ဟားဗတ် တက္ကသိုလ်၏ Ash Center for Democratic Governance and Innovation ဌာနမှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သော မြစ်ဆုံဆည် စီမံကိန်း ပြန်လည် စတင်နိုင်မည့် နည်းလမ်းများကို အကြံပြုထားသည့် သုတေသန စာတမ်းအား ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က တနလာင်္နေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
“မကြာသေးမီက ဟားဗတ်တက္ကသိုလ်မှ ဉာဏ်ကြီးရှင်များသည် ကချင်ပြည်နယ်အတွင်း
ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြန်လည်စတင်လုပ်ဆောင်ရန် 'ငြိမ်းချမ်းရေးဖြစ်စဉ်၏ စွမ်းအား' (Power the peace process) ဟု အမည်ရသော အဆိုပြု စာတမ်း တရပ် ပြုစုရေးသားခဲ့သည်။ သို့သော် ထိုစာတမ်းသည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာ အရင်းအမြစ် အား ဖြေရှင်းနိုင် မည် မဟုတ်ပေ” ဟု KNDG ၏ ကြေညာချက်ထဲတွင် ရေးသားထားသည်။
ထို သုတေသန စာတမ်းထဲတွင် David Dapice က မြစ်ဆုံဆည် စီမံကိန်းအား အခြေအနေ စည်းမျဉ်း စည်းကမ်းများ အောက်တွင် ပြန်လည်စတင်ရန် အကြံပြုထားသည်။ ထိုစီမံကိန်းအား China Power Investment (CPI) က ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
သူ၏ အကြံပြုချက်တွင် ၁၀,၀၀၀ မီဂါဝပ် စီမံကိန်း ဆောက်လုပ်ရေးအတွက် ချဉ်းကပ်ရန် နည်းလမ်းသစ်များကို ဖော်ပြထားပြီး မြန်မာ ဗဟိုအစိုးရ၊ ကချင် နှင့် CPI တို့ အကြား သုံးပွင့်ဆိုင် သဘောတူညီချက် ရယူလုပ်ကိုင်ရန် အကြံပေးထားသည်။
“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုတာ သဘာဝ ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါဟာ တခြား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး နည်းလမ်းတွေနဲ့ နှိုင်းစာရင် ဈေးလည်းချိုသာပြီး ပတ်ဝန်းကျင် စိမ်းလန်းရေးနဲ့လည်း ပိုမို ကိုက်ညီပြီးတော့ အသုံးပြုဖို့လည်း ပိုပြီး လွယ်ကူပါတယ်” ဟု Dapice က ရေးသားခဲ့သည်။
သို့ရာတွင် ဒေသခံများ အပါအဝင် မြန်မာနိုင်ငံသား အများစုက မြစ်ဆုံဆည် စီမံကိန်းကို လက်မခံ ချင်ကြ ကြောင်းလည်း ဝန်ခံထားပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများကိုမူ မကြာခဏ ကြုံတွေ့နေရသည်ဟု ဆိုထားသည်။
“အကယ်၍ တရုတ်နိုင်ငံ အနေဖြင့် ရေကာတာ စီမံကိန်းများတွင် အတိတ်က ရင်းနှီး မြှုပ်နှံ ထားမှုများကို ပြန်လည် အဖတ်ဆည်လိုပြီး မြန်မာနိုင်ငံနှင့် ရင့်ကျက်၍ ပိုမိုတည်ငြိမ်သော ဆက်ဆံရေးမျိုး တည်ဆောက် လိုပါက တရုတ်နိုင်ငံအနေဖြင့် အတိတ်က ချုပ်ဆိုခဲ့သော တဘက်သတ် ဆန်သည့် စာချုပ်များအား ပြန်လည်ဆွေးနွေးညှိနှိုင်းရလိမ့်မည်” ဟု Dapice က ဆိုသည်။
“ကချင်တွေကို ပါဝင်ခွင့် ပေးရပါလိမ့်မယ်။ အဲဒီလို မဟုတ်လို့ကတော့ သူတို့က မတည်မငြိမ်မှုတွေကို ဖန်တီးပါလိမ့်မယ်။ အဲဒါဟာ ဘာကိုဆိုလိုတာလဲ ဆိုတော့ တရုတ် နိုင်ငံအနေနဲ့ ကချင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားရပါမယ်” ဟု Dapice က ဆိုထားသည်။
“ရေကာတာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ပတ်ဝန်းကျင်နဲ့ လူမှုရေး အကျိုးဆက်တွေကို ဆန်းစစ်မယ့် ‘လေးနက်ပြီး လွတ်လပ်တဲ့ သုံးသပ်လေ့လာချက် တခု’ ပေါ်ထွက်လာဖို့ သုတေသန ပညာရှင်တွေ က တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တချို့ ရှိမယ် ဆိုရင်တောင် ရရှိမယ့် အကျိုးကျေးဇူးတွေက ပေးဆပ်လိုက်ရမယ့် ဆိုးကျိုးတွေထက် အလေးသာနေတာ မျိုးလည်း ဖြစ် ချင် ဖြစ်နေမှာပါ” ဟု သူက ရေးသားထားသည်။
Dapice ဖော်ပြထားခဲ့သည့် အကျိုးကျေးဇူးများထဲတွင် ဝင်ငွေရရှိမှု၊ လျှပ်စစ်ဓါတ်အား ရရှိမှုတို့ အပြင် မြန်မာ ဗဟိုအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အရှိန်အဟုန်မြှင့် တွန်းအားပေးနိုင်လိမ့်မည် ဟုလည်း ဖော်ပြထားသည်။
သို့ရာတွင် KDNG က ထိုသုတေသန ပညာရှင်၏ ကောက်ချက်ဆွဲမှုကို ပယ်ချလိုက်ပြီး “ထို အဆိုပြုစာတမ်း တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် ရေကာတာ တည်ဆောက်ရေး ဆန့်ကျင်မှု များ ဖြစ်ပွားရသည့် အခြေခံအကြောင်းအရင်းသည် ငွေကြောင့်ဖြစ်သည်ဟု လွဲမှားစွာ အကြံပြုထားသည်။ အမှန်တကယ် ပြဿနာဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ယခင်နှင့် လက်ရှိ တပြည်ထောင် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံ ဥပဒေတွင် ကချင်လူထု၏ ဆုံးဖြတ်ချက် ချပိုင်ခွင့်အာဏာ မရှိခြင်းကြောင့်ပင် ဖြစ်သည်” ဟု ဆိုသည်။
“ကချင်ပြည်နယ်အတွင်း မြောက်များစွာသော လယ်ယာမြေ သိမ်းဆည်းမှုများ၊ အတင်း အ ဓမ္မ ပြောင်းရွှေ့ စေခိုင်းမှုများ၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးမှုများနှင့် လူမှုရေး ပြဿနာများကို ဖြစ်ပေါ်စေသည့် မိမိတို့၏ သဘာဝ သယံဇာတများအပေါ် ရာစုနှင့်ချီ ၍ ခေါင်း ပုံဖြတ် အမြတ်ထုတ်မှုများမှာ ဤကဲ့သို့ ကချင်ပြည်သူများ ဆုံးဖြတ်ခွင့်အာဏာ ကင်းမဲ့မှု၏ အကျိုး ရလဒ်ပင် ဖြစ်သည်။ ဤ အခြေအနေကို ထောက်ရှုခြင်းအားဖြင့် မိမိတို့၏ သဘာဝ သယံဇာတများကို ထိန်းချုပ် စီမံနိုင်သည့် နိုင်ငံရေးအာဏာသည် သာလျှင် မိမိတို့၏ လယ်ယာမြေများနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ဒေသခံ ပြည်သူလူထု တရပ်လုံးအား ဖွံ့ဖြိုးရေးအကျိုး ရရှိခံစားနိုင်အောင် လုပ်ဆောင်နိုင်သည့် တခုတည်းသော အာဏာဖြစ်သည်” ဟုလည်း KDNG ၏ ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။
KDNG ပြောရေးဆိုခွင့်ရှိသူ မအားနန် က “စီးပွါးရေးအရ ဆက်သွယ် ဆောင်ရွက်မှုတွေ ဟာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုကို အစားထားလို့ မရပါဘူး။ ကချင် ပဋိပက္ခကို ငွေနဲ့ ရှင်းလို့ မရနိုင်ပါဘူး။ ကျမတို့ အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အလိုရှိပါတယ်။ ပြီးတော့ ကျမတို့ ပိုင်တဲ့ မြေတွေနဲ့ မြစ်တွေကို ဘယ်လို စီမံခန့်ခွဲ အသုံးချမလဲ ဆိုတာကို ဆုံးဖြတ်ခွင့်ကိုလည်း အလိုရှိပါ တယ်” ဟု ပြောဆိုသွားသည်။
(၂၀၁၂ စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ထို သုတေသနစာတမ်း “China and Yunnan Economic Relations with Myanmar and the Kachin State: Powering the Peace Process” အပြည့်အစုံကို http://www.ash.harvard.edu/ash/Home/Programs/Institute-for-Asia/Publications/Journal-Articles-Occasional-Papers တွင် ဖတ်ရှုနိုင်ပါသည်။)
Mizzima

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။