/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 31, 2012

.

လေးမြို့စီိမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ လက်မှတ်ထိုးရန်ပြင်ဆင်

လေးမြို့မြစ်အတွင်း ဆောက်လုပ်ရန် ပြုလုပ်နေသည့် ရေအားလျှပ်စစ် စီမံကိန်းအား ဒေသခံများက ရပ်တန့်ပေးရန်အတွက် လက်မှတ် ရေး ထိုးပြီး ကန့်ကွက်သွားရန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို (Shwe Taung Hydropower Co.ltd) နှင့် (China Datang Overscas Investment Co. ltd-CDOIC) တို့မှ ဆောက်လုပ်နေကြခြင်းဖြစ်ပြီး ၄င်းစီမံကိန်းကို (၂၀၀၈) ခုနှစ်က စတင်ကာ စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိစမ်းသပ်မှု ပြုလုပ်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများ ထဲတွင် လေးမြို့ ရေအား လျှပ်စစ်စီမံကိန်းသည် ဒေသခံရခိုင်ပြည်သူများအတွက် ထိခိုက်နစ်နာမှု အများဆုံး ရှိ မည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းကို အခုလိုကန့်ကွက်မှု ပြုလုပ်ရတာဟာ ဒေသခံတွေ တော်တော်နစ်နာမှာဖြစ်တဲ့ အတွက်ပါပဲ။ ဒီမြစ်ပေါ်မှာ ဆည် တည်ဆောက်လိုက်ရင် ဒေသတွင်းနေထိုင်တဲ့ ကျေးရွာပေါင်း (၁၅၀) ကျော်ရှိတဲ့ နေရာမှာ (၇၀) ကျော်လောက်က ပြောင်းရွှေ့ ပေးရမှာဆိုတော့ ဒါဟာဘယ်လိုမှ သဘောမတူနိုင်ပါဘူး။

ပြီးတော့ ဆည်ရဲ့ အောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကည်း ရေခမ်းခြောက်မှု ကြောင့် ဘယ်လိုမှ နေလို့ ရမှာ မဟုတ်ပါဘူး။ အဲဒီ ဒေသကလူတွေက မြစ်ရေကို အားကိုးပြီးနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို လုပ်ရတာပါ။” ဟု လေးမြို့စီမံကိန်းအရေး ဦးဆောင်လှုပ်ရှားနေသူ ကိုဒေးဗစ်ဘူးထန်ပိုင် က Arakan Review သို့ ပြောသည်။

လေးမြို့မြစ်ပေါ်တွင်ဆည်တည်ဆောက်ခဲ့ပါက မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည့် ဒေသခံကျေးရွာပေါင်း (၁၅၀) ကျော် ရှိသည့် အနက်မှ ကျေးရွာပေါင်း (၇၀) ကျော်တို့မှာ ပြောင်းရွှေ့ ကြရမည်ဖြစ် ကာ မြစ်ကြောင်း တလျှောက်ရှိ စီးပွားရေးလုပ်ငန်းများ မှာလည်း ပျက်စီးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြစ်အတွင်း ဆည်တည်ဆောက်မည့် နေရာများမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း မြစ်၏ အဖျားပိုင်း မကိုနှင့် သံချောင်း အဓိက မြစ်သွယ်နှစ်ခုဆုံရာ (ကိုဖေချေ) ကျေးရွာအနီးတွင် ဆည်အမှတ် (၁) ကို တည်ဆောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း စိုင်းဒင်ကျေးရွာအနီးတွင် ဆည်အမှတ် (၂) ကို တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆည်အမှတ် (၁) မှာ အမြင့်ပေ (၅၅၈) ပေထိ တည်ဆောက်မည်ဖြစ်ပြီး မဂ္ဂဝပ် (၆၀၀) ထွက်ရှိ မည် ဖြစ်ကြောင်း သိရသည်။ ဒေသတွင်းရှိ ကျေးရွာ (၇၀) ကျော်တို့မှာ ဆည်နှင့် မိုင်ပေါင်း (၄၀) ခန့် အကွာသို့ ပြောင်းရွှေကြရမည်ဖြစ်ကာ လေးမြို့ဒေသတွင်း နေထိုင်ကြသူများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးနေကြ သူများဖြစ်သည်။

မြစ်အောက်ပိုင်းရှိ ဒေသခံများ လုပ်ကိုင် စားသောက်နေကြသည့် မြေနုကျွန်းများ၊ ဥယဉ်ခြံမြေများ၊ လယ်မြေများမှာလည်း ဆားငန်ရေ တိုးဝင်လာမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံရမည်ဖြစ်သဖြင့် စီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများ၏ သဘောထားကို နိုင်ငံတော်အစိုးရထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေးမြို့မြစ်မှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်မြစ်ဖြစ်သဖြင့် ယခုလှုပ်ရှားမှုတွင် ရခိုင်ပြည်နယ်မှ ဒေသခံများနှင့်ပါ ပူးပေါင်းဆာင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်ဆင့်ပြော ကြားသည်။

“ဒီလှုပ်ရှားမှုမှာ ကျွန်တော်တို့ သီးသန့်လှုပ်ရှားမှုအနေနဲ့ မဟုတ်ဘဲ ရခိုင်ဒေသမှ ဒေသခံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေးမြို့ဒေသခံတွေကို ကန့်ကွက်လက်မှတ် ထိုးခိုင်း တာကတော့ ချင်းပြည်နယ်ဘက်မှာရှိတဲ့ ကျေးရွာတွေလောက်ကိုပဲ လုပ်ရသေးတယ်။ ရခိုင်ပြည်နယ်ဘက်အတွက်က ရခိုင်တွေနဲ့ဆက်သွယ်ပြီးမှ လုပ်ရမှာဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ဒေသခံတွေ လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ”ဟုပြောပြခဲ့သည်။

အဆိုပါစီမံကိန်း ကန့်ကွက်ရေးလှုပ်ရှားမှုကို ရခိုင်ပြည်နယ် မြောက်ဦးမြိုနယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ကာ (၂၀၁၂) ခုနှစ်မေလအတွင်းကလည်း တစ်ကြိမ်ပြု လုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

လေးမြို့စီမံကိန်းပြီးစီးပါက ရရှိမည့် ရေအားလျှပ်စစ်ဓါတ်အားကို ပြည်တွင်းသုံးစွဲရန်အတွက် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောင်းချရန်အတွက်သာဖြစ်ကြောင်း သိရှိရပြီး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်း ကို တရုတ်နိုင်ငံမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ArakanReview

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။