/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 26, 2013

.

အာဏာပိုင်များသည် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အာဏာပိုင်များဖြစ်သော ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်အုပ်ချုပ်ရေး အာဏာပိုင်များသည် တိုင်းဒေသကြီးအဆင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အား နည်းနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညို ညိုသင်းက ဝေဖန်ပြောကြားသည်။


စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ''နိုင်ငံတော် သမ္မတ၏ ၂၆/၂/၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အ မိန့်ကြော်ငြာစာအရ ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ ဖွဲ့စည်းထားသည့် ရပ်ကွက်၊ မြို့ နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီတွေ ပိုမိုသက်ဝင် လှုပ်ရှားဖို့အတွက် လိုအပ်သော လမ်းညွှန်လက်စွဲ (သို့မဟုတ်) အမိန့် ညွှန်ကြားချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ထုတ်ပြန် ပေးဖို့ ရှိ၊ မရှိ'' မေးခွန်းမေးမြန်းရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူများ၏ ဆန္ဒကို အနီးကပ် ကြားသိနေရသည့် ကိုယ်စားလှယ်များ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်များကို တင်ပြသည့် အခါ၌ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရကြောင်း၊ ၎င်းတို့ ပြောလေ့ပြောထ ရှိသော အသံများသည် ''ကျွန်တော်တို့ကို ဘာအမိန့်မှ မပေးထားဘူး။ ညွှန်ကြားချက် ဘာမှမရှိဘူး။ ကျွန် တော်တို့လည်း ဘာမှမသိရဘူး'' စသည်ဖြင့် လက်သုံးစကားလို ဖြစ်နေကြောင်း၊ ဥပမာအားဖြင့် ပြောရမည် ဆိုပါက ယခုပြုလုပ်နေသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မိမိမေးမြန်းခဲ့သည့် ရွှေပြည်သာ မြို့ နယ်မှ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအား အများပြည်သူများက မဲပေး၍ ရွေးချယ်ထားမှုကို လေးလမှ ခြောက်လတွင်း တိုင်အောင် ခန့်အပ်ခဲ့ခြင်း မရှိ၍ မြို့နယ် အုပ်ချုပ်ရေးမှူးအား အရေးယူရန် ရှိ၊ မရှိ မေးမြန်း မှုအား ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက အရေးယူရန် မရှိဟု ပြန်လည် ဖြေကြား ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

''ဖြေကြားချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူလူထု ဆန္ဒကို တင်ပြသည့် အခါတိုင်းမှာ အစိုးရဌာနဆိုင်ရာဘက်က မိမိသားသမီးကို မိမိကာကွယ်မယ်ဆိုတဲ့ ဖခင်စိတ်နဲ့ အမြဲတမ်း ကာကွယ်နေမယ် ဆိုရင်တော့ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ရပ်ကွက်၊ မြို့နယ် အဆင့် မှာရှိတဲ့ အာဏာပိုင်များ ဆက်ဆံရေးဟာ ပြေလည်စရာ အကြောင်းဟာ တော်တော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်'' ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

မိမိတို့သည် တစ်ဦးတည်း တစ်ယောက်တည်း အုပ်ချုပ်သည့် စနစ်ကို မကြိုက်၍ ထိန်းကြောင်းရန်ဆိုသည့် ဒီမိုကရေစီ စနစ်သစ်ကို သွားနေသည့် အချိန်တွင် ထိန်းကျောင်းရန် ယန္တရားတစ်ရပ် အနေဖြင့် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် အမိန့်ထုတ်ပြန် ထားကြောင်း၊ အဆိုပါ အမိန့် ကြေညာချက်တွင် ကျေးရွာ၊ ရပ် ကွက်၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု ကော်မတီများ၊ တာဝန်ပေးအပ်ခြင်း ကိစ္စများ ပါဝင်ပြီး ရှင်းလင်း ဖော်ပြထားကြောင်း၊ သို့သော် ယင်းအမိန့် ကြော်ငြာစာအား ကျေးရွာ၊ ရပ်ကွက်အဆင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်ဆီသို့ မရောက်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ ဖွဲ့နေသည့် အချိန်၌ပင် မြို့နယ် အုပ်ချုပ်ရေးမှူးများက လျို့ဝှက်အနေဖြင့် သိမ်းထားရသည့် စာတမ်း ဖြစ်နေကြောင်း၊ မိမိအနေဖြင့် အံ့သြမှု ဖြစ်ပေါ်ရကြောင်း၊ သမ္မတရုံးဝက်ဘ်ဆိုဒ် တရားဝင် ဖော်ပြထားသည့် ယင်းအမိန့် ကြော်ငြာစာကို ရရှိထားသော ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက လျို့ဝှက် သိမ်းထားရသည့် အနေ အထားမျိုးသည် ပွင့်လင်းမြင်သာမှု နည်းပါးနေသည်ကို တွေ့ရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ဝေဖန်ပြောကြားသည်။

ထိုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ မေးမြန်းပြောကြား မှုများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါအတိုင်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများအား ရပ်ကွက်၊ ကျေးရွာများအထိ တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းအမိန့် ကြေညာ ချက်၌ ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် ညွှန်ကြားချက်များကို ပါဝင်ပြီး ဖြစ်သည့်အတွက် သီးခြားလိုအပ်သော ကော်မတီ လမ်းညွှန်လက်စွဲ (သို့မဟုတ်) အမိန့်ညွှန်ကြားချက် ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ သီးခြားညွှန်ကြား လာမှသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းကော်မတီများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဖွဲ့စည်း ဆောင်ရွက်ထားခြင်း ဖြစ်သည့် အတွက် မိမိတိုင်းဒေသကြီး တစ်ခုတည်းမှ သီးခြားထုတ်ပြန် ကြေညာ၍ မရကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြန်လည်ရှင်းလင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။