/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 21, 2014

.

လမ်းပေါ်လူတွေပို့ ၊ တပ်ကို ထိပ်တိုက်တွေ့တာ အလုပ်ဖြစ်ပါ့မလား?



၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆ ) ပြင်ဆင်ရေး အတွက် လူထုဟောပြောပွဲတွေကို မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းနဲ့၊ မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွေမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ NLD က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ က ကိုမင်းကိုနိုင်တို့ ပြောသွားခဲ့တဲ့ စကားတွေကြောင့် ၈၈၈၈ လို အဖြစ်ပျက်မျိုး တစ်ကျော့ပြန်လည် လာလေမလား။ စစ်တပ်က အာဏာသိမ်းမှု ပြန်ဖြစ် လာမလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော် ကို စိန်ခေါ်မှုက ဘာတွေ အကျိုးသက်ရောက် လာနိုင်မလဲ ဆိုတာကို ဆွေးနွေး သွားမှာ ဖြစ်ပါ တယ်။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲကို စ၀င်လာကတည်းက အခြေခံဥပဒေ ပြင်မယ်လို့ ကြွေးကြော်ပြီး ၀င်လာခဲ့တာ အားလုံးအသိပါ။ သူကြွေးကြော်ခဲ့သလိုပဲ အခြေခံဥပဒေပြင်ရေးကို တစိုက်မတ်မတ် ကြိုးစားလာခဲ့ပါတယ်။ ဘာတွေကို ပြင်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ပြန်ကြည့်ရင်အဓိက ပုဒ်မ ၅၉(စ) ကို ပြင်ဖို့ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ ၅၉(စ) ကိုပြင်ဖို့ မလွယ်မှန်း သိတော့ ပုဒ်မ ၄၃၆ ကို ဘက်ပြောင်းသွားခဲ့ပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်နိုင်ရင် ၅၉(စ) ကို လည်း ပြင်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေးမိခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ၅၉ (စ)ကိုပြင်ဖို့ လုပ်တဲ့ နေရာမှာ အမျိုးသားရေးစံ သမားတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေမှုကိုလည်း အနည်းငယ် လမ်းလွှဲလိုတဲ့ အတွက် ၄၃၆ ဘက်ကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

အခုဆို ပုဒ်မ ၄၃၆ ကို ပြင်ပေးဖို့ အတွက် လူထုဟောပြောပွဲလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်အပေါ် စိန်ခေါ်တဲ့ မိန့်ခွန်းတွေ ပြောခဲ့တာ ကိုမင်းကိုနိုင်က လူတွေကို လမ်းပေါ် ပြည့်အောင် လုပ်နိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တာတွေဟာ နိုင်ငံရေးကို ချဉ်းကပ်တဲ့ နေရာမှာ မပါးနပ်ဘူးလို့ ဆိုရမှာပါ။ တစ်နည်းအားဖြင့် လူထုအားနဲ့ လက်ရှိအစိုးရနဲ့ တပ်မတော်အပေါ် ၄၃၆ ကိုပြင်ပေးရင် ပြင်ပေး။ မပြင်ပေးရင် ထိပ်တိုက်တွေ့ဆုံတော့မယ်လို့ ခြိမ်းခြောက်လိုက်တာပါပဲ။ ဒါပေမဲ့ ဒီနည်းလမ်းဟာ ယနေ့ခေတ် ယနေ့ အချိန်အခါနဲ့ အလုပ်ဖြစ်ပါ့မလား ဆိုတာ သေချာစဉ်းစားဖို့ လိုပါတယ်။ လူတွေလမ်းပေါ်ထွက်လာမှာကို လက်ရှိအစိုးရ အနေနဲ့ မလိုလားဘူး ဆိုတာ သမ္မတဦးသိန်းစိန်ပြောခဲ့တဲ့ စကားတွေမှာ ပေါ်လွင်နေပါတယ်။ အခြေခံဥပဒေကို ပြင်ပါ။ သို့သော် လွှတ်တော်ထဲကပဲ ပြင်ပါလို့ သမ္မတက ပြောခဲ့ပါတယ်။ ပြင်ဖို့ အတွက်လည်း လွှတ်တော်ထဲမှာ ကော်မတီတွေဖွဲ့ပြီး လုပ်ဆောင် ခဲ့ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် လက်ရှိအစိုးရဘက်က အခြေခံဥပဒေကို ပြင်ဖို့ လွှတ်တော် တွင်းက ပဲ ဆောင်ရွက်စေချင်တာကို မြင်ရပါလိမ့်မယ်။

တကယ်လို့ လူတွေ လမ်းပေါ်တက်အောင်လုပ်ပြီး အခြေခံဥပဒေကို ရပ်ဆိုင်းအောင်လုပ်မယ်ဆိုဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ကျွန်တော်တို့ ၈၈ ကိုပြန်ကြည့်ရပါ့မယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းမှာ ၈၈၈၈ လေးလုံးဆန္ဒပြပွဲကြီးက အကြီးကျယ်ဆုံး လူထု တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၈၈ ကနေဘာတွေရလိုက်သလဲ။ အပြစ်မဲ့ ပြည်သူတွေရဲ့ သွေးတွေ။ ဖြူစင်တဲ့ ကျောင်းသားလေးတွေရဲ့ သွေးတွေမြို့ထဲ လမ်းမပေါ်တွေမှာ ရဲရဲတောက်ကျန်ခဲ့တာပဲ ရှိခဲ့ပါတယ်။ ခေါင်းဆောင်တွေ ထောင်ကျ။ ထွက်ပြေးသူက ပြေးနဲ့ နောက်ဆုံးလိုချင်တာမရဘဲ တိုင်းပြည်က နှစ် နှစ်ဆယ်လောက် ဒီမိုကရေစီနဲ့ ဝေးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း စက်သုံးဆီတွေ ဈေးတက်မှုကနေ အစပြုခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးဟာလည်း ပေးဆပ်မှုတွေများခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး။ ဒီကနေ့ အရပ်သားအစိုးရနဲ့ ဒီမိုကရေစီ အခင်းအကျင်းဟာ ၈ လေးလုံး ရဲ့ အသီးအပွင့်လို့မှတ်ယူလိုက်ရင် မှားပါလိမ့်မယ်။ ၈ လေးလုံးဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ အချိန်မှ ယနေ့လို နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်လာတာဟာ ၈ လေးလုံးကြောင့် ဟုတ်ပါ့မလား။ ဒါမှမဟုတ် အာဏာရှိသူတွေရဲ့နိုင်ငံရေး အပြောင်းအလဲ တစ်ခုလားဆိုတာ သေချာပြန်စဉ်းစားဖို့ လိုပါတယ်။ အာဏာရှိခဲ့သူတွေဘက်ကဆန္ဒသာ မရှိရင် ယနေ့နိုင်ငံရေးအခင်းအကျင်းမှာ ၈ လေးလုံးက ဒီမိုကရေစီ သူရဲကောင်းတွေပါလာစရာ အကြောင်းမရှိပါဘူး။ လူထုနည်းနဲ့ ဒီမိုကရေစီအတွက်တိုက်ခဲ့ပြီးပါပြီ။

ဒါပေမဲ့ ဒါက အလုပ်မဖြစ်ခဲ့ဘူးဆိုတာ ပညာတတ်လာတဲ့ ပြည်သူတွေ နားလည်လာကြပါပြီ။ လူထု တိုက်ပွဲဆိုတာ အရင်းအနှီးကြီးပါတယ်။ ကိုယ်အာဏာရဖို့ အတွက် လူထုကို အသုံးချမယ်လို့ စဉ်းစားခဲ့ရင် ဒါဟာ နိုင်ငံအပေါ် စေတနာမရှိသူတို့ရဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ ၈လေးလုံးကို ကြုံခဲ့ဖူးတဲ့ ပြည်သူတွေဟာဒုတိယမြောက် ၈ လေးလုံးကို ပြန်မဖြစ်ချင်ကြတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ သူ့ ဖခင်အနေနဲ့တပ်မတော်အပေါ် ဘယ်လောက်သံယောဇဉ် ကြီးလဲဆိုတာ သမီးတစ်ယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကောင်းကောင်းသိမှာပါ။ ဒီလိုပဲ တပ်မတော်သားတွေရဲ့ ဘ၀ကိုလည်း ကောင်းကောင်းသိမယ်လို့ ထင်ပါတယ်။လူထုဟောပြောပွဲမှာ တပ်မတော်က အခွင့်ထူးခံသဘောမျိုး ပြောပြီး တပ်ကို စိန်ခေါ်ခဲ့တာဟာ ခုချိန်မှာရွေးရမဲ့ လမ်းလို့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဘာကြောင့်ထင်သွားရတာပါလဲ။ 

တပ်ဟာ အရပ်သားအစိုးရ လက်ထဲကို အာဏာထည့်ပြီး အုပ်ချုပ်သူ လူတန်းစားတစ်ရပ်ကနေ အာဏာကို စွန့်လွှတ်ဖို့ကြိုးစားနေတာ နိုင်ငံရေး ရင့်သန်သူတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သိမှာပါ။ ဒါပေမဲ့ ဘာလို့ အခြေခံဥပဒေ ပြင်ရေးနဲ့ ပတ်သက်ပြီး တပ်ကို စိန်ခေါ်ခဲ့သလဲဆိုတာ သုံးသပ်ရရင်အဓိက က အချိန်ပါ။ အသက်အရွယ်အရ သမ္မတဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၅ သမ္မတဖြစ်မှ ဖြစ်ပါလိမ့်မယ်။ ၂၀၁၅ အလွန်မှာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်လဲ လောကြီးစွာနဲ့ ၄၃၆ ကိုပြင်ဖို့ကို တပ်နဲ့ ထိပ်တိုက်တွေ့ပြီး ဖိအားပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ထိပ်တိုက်တွေ့လို့ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲက သက်သေပါပဲ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့လည်းအငြိုးကြီးပြီး သဘောထားမကြီးခဲ့မှုကြောင့် အာဏာမရခဲ့တဲ့ အပြင် နှစ် ၂၀ လောက် တိုင်းပြည်ပါ နစ်နာခဲ့ရပါတယ်။ ဒါဟာ တပ်ကို ထိပ်တိုက်တွေ့ခဲ့မှုအတွက် ခံစားလိုက်ရတာပါပဲ။ တပ်အနေနဲ့ အာဏာ ပြန်သိမ်းလာမလားဆိုတဲ့ မေးခွန်းကတော့ သိပ်မဖြစ်နိုင်ပါဘူး။

နှစ် ၂၀ ကျော် နိုင်ငံတကာရဲ့ ဖိအားဒဏ်ကို တုန့်ပြန်ပြီး အုပ်ချုပ်လာတဲ့ တပ်က ပင်ပန်းနေပါလိမ့်မယ်။ ဒါကြောင့်လည်း မြန်မာ့နိုင်ငံရေးကနေ ဆုတ်ခွာတော့မယ်လို့ ယတိပြတ်ဆုံးဖြတ်ပြီး ယနေ့လို အခင်းအကျင်းတစ်ခု ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာပြောစရာရှိတာက တပ်အနေနဲ့ ဆုတ်ခွာတဲ့ နေရာမှာ စနစ်တကျနဲ့ ဖြေးဖြေးချင်း ဆုတ်ခွာနေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသက်အရွယ်အရရော၊ နိုင်ငံတကာက ပံ့ပိုးပေးနေတဲ့ ဖိအားဒဏ်တွေကြောင့်တပ်ရဲ့ ဆုတ်ခွာမှု နှေးကွေးနေတာကို စိတ်မရှည်နိုင်တာ ဖြစ်ပါတယ်။ ပြောရရင် ယနေ့နိုင်ငံရေး အခင်းအကျင်းကို တပ်ကနေ စီမံခဲ့ပြီးမှ အစကနေ ပြန်စရမဲ့ အဖြစ်မျိုးကို တပ်အနေနဲ့လည်း မဖြစ်ချင်တော့တာသေချာပါလိမ့်မယ်။

အချုပ်ဆိုရရင် လူထုအုံကြွနည်းနဲ့ တပ်ကို ထိပ်တိုက်တွေ့နည်းဟာ ပြီးခဲ့တဲ့ သင်ခန်းစာတွေအရ အောင်မြင်မှု မရှိခဲ့ဘူးဆိုတာကို တွေ့ရမှာပါ။ ဒါ့အပြင် ပညာတတ်လာတဲ့ ပြည်သူတွေကြောင့်တစ်ကြောင်း၊ ၄၃၆ ကိုပြင်ပြီး ၅၉(စ) ကို ပြင်ဖို့ ကြိုးစားနေမှုအပေါ် မလိုလားတာဟာ အစိုးရတင်မဟုတ်ဘဲ အမျိုးသားရေးအင်အားစုတွေလည်းရှိနေတယ်ဆိုတာက တစ်ကြောင်း၊ ဒီမိုကရေစီစံနဲ့ အမျိုးသားရေးစံအကြားအားပြိုင်မှုတွေကြောင့် ၈ လေးလုံးလို ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမျိုး ယနေ့အချိန်မှာ မရနိုင်တော့တာက တစ်ကြောင်း လွှတ်တော်ပြင်ပနည်းနဲ့ ပြင်ဖို့ လုပ်ဆောင်မှုက အောင်မြင်စရာ မရှိသလိုလူထုတစ်ရပ်လုံးအနေနဲ့လည်း လိုက်ပါနိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ဆွေးနွေးလိုက်ပါတယ်။

သီဟမြင့်အောင်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။