/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 5, 2014

.

၁၂၆ သိန်းနဲ့ ရောင်းချနိုင်မည့် အရစ်ကျအိမ်ယာစီမံကိန်းတည်ဆောက်မည်



အရစ်ကျစနစ်ဖြင့် ရောင်းချမည့် တိုက်ခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း တစ်ခု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီးပွားရေး တက္ကသိုလ်အနီး အမှတ် (၂) လမ်းမကြီးပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း December Construction Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


အဆိုပါ အိမ်ရာတွင် မြေညီထပ် အပါအဝင် ခြောက်ထပ် အဆောက်အအုံ ၃၅ လုံးကို တည်ဆောက်မည် ဖြစ်ပြီး အခန်းတိုင်းတွင် အိပ်ခန်းနှစ်ခန်း ပါဝင်မည် ဖြစ်ပြီး မြေညီထပ်တွင် ထပ်ခိုး ပါဝင်ကြောင်း၊ မြေညီထပ် တစ်ခန်းလျှင် ကျပ် သိန်း ၃၅၀ သတ်မှတ်ထားပြီး အမြင့်ဆုံး အပေါ်ထပ် တိုက်ခန်း တစ်ခန်းလျှင် ၁၂၅ သိန်းကျပ်ဖြင့် လတ်တလော သတ်မှတ်ထားကြောင်း၊ အခန်းတိုင်း၏ အကျယ်အဝန်းမှာ စတုရန်း ပေ ၆၀၀ ကျယ်ဝန်းကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။

အဆိုပါ အိမ်ရာကို ဒီဇင်ဘာ သီရိဂေဟာမြို့တော် (December Thiri Gayhar City) ဟု အမည်ပေးထားပြီး တိုက်ခန်းများကို တစ်နှစ်ခွဲ အချိန်ယူကာ တည်ဆောက်မည် ဖြစ်ကြောင်း၊ လူနေခန်းများကို ဖေဖော်ဝါရီလမှ စတင်ကာ အရစ်ကျ စနစ်ဖြင့်သာ ဝယ်ယူနိုင်ရုံသာမက လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ အရစ်ကျ စနစ်ဖြင့် ဝယ်ယူလိုပါက ကနဦးတွင် ၃၅ ရာခိုင်နှုန်းကို ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေကြေး ပမာဏကို ၁၈ လအတွင်း ပေးချေရမည် ဖြစ်ကြောင်း၊ လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူမည် ဆိုပါက တိုက်ခန်း တန်ဖိုးကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တိုက်ခန်း ဈေးနှုန်းတွေက ဈေးသင့်တော့ စိတ်ဝင်စားလို့ လာကြည့်တာ။ လူတော်တော် များများလည်း ဝယ်ဖြစ်မှာပါ” ဟု ရန်ကင်း မြို့နယ်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ခန့် အမျိုးသမီးကြီး တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာ သီရိဂေဟာ မြို့တော် အိမ်ရာတွင် စာသင်ကျောင်း၊ ဓမ္မာရုံ၊ ဈေးဝယ်စင်တာ၊ အပန်းဖြေရန် နေရာနှင့် ကားပါကင်များ အပြင် အိမ်ရာအတွင်း သွားလာနိုင်မည့် ယာဉ်လိုင်းတစ်ခု စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ အိမ်ရာ တိုက်ခန်းများကို တိုက်ခန်း ဆောက်လုပ်ချိန်မှ စတင်၍ တစ်နှစ်ရှစ်လ အကြာတွင် အခန်းများကို ဝယ်ယူသူများထံ ပေးအပ်မည် ဖြစ်ပြီး လက်ငင်းငွေချေ ဝယ်ယူသူများကိုမှု တစ်နှစ်ခြောက်လ အကြာတွင် ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။

အဆိုပါ အိမ်ရာ၏ တိုက်ခန်းများကို ရွှေဂုံတိုင် လမ်းမရှိ ရွှေဂုံတိုင် ဟိုတယ်တွင် ဖွင့်လှစ်ထားသော December Thiri Gayhar City Showroom တွင် လျှောက်လွှာတင်ကာ ဝယ်ယူနိုင်ကြောင်း အဆိုပါ ကုမ္ပဏီ ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။