/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 30, 2012

.

မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သောရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၅)

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးစီးသော ယာယီအိမ်စောင့်အစိုးရသစ်သည် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားမှုပြန်လည်ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေးအတွက် လည်းကောင်း၊ ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလအစိုးရထံမှ အာဏာလွှဲပြောင်းလက်ခံရယူခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဗိုလ်မှူးချုပ်မောင်မောင် ဗိုလ်မှူးချုပ်အောင်ကြီးတို့ကို ဦးနုထံစေလွှတ်၍ အာဏာလွှဲပြောင်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဦးနုက လက်မခံဘဲ လွှတ်တော်မှတဆင့် ဂုဏ်သိက္ခာရှိရှိ လွှဲပေးမည်ဟုသာဆိုခဲ့ပါသည်။

ထို့နောက် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော အိမ်စောင့်အစိုးရအဖွဲ့သစ်သည် ကျမ်း သစ္စာကျိန်ဆိုသောအခမ်းအနားကို ကျင်းပခဲ့သည်။ နိုင်ငံတော်သမ္မတ မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေ ပုဒ်မ ၅၆ (၂) အရ အိမ်စောင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုခန့်အပ်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှာ …

(၁) သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်ကြီးနေဝင်း -နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ အမျိုးသားစီမံကိန်းဌာန။
(၂) အဂ္ဂမဟာသရေစည်သူသတိုးသီရိသုဓမ္မ -ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဌာန၊သာသနာရေးဌာန၊ ဦးသိမ်းမောင် ကျန်းမာရေးဌာန၊ ပြည်သူ့ဝန်ထမ်းဌာန။
(၃) စဝ်ဝဏ္ဏ – ကယားပြည်နယ်ဌာန။
(၄) မဟာသရေစည်သူ စဝ်ဟုံဖ – ရှမ်းပြည်နယ်ဌာန။
(၅) ဦးစောလှထွန်း – ကရင်ပြည်နယ်ဌာန။
(၆) ဦးထန်လျန်း -ချင်းရေးရာဌာန။
(၇) မဟာသရေစည်သူ ဦးခင်မောင်ဖြူ -ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီ ဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန။
(၈) သတိုးမဟာသရေစည်သူ – တရားရေးဝန်ကြီးဌာန။ ဦးချန်ထွန်းအောင်
(၉) ဦးကျော်ငြိမ်း – ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။
(၁၀) စည်သူဦးဘကြား – ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေး ဝန်ကြီးဌာန။
(၁၁) ဦးကာ – ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။
(၁၂) သရေစည်သူ ဦးစံညွန့် – သယ်ယူပို့ဆောင်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည် သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၁၃) သီရိပျံချီ ဦးချစ်သောင် – စက်မှုလက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းနှင့်အလုပ်သမားဝန်ကြီးဌာန၊ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန။
(၁၄) သီရိပျံချီ ဦးထွန်းတင် – ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၁၅) သီရိပျံချီ ဦးသီဟန် – ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေးဝန်ကြီး ဌာနတို့ဖြစ်သည်။

အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်ထက် စစ်အုပ်စုအပေါ်ဆန့်ကျင်ခဲ့သော နိုင်ငံရေး သမားအများအပြားကို ဖမ်းဆီးထောင်ချခဲ့ခြင်းပင်ဖြစ်သည်။ ဗိုလ်မြသွေး (ပမညတ အတွင်းရေးမှူးချုပ်)၊ သခင်ဗမောင် (ပြည်သူ့ဒီမိုကရေ စီပါတီ)၊ ပြည်သူ့ရဲဘော်မှ ဗိုလ်အုံးတင်၊ ဗိုလ်ညွှန့်မောင်၊ ဗိုလ်အောင်နိုင်၊ လူငယ့်တပ်ဦးမှ ကိုဝင်းထွဋ်၊ ကိုစိန်လှ၊ ကိုမြမောင်၊ ရဲဘော်ပေါင်းစုံထိန်းသိမ်းရေးအဖွဲ့မှ ဗိုလ်မျိုးမြင့်၊ ကိုလှမင်းတို့အပါအဝင် သတင်းစာဆရာများဖြစ်ကြသည့် ဦးစောလွင် (ဗမာ့အမျိုးသမီး)၊ ဦးအုန်းမြင့် (တိုးတက်ရေး)၊ ဦးကိုကိုလေး၊ ဦးယုမောင်၊ ဗန်းမော်တင်အောင် (လင်းယုန်)၊ ဦးတင်စိုးတို့ အများအပြား ဖမ်းဆီးခြင်းခံရသည်။

အိမ်စောင့်အစိုးရသည် ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ငြိမ်ဝပ်ပိပြားမှုညီလာခံကိုကျင်းပ၍၊ တရားဥပဒေ စိုးမိုးရေး၊ အမြတ်ကြီးစားများနှိမ်နင်းရေး၊ ကုန်ဈေးနှုန်းချရေး၊ မြို့တော်သန့်ရှင်းရေးလုပ်ငန်းများကို တပြိုင်နက်တည်းလုပ်ဆောင်ရန် ဆုံး ဖြတ်ခဲ့သည်။

ထို့အပြင် ပြည်တွင်းငြိမ်ဝပ်ပိပြားရေးအတွက် ဆူပူသောင်းကျန်းနေသည့်အင်အားစုများကိုတိုက်ဖျက်ရန် အစီအစဉ်သုံးရပ် ကို ချမှတ်ခဲ့သည်။ ယင်းတို့မှာ …

(၁) ပြည်တွင်း၌ ပျံ့နှံ့လျက်ရှိသော လက်နက်ပုံးများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ချက်ချင်းဆောင်ရွက်ရန်။
(၂) သောင်းကျန်းသူများအား လူထု၏အကူအညီဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင်ရန်။
(၃) ဥပဒေအတိုင်းတိတိကျကျ လိုက်နာကျင့်သုံးရန်နှင့် မည်သူ့ကိုမှ ထောက်ထားငဲ့ညှာခြင်းမရှိဘဲ ပြတ်သားစွာအရေးယူဆောင်ရွက်ရန် တို့ဖြစ်သည်။

စစ်ရဲတပ်ကို ဗိုလ်မှူးကြီး မင်းသိမ်း၊ ဗိုလ်မှူးကြီး တန်ယုဆိုင်နှင့် တပ်မှူးအချို့ကို တာဝန်ခံ၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းစေခဲ့သည်။ အိမ်စောင့် အစိုးရမဖွဲ့မီက မြန်မာပြည်တွင် ဗဟိုအကျဥ်းထောင် (၉) ထောင်၊ ခရိုင်အကျဉ်းထောင် (၁၉) ထောင်၊ ထောင်ငယ် (၆) ထောင်နှင့် လူငယ် ထိန်းသိမ်းရေး ဘော်စတယ်ကျောင်း (၁) ကျောင်းသာရှိသော်လည်း၊ အိမ်စောင့်အစိုးရလက်ထက်တွင် ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ရန်ကုန်မြို့နှင့် ၂၆၂ မိုင်ဝေးသော ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း အကျဉ်းစခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၁၃၅) ဦးကို ကိုကိုးကျွန်းသို့ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ပို့ဆောင် ခဲ့သည်။ ကိုကိုးကျွန်းအကျဉ်းစခန်းသို့အပို့ခံရသည့် ထင်ရှားသည့်နိုင်ငံရေးသမားများမှာ သခင်မြသန်း၊ ဦးအုန်းမြင့် (တိုးတက်ရေး)၊ ဦးစော လွင် (ဗမာ့အမျိုးသမီး)၊ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို)၊ ဗိုလ်မြသွေး၊ သခင်ဗမောင်၊ ဗိုလ်မျိုးမြင့်၊ ကိုကိုလေး၊ ကိုတင်စော၊ ဦးအုန်းမောင် (လေထီးအုန်းမောင်)၊ သခင်ဖေဌေး (အလံနီကွန်မြူနစ်ပါတီ) တို့ ဖြစ်ကြသည်။ ကိုကိုးကျွန်းအပြင် ပုသိမ်ဘက်၌လည်း ‘လိပ်ကျွန်း’ ၌ အ ကျဉ်းစခန်းတစ်ခု ဖွင့်လှစ်ခဲ့ပြန်သည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပြည်သူ့လွှတ်တော် (ပါလီမန်) အစည်း အဝေးကျင်းပ၍ နိုင်ငံတော်လုံခြုံရေးအရ အစိုးရသက်တမ်း ၆ လအပြီး (ဧပြီလ) တွင် ရွေးကောက်ပွဲကိုကျင်းပပေးရန် မဖြစ်နိုင်သေးသော ကြောင့် အစိုးရသက်တမ်းတိုးမြှင့်ပေးရန် တင်ပြခဲ့သည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ပါလီမန်အစည်းအဝေးတွင် အစိုးရသက်တမ်းတိုးမြှင့်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ ၁၁၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပမညတမှအမတ် သခင်ချစ်မောင် (သာယာဝတီ) က လွှတ်တော် မိန့်ခွန်းရှည်ကြီးကိုပြော၍ ကန့် ကွက်ရာ၌ ဦးနုကိုပါ ပြင်းထန်သောစကားလုံးများသုံးနှုန်းဝေဖန်ခဲ့လေသည်။ သခင်ချစ်မောင်က ဇာတ်တော်ကြီး ၁၀ ဘွဲ့လာ ‘ဝိဓူရ’ဇာတ် တော်ကြီးကိုပမာပြု၍ “ကောရဗျမင်းကြီးနဲ့တူတဲ့ ဦးနုနဲ့ ပုဏ္ဏကနဲ့တူတဲ့ ဗိုလ်ချုပ်နေဝင်းတို့ ကြွေအံကစားကြပြီး ဘုရင်ကရှုံးတော့ ပညာရှိဝိဓူရ အမတ်ကြီးကို ဘီလူးပုဏ္ဏက လက်အပ်၊ ပုဏ္ဏကက ဝိဓူရအမတ်ကြီးကို မြင်းနဲ့ချီ တောင်စဉ်ခုနစ်ထပ် ဒုန်းစိုင်းနှင်၊ တောင်စွယ်တောင် ထွတ်အလီလီနှင့် တိုက်ပြီးနှိပ်စက်ခဲ့သလို၊ ပမညတများနဲ့လူထုဟာ ဝိဓူရနှင့်တူပြီး၊ သွေးအလိမ်းလိမ်း ထပ်ထပ်ခံစားနေရသလို ဝေဒနာနာ ကျင်ခံစားနေရသလို ဒုက္ခခံစားနေရကြောင်း” ဖွဲ့နွဲ့တင်စားပြောဆိုတင်သွင်းခဲ့သည်။ ထို့ကြောင့် ပမညတများက သခင်ချစ်မောင်အား ဝိဓူရ သခင်ချစ်မောင်ဟုကင်ပွန်းတပ်ခဲ့ရာမှ ဝိဓူရသခင်ချစ်မောင်ဟုပင် တွင်သွားခဲ့လေသည်။

ထိုစဉ်က ပါလီမန်တွင် အာဏာရဖဆပလဝန်ကြီး သခင်ချစ်မောင် (မြန်အောင်) နှင့် သာယာဝတီမှ အတိုက်အခံ ပမညတ (ဆိုရှယ်နီ)အမတ် သခင်ချစ်မောင်ဟူ၍ နာမည်တူနှစ်ဦးရှိနေရာ ဝန်ကြီးသခင်ချစ်မောင်ကို မြန်အောင်သခင်ချစ်မောင်ဟူ၍လည်းကောင်း၊ သာယာဝတီ အမတ် သခင်ချစ်မောင်ကို ဝိဓူရသခင်ချစ်မောင်ဟုလည်းကောင်း ခွဲခြားခေါ်ဝေါ်လာကြသည်။

ယင်းနောက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချ အခမ်းအနားကျင်းပပြီး၊ ရှမ်းပြည်နယ်စော်ဘွား (၂၉) ဦးအား အာဏာစွန့်လွှတ်ခိုင်းသည်။

ထို့နောက် အိမ်စောင့်အစိုးရသည် အစိုးရ၏ဒေါက်တိုင်အဖြစ် ‘ကြံ့ခိုင်ရေးအသင်း’ ကို စစ်တပ်အရာရှိများဦးဆောင်စေ၍ ၁၉၅၉ ခုနှစ် အောက် တိုဘာလ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏အမှတ်တံဆိပ်မှာ ခြင်္သေ့ရုပ်ဖြစ်ပြီး ယင်းအသင်းသည် အသင်းဝင်များအား အခွင့်အရေးနှင့်အာဏာအပ်နှင်း၍ စစ်တပ်အလိုတော်အတိုင်း ထားရာနေ၊ စေရာသွား၊ ခိုင်းရာလုပ်၊ သူလျှိုဒလံ၊ သတင်းပေးအလုပ်ပါ လုပ် ပေးနေရသည့် လူထုလူတန်းစားအသင်းဖြစ်သည်။

၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြူနီစီပါယ်ကို ဗိုလ်မှူးကြီးထွန်းစိန်ကို တာဝန်လွှဲပြောင်း၍ ရန်ကုန်မြို့အတွင်းရှိ ဆင်းရဲသား ပေါင်းစုံ၊ အလုပ်လက်မဲ့၊ ပျံကျလက်လုပ်လက်စားပေါင်းစုံ နေထိုင်ကြသည့်ရပ်ကွက်များကို ရှင်းလင်းပစ်ခဲ့သည်။ ထို့နောက် ဘိုးဘွားပိုင် တောင်သူလယ်သမားများ၏မြေယာများကို အတင်းအဓမ္မသိမ်းဆည်း၍ ဥက္ကလာပနှင့်သာကေတမြို့သစ်အမည်များဖြင့် မြို့သစ်ဖော်ကာ၊ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်။ ထို့အပြင် ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အိမ်စောင့်အစိုးရသည် ပြည်ထောင်စုဘဏ်မှ ဦး ကောင်းလက်မှတ်ပါ ဒေါင်းတံဆိပ် ၁၀၀ တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်သုံးစွဲခြင်းမှ ရပ်စဲလိုက်လေသည်။

ထို့နောက် အိမ်စောင့်အစိုးရသည် လက်ရှိပါလီမန်ကို ၁၉၅၉ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ဖျက်သိမ်း၍ ပါလီမန်ရွေးကောက်ပွဲ အက်ဥပ ဒေပုဒ်မ ၁၅ နှင့် ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲနည်းဥပဒေကိုအသုံးပြုလျက် အမတ်အဖြစ် အရွေးခံရန် အမည်တင်သွင်းရသည့်နေ့၊ အမည်တင်သွင်းလွှာများကို ကြည့်ရှုစစ်ဆေးရမည့်နေ့၊ အရွေးခံသူအဖြစ် အမည်တင်သွင်းလွှာနှုတ်သိမ်းရန်နေ့၊ မဲရေတွက်ရန်နေ့များကို ပြဌာန်းသတ်မှတ်ကြေညာခဲ့သည်။

အထွေထွေရွေးကောက်ပွဲနီးကပ်လာသည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲပါတီ မူဝါ ဒလမ်းစဉ်များ ကြေညာချက်များထုတ်ပြန်၍ မဲဆွယ်လှုပ်ရှားလာကြသည်။

အထူးသဖြင့် အဓိကအင်အားကြီးပါတီကြီးများဖြစ်သော တည်မြဲနှင့်သန့်ရှင်းဖဆပလနှစ်ဖွဲ့သည် လူအင်အား၊ ငွေအင်အားသုံးကာ အပြိုင်အဆိုင်မဲဆွယ်လှုပ်ရှားခဲ့ကြသည်။ ပါတီကြီးနှစ်ရပ်၏ ခေါင်းဆောင်ပိုင်းတွင် တဦးအပေါ်တဦး ပုတ်ခတ်အပြစ်ရှာဟောပြောရေးသားမှုများ သာမက မြို့နယ်ကျေးရွာ အောက်ခြေအဆင့်များတွင်ပါ ပဋိပက္ခများအသွင် အမျိုးမျိုးဖြင့် ပေါ်ပေါက်လာခဲ့သည်။

သတင်းစာအချို့ကလည်း မိမိတို့လိုလားရာဘက်သို့လိုက်၍ ရေးသားကြသည်။ ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ဗမာ့ခေတ်သတင်းစာ တို့က သန့်ရှင်းဖဆပလအတွက် စည်းရုံးပေးခဲ့၍ မဏ္ဍိုင်သတင်းစာနှင့် အထောက်တော်သတင်းစာတို့က တည်မြဲဖဆပလအတွက် စည်းရုံး ပေးခဲ့သည်။

သန့်ရှင်းဖဆပလမဲပုံးများတွင် သန့်ရှင်းဖဆပလအဖွဲ့ချုပ်ဥက္ကဌဦးနု၏ဓာတ်ပုံနှင့် သက်ဆိုင်ရာအမတ်လောင်း၏အမည်ကို ဖော်ပြထားသည်။ မဲပုံးတွင် သာသာနာအရောင်ဖြစ်သည့် အဝါရောင်ကိုသုံးခဲ့သည်။ တည်မြဲဖဆပလမဲပုံးများတွင် တည်မြဲဖဆပလအလံတော်အတိုင်း နောက် ခံ အနီရောင်၊ လက်ဝဲထောင့်တွင် ထောင့်ငါးထောင့်ကြယ်ဖြူတပွင့်အလယ်တွင် ဖဆပလဟူသော အဖြူရောင်စာလုံး၊ အောက်အလယ်နားတွင် အဖြူခံပေါ် သက်ဆိုင်ရာ အမတ်လောင်း၏အမည်ကို အနီရောင်ဖြင့် ရေးသားထားသည်။ ပမညတမဲပုံးတွင် အပြာရောင်နောက်ခံတွင် အဝါရောင်ကြယ်ပွင့်တပွင့်နှင့် သက်ဆိုင်ရာ အမတ်လောင်းအမည်ကို ဖော်ပြထားသည်။ ၁၉၆၀ ရွေးကောက်ပွဲ၌ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ ခဲ့ကြ၏။ ခါးပိုက်ဆောင်တပ်များသုံးကာ မဲဆန္ဒရှင်လူထုကို ခြိမ်းခြောက်ခဲ့ကြသည်။ ငါးန်ဇွန်ခြောက်လောင်းပြိုင်ကဲ့သို့ ရွေးကောက်ပွဲလူ သတ်မှုပင် ဖြစ်သည်။

တည်မြဲဖဆပလကို သံယောဇဉ်ကြီးသောစစ်တပ်မှ တပ်မှူးများက ရွေးကောက်ပွဲ၌ မဲပုံးဖောက်၊ ခြိမ်းခြောက်၊ အကျပ်ကိုင်၊ မဲလိမ်မဲခိုး နည်း ပေါင်းစုံလုပ်ခဲ့ကြသည်။ ထိုစဉ်က သန့်ရှင်းဖဆပလဥက္ကဌ ဦးနုသည် ၎င်းပါတီသာအနိုင်ရရှိပါက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာန်း ပေးမည်ဟု မဲဆွယ်ခဲ့သည်။

ထို့နောက် ပါလီမန်ပြည်သူ့လွှတ်တော်အထွေထွေရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပခဲ့သည်။ မြန်မာ နိုင်ငံတနိုင်ငံလုံး၌ မဲဆန္ဒရှင်ပေါင်း ၉,၉၅၈,၆၇၅ ဦးရှိခဲ့သည်။ ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၂၅၀ ရှိသည့်အနက် (၂၃) နေရာကို လက်နက်ကိုင် အဖွဲ့အစည်းများ၏ နှောင့်ယှက်ခြိမ်းခြောက်မှု၊ အမတ်လောင်းများ၏ မကျေနပ်မှုကြောင့် တရားလွှတ်တော်ရုံးများ၏ အဆုံးအဖြတ်မကျသေး မှုများကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်မှလွဲ၍ ကျန်မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကို တပြိုင်တည်းကျင်းပနိုင်ခဲ့သည်။

ရွေးကောက်ပွဲတွင် တည်မြဲဖဆပလအားလိုလားသည့်တပ်မှူးများက အစွမ်းကုန် ရွေးကောက်ပွဲမသမာမှုများ ပြုလုပ်နေသည့်ကြားမှ သန့် ရှင်း ဖဆပလသည် ၁၅၉ ဦးဖြင့် တည်မြဲကို အပြတ်အသတ် အနိုင်ရရှိသွားသည်။ တည်မြဲဖဆပလသည် ၄၂ ဦးသာ အနိုင်ရရှိ၍ ပမညတသည် ရေးမြို့တနေရာတွင်သာ အနိုင်ရရှိခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော သန့်ရှင်းဖဆပလသည် ၁၉၆၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့တွင် ညီလာခံကျင်းပ၍ သန့်ရှင်းဖဆပလကို ပြည်ထောင်စုပါတီ (ပထစ) ဟူ၍ ပြောင်းလဲခဲ့သည်။

ထို့နောက် ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့သစ် ဝန်ကြီးချုပ်ဦးနုနှင့်ဝန်ကြီးများ ကတိသစ္စာဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနေ့မှာပင် အိမ်စောင့်အစိုးရဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်း သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သော ပြည်ထောင်စုပါတီ (သန့်ရှင်းဖဆပလ) အစိုးရအဖွဲ့အား အာဏာပြန်လည်အပ်နှင်း၍ အိမ်စောင့်အစိုးရတဖွဲ့လုံး နှုတ်ထွက်သွား ခဲ့ကြသည်။

ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် ဦးနုခေါင်းဆောင်သော ပထစအစိုးရသစ်မှာ အောက်ပါအတိုင်းဖြစ်သည် ….

(၁) ဦးနု – ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနဝန်ကြီး။
(၂) စဝ်ခွန်ချို – နိုင်ငံခြားရေးဌာနဝန်ကြီး။
(၃) သခင်တင် – ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန၊ အမျိုးသားစီမံကိန်းဌာနဝန်ကြီး။
(၄) ဗိုလ်မှူးအောင် – သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာန၊ ရေကြောင်းနှင့်မြို့ပြလေကြောင်းဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနဝန်ကြီး။
(၅) ဒေါက်တာဦးဧမောင် – တရားရေးဌာနနှင့်ပညာရေးဌာနဝန်ကြီး။
(၆) ဦးရာရှစ် – စက်မှုလက်မှုဌာန၊ သတ္တုတွင်းနှင့် အလုပ်သမားဌာနဝန်ကြီး။
(၇) ဦးဘစော – လူမှုဝန်ထမ်းနှင့်သာသနာရေးဌာန၊ ပြည်ထောင်စုယဉ်ကျေးမှုဌာန၊ ကျန်းမာရေးဌာနဝန်ကြီး။
(၈) သခင်တင်မောင် – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာန၊ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဌာနဝန်ကြီး။
(၉) ဦးသွင် – ကုန်သွယ်မှုတိုးတက်ရေးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဌာနဝန်ကြီးတို့ဖြစ်ပြီး ပါလီမန်အတွင်းဝန်များအဖြစ် ဦးချစ်ဖေ၊ ဦး ဘကြည်၊ ဗိုလ်အေး၊ ဦးသန်းဆွေ၊ ဦးချမ်းသာ၊ ဗိုလ်ဘတင်၊ ဗိုလ်မှူးထင်ပေါ်၊ ဦးပျိုငြိမ်း၊ မန်းထွန်းရုံ၊ ဦးတင်ဦး၊ ဦးသန်းစိန်၊ ဦးသန်းမောင်နှင့် ဦးလှကျော်တို့ဖြစ်ကြသည်။ ဤစာရင်းအရ အစိုးရအဖွဲ့ဝင် ဝန်ကြီး (၉) ဦးနှင့် ပါလီမန်အတွင်းဝန် (၁၃) ဦးသာပါဝင်သောကြောင့် လွတ် လပ်ရေးသက်တမ်းတလျှောက် ဝန်ကြီးဦးရေအနည်းဆုံးဖြစ်သော အစိုးရအဖွဲ့ဖြစ်သည်မှာ ထူးခြားချက်တရပ်ပင်ဖြစ်သည်။

ထို့နောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဖက်ဒရယ်မူကို အကြောင်းပြ၍ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီ သည် ပြည်ထောင်စုပါတီအစိုးရအားဖြုတ်ချ၍ အာဏာသိမ်းပိုက်ခဲ့သည်။ ပထစအစိုးရဝန်ကြီးချုပ် ဦးနု၏ဝန်ကြီးများကိုလည်း ဖမ်းဆီးထောင် ချ၍ ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေပြဌာန်းကာ နိုင်ငံရေးပါတီ အားလုံး ဖျက်သိမ်းပစ်ခဲ့သည်။

ဤသို့ဖြင့် မြန်မာ့ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း လုံးဝချုပ်ငြိမ်းသွားလေသည်။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။