်ကြမ်းအရသာထွက်တဲ့ အချိုရည်ပုလင်းပါပဲ။ လက်ဘက်ခြောက်ဖတ်တွေ မပါပါဘူး။

အိုအိရှိ လို့ ဂျပန်နာမည် ပေးထားပေမယ့် ထိုင်းကုမ္ပဏီအုပ်စုပါ။ သူတို့ထုတ်တဲ့ ဒီပုလင်းက ထိုင်းမှာ အင်မတန့် အင်မတန် လူကြိုက်များတဲ့ အအေးပုလင်းအမျိုးအစား ဖြစ်ပါတယ်။

ရေနွေးကြမ်းကို တချို့ဒေသတွေမှာ အဖန်ရည် လို့ ခေါ်ကြပါတယ်။ ဒါကြောင့် အဖန်ရည်လို့ ဒီစာစုမှာ ဆက်သုံးပါမယ်။

လာမယ့် ၄ နှစ်မှာ အိုအိရှိ အဖန်ရည်က ဒေသတွင်းမှာ လူတိုင်းသိတဲ့ တံဆိပ်ဖြစ်အောင် လုပ်နေပြီ၊ မလေးရှားနိုင်ငံက F&N Beverages Marketing Sdn Bhd အစားအသောက် ဖြန့်ဝေရေး လုပ်ငန်းနဲ့ တွဲပြီး လုပ်နေပြီ လို့ ဘန်ကောက်ပို့စ် သတင်းစာ စီးပွားရေး ကဏ္ဍ စာမျက်နှာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရေးထားပါတယ်။

F&N က ပြီးခဲ့တဲ့ တနင်္လာက အစပြုပြီး မလေးမှာ ရှိတဲ့ 7-Eleven ဆိုင်တွေကို စပြီး ဖြန့်လိုက်ပြီ တဲ့။ သတင်းထဲ ရေးထားချက်အရ မလေးမှာ 7-Eleven ဆိုင်ခွဲပေါင်း ထောင့်ငါးရာနီးပါး ရှိတယ်လို့ ဆိုတယ်။ ရန်ကုန်က abc ဆိုင်များလိုပါပဲ - သူတို့ဆီမှာ၂၄ နာရီဖွင့်တဲ့ 7-Eleven ဆိုင်တွေက လူမပြတ်တဲ့ဆိုင်တွေ ဖြစ်တာကြောင့် ဒီလိုဆိုင်တွေမှာ အိုအိရှိ အဖန်ရည် တင်ပြီ ဆိုတော့ အရောင်းသွက်ပြီပေါ့။

ပိုပြီးအရောင်းသွက်ဖို့သေချာနေပုံကို သတင်းထဲ ဆက်ရေးထားတာက ... ဒီနှစ်ကုန်ရင် အိုအိရှိ အဖန်ရည်ကို စတိုးဆိုင်ပေါင်း ၃,၈ဝဝ လောက်မှာ တင်မယ် တဲ့။ ဓာတ်ဆီဆိုင်တွေမှာ ဖွင့်တတ်တဲ့ စတိုး ဆိုင်တွေ အပါအ၀င်ပေါ့။

ဖြန့်ချိရေးကို အဲဒီလို အပိုင်ကိုင်တော့တာပါပဲ။ သူတို့ဆီမှာ အထင်ကရ ဓာတ်ဆီဆိုင်ခွဲတွေ လေးငါးခု လောက် ရှိပါတယ်။ စတိုးဆိုင်တွေက ဓာတ်ဆီဆိုင်ကုမဏီတခုနဲ့ သဘောတူညီမှု ရပြီ ဆိုရင် နိုင်ငံတ၀န်း ဓာတ်ဆီဆိုင်တိုင်းမှာ စတိုးဆိုင်ဖွင့်ကြတော့တာပါပဲ။

အိုအိရှိ အဖန်ရည်လိုမျိုး စားသောက်ကုန်၊ လူသုံးကုန်တွေကလည်း အဲဒီလို စတိုးဆိုင်တွေနဲ့ ချိတ်ထားတော့ သဘောတူညီချက် တခု ရတာနဲ့ ဆိုင်ပေါင်း ရာထောင်ချီမှာ သူတို့ စားသောက်ကုန်တွေ တင်ခွင့် ရကြပါတယ်။ ဒီလိုနည်းနဲ့ ကိုယ့်ပစ္စည်း စွံဖို့ ဆင်ကြံကြံကြတာ ထုံးစံပါ။


အိုအိရှိအုပ်စု အွန်လိုင်းမှာ အဖန်ရည်ပုလင်းဗူး အမျိုး ၂၀ ကျော် ထုတ်လုပ်ကြောင်း ပုံတွေနဲ့တကွ တွေ့ရမှာ။

အိုအိရှိ အဖန်ရည်အကြောင်း ပြန်ဆက်ရရင် ... ထိုင်းမှာ ရှိတဲ့ အိုအိရှိ စက်ရုံကနေ အဖန်ရည်ပုလင်းတွေကို အိမ်နီးချင်းနိုင်ငံတွေရောက်အောင် အကြီးအကျယ် တင်ပို့မှာပါ။

သတင်းထဲ ဆက်ရေးထားတာက ... ရှေ့နှစ်ဆန်းပိုင်းဆို မလေးမှာ အဖန်ရည်ပုလင်းသွပ်စက်ရုံ တည်မယ်။ အဲဒီစက်ရုံက ထွက်သမျှဟာ ဘရူနိုင်း၊ စင်ကာပူတို့အထိ ဖြန့်ဖို့ပါပဲ တဲ့။

မလေးမှာ အိုအိရှိ အဖန်ရည် ပေါက်ဖို့က ထိုင်းမှာထက် ၆ ဆ အလားအလာ ရှိနေတယ် လို့ လုပ်ငန်းရှင်ရဲ့ စကားကို သတင်းထဲ ကိုးကား ရေးထားတယ်။

ဒီ ခန့်မှန်းချက် မှန်တယ် ဆိုရင်တော့ မလေးတွေ အချို တော်တော်ကြိုက်မယ့်သဘော ရှိပါတယ်။

The Nation သတင်းစာမှာလည်း အိုအိရှိ အဖန်ရည် မလေးကို နယ်ချဲ့မှု အစပြုတဲ့သတင်း ဖတ်ကြရမှာပါ။ အဖန်ရည်တင်မက အဆာပြေစားစရာတွေ ထုတ်မယ်၊ စားသောက်ဆိုင်လုပ်ငန်းလည်း လုပ်မယ်၊ ရေခဲမုန့်လည်း လုပ်ရောင်းအုံးမယ် ဆိုပဲ။ ရေခဲမုန့်လည်း လက်ဘက်ရည်ကြမ်းအရသာပေါက်မယ် ထင်ပါတယ်။ အဲဒီအရသာ ဆိုရင်တော့ သေချာပေါက် အရောင်းသွက်မှာပါ။ အမေရိကန်က ဆူရှီဆိုင်တဆိုင်မှာ ကျနော် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ ဆိုရင် လက်ဘက်ရည်ကြမ်း အရသာ ထည့်ထားတဲ့ ရေခဲမုန့်က ကောင်းလွန်းလို့ မှာစားသူ အတော်များပါတယ်။ 

အိုအိရှိ အဖန်ရည်ပုလင်းသတင်းအကြောင်း ဆက်ရရင် ... လော နဲ့ ကမ္ဘောဒီးယားမှာလည်း အိုအိရှိ အဖန်ရည်က ပေါက်နေပါပြီ။ မြန်မာ၊ ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်းတို့မှာလည်း ရောက်နေပါပြီ လို့ ဘန်ကောက်ပို့စ် နေးရှင်း သတင်းတွေက ဆိုပါတယ်။

အမေရိကမှာတော့ အာရှသားတွေ အထူးသဖြင့် တရုတ်တွေက အိုအိရှိ အဖန်ရည်ကို အထူး အားပေးတာ တွေ့ခဲ့ရပါတယ်။ အဲဒါ ၂၀၀၇ ၀န်းကျင်ကပါ။ အခုဆို ပိုပြီး ပေါက်၊ ပိုပြီး သောက်နေကြရောပေါ့။

နေးရှင်းသတင်းစာမှာတော့ အိုအိရှိ အဖန်ရေအေးကို အကြွေစေ့ထည့်ဝယ်ရတဲ့ နေရာပေါင်း ရာထောင်ချီရှိလိမ့်မယ် ဆိုပဲ။ ပြီးတော့ ... အိုအိရှိအုပ်စုက ဂျပန်စတိုင် အစားအသောက် လုပ်ငန်း အများ အပြား လုပ်ကိုင်နေတယ် လို့ ဆိုတယ်။

နာမည်တွေကတော့ ...

Oishi Japanese Buffet,
Oishi Express, Sabushi,
Oishi Ramen,
Oishi Sushi Bar,
OK Suki,
IN&OUT the Baker Cafe,
Char for Tea

အင်း ... အတော်လေးကို လက်သွက်တဲ့ ထိုင်းတွေပါလား။ ခွန်ထိုင်းတွေက ဂျပန်ရနံ့နဲ့ လုပ်စားတတ်လိုက် တာလို့ ဆိုရမယ် ထင်ပါတယ်။

Credit : http://blog.irrawaddy.org/2013/06/blog-post_7729.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။